မလေးရှားက ရက္ခိုင်လူငယ်တွေ ကျင်းပတဲ့ ရန်ပုံငွေ ဘောလုံးပြိုင်ပွဲက စစ်ဘေးရှောင်တွေအတွက် ကျပ် ၁၇၅ သိန်း ရ

အာရက္ခတိုင်းမ်စ် (၁၂ နိုဝင်ဘာ ၂၀၂၆)

မလေးရှားနိုင်ငံရောက် အိမ်ကြီးရက္ခိုင်မျိုးဆက်သစ်လူငယ်ပရဟိတအသင်းနဲ့ SUNWAY-FC ဘောလုံးအသင်းတို့ ပူးပေါင်းဦးဆောင်တဲ့ ရန်ပုံငွေရှာဖွေရေး ဘောလုံးပြိုင်ပွဲကို နိုဝင်ဘာလ ၁၀ ရက်မှာ မလေးရှားနိုင်ငံ၊ ဂျိုဟိုးမြို့မှာ ကျင်းပခဲ့ပြီး မြန်မာငွေကျပ် ၁၇၅ သိန်း ရရှိခဲ့ကြောင်း သိရပါတယ်။

ရရှိခဲ့တဲ့ငွေကို ရက္ခိုင်ပြည်က စားဝတ်နေရေး အခက်အခဲ ကြုံနေရတဲ့ စစ်ဘေးရှောင်တွေကို အိမ်ကြီးရက္ခိုင်မျိုးဆက်သစ်လူငယ်ပရဟိတအသင်းက ဦးဆောင်ပြီး တိုက်ရိုက်လှူဒါန်းသွားမယ်လို့ သိရပါတယ်။

ဒီပြိုင်ပွဲက အဲဒီအသင်းနှစ်သင်း တည်ထောင်တာ တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပတာဖြစ်ပြီး ရက္ခိုင်လူငယ် အမျိုးသားဘောလုံးအသင်း ၂၈ သင်းနဲ့ အမျိုးသမီးအသင်း ၃ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြတယ်လို့ SUNWAY-FC ဘောလုံးအသင်းထံက သိရပါတယ်။

ပြိုင်ပွဲမှာ အမျိုးသားအသင်းတွေထဲက ပထမဆု မလေးရှားငွေ ၇,၀၀၀ ရင်းဂစ်ကို 528 Brother-FC အသင်း၊ ဒုတိယဆု ၅,၀၀၀ ရင်းဂစ်ကို RAKHA BYALA-FC အသင်းနဲ့ တတိယဆု ၃,၀၀၀ ရင်းဂစ်ကို လခြင်းမြေ-FC အသင်းတို့ ရရှိခဲ့ကြပြီး အမျိုးသမီးအသင်း ပထမဆု ၁,၀၀၀ ရင်းဂစ်ကို ဝံလက်ငှက်ချေအသင်းက ရရှိခဲ့ပါတယ်။

UNHCR ရဲ့ အောက်တိုဘာလ ၂၀၂၆ စာရင်းအရ ရက္ခိုင်ပြည်မှာ စစ်ဘေးရှောင် ၅၀၇,၈၀၀ ဦး ရှိပါတယ်။

Related posts

၃လအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေမှာ ရက္ခိုင်က အရပ်သား ၇၇ ဦး သေဆုံးပြီး တစ်နိုင်ငံလုံး အများဆုံးလို့ NLTA ဖော်ပြ

ဘူးသီးတောင်က ရွာ ၉ ရွာရှိ အိမ်ထောင်စု ၃၇၅ စုကို စိုက်ပျိုးရေးမျိုးစေ့တွေ ခရိုင်ပါတီကော်မတီ ထောက်ပံ့

စစ်လော်ဘီချန်နယ်တွေက ရက္ခိုင်ကို ဒရုန်းနဲ့ တိုက်ခိုက်တယ်ဆိုတဲ့ ဗီဒီယိုတွေကို ရက်စွဲအမျိုးမျိုးတပ် တင်နေ