အာရက္ခတိုင်းမ်စ် (၁၂ နိုဝင်ဘာ ၂၀၂၆)
၂၀၂၆ ခုနှစ် ဇူလိုင်ကနေ စက်တင်ဘာလအထိ ၃ လအတွင်း နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီနဲ့ အမည်မသိလက်နက်ကိုင်အဖွဲ့တွေကြောင့် အရပ်သားတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ် ၂၃ ကြိမ်ဖြစ်ပွားခဲ့ပြီး အရပ်သား စုစုပေါင်း ၂၀၇ ဦး သေဆုံးခဲ့ကြောင်း Nyan Lynn Thit Analytica (NLTA) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
NLTA ရဲ့ စာရင်းအရ ဒီဖြစ်စဉ်တွေထဲက စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုက ၁၃ ကြိမ်နဲ့ အများဆုံးဖြစ်ပြီး စစ်ကြောင်းထိုးဝင်ရောက်စဉ် သတ်ဖြတ်မှုက ၃ ကြိမ် ရှိခဲ့ပါတယ်။
ဒေသအလိုက် သေဆုံးမှုမှာ ရက္ခိုင်က အရပ်သား ၇၇ ဦးနဲ့ အများဆုံးဖြစ်ပြီး စစ်ကိုင်း ၃၆ ဦးက ဒုတိယ၊ မန္တလေး ၂၂ ဦးက တတိယ ဖြစ်တယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၂၈ ရက်မှာ ရက္ခိုင်ပြည်၊ ကျောက်တော်မြို့ရဲ့ လူစည်ကားရာ အိန္ဒိယဈေးနဲ့ ကစ္ဆပနဒီတံတား အနီးဝန်းကျင်ကို စစ်ကောင်စီက တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၅၀ ဦးအထိ သေဆုံးပြီး ၅၇ ဦး ဒဏ်ရာရခဲ့တယ်လို့ NLTA က ဖော်ပြထားပါတယ်။
ဒီဖြစ်စဉ်ဟာ ဒီကာလအတွင်း နိုင်ငံတစ်ဝန်း အရပ်သားအများဆုံး သေဆုံးခဲ့တဲ့ ဖြစ်စဉ်တစ်ခုအဖြစ် ဖော်ပြထားပါတယ်။
NLTA က ဒီစာရင်းကို လွတ်လပ်တဲ့ သတင်းမီဒီယာ ၄၃ ခုနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေကို အခြေခံပြီး စောင့်ကြည့် မှတ်တမ်းတင်ထားတာလို့လည်း ဆိုပါတယ်။