၃လအတွင်း စစ်ကောင်စီတိုက်ခိုက်မှုကြောင့် သက်ကြီးရွယ်အို ၄၉ ဦး သေဆုံးပြီး ရက္ခိုင်ပြည်မှာ ၁၄ ဦးနဲ့ အများဆုံးလို့ AAPP ထုတ်ပြန်

အာရက္ခတိုင်းမ်စ် (၁၃ နိုဝင်ဘာ ၂၀၂၆)

၂၀၂၆ ဩဂုတ်လ ၁ ရက်ကနေ နိုဝင်ဘာလ ၁၂ ရက်အထိ သုံးလကျော်ကာလအတွင်း နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် အသက် ၆၅ နှစ်နဲ့အထက် သက်ကြီးရွယ်အို ၄၉ ဦး သေဆုံးခဲ့ကြောင်း၊ ရက္ခိုင်ပြည်မှာ ၁၄ ဦးနဲ့ သေဆုံးမှု အများဆုံးဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ခဲ့ပါတယ်။

AAPP ရဲ့ ထုတ်ပြန်ချက်အရ အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တဲ့ သေဆုံးသူ သက်ကြီးရွယ်အို ၄၉ ဦးမှာ အမျိုးသမီး ၂၇ ဦးနဲ့ အမျိုးသား ၂၂ ဦး ပါဝင်ပါတယ်။

ရက္ခိုင်ပြည်ပြီးရင် မကွေးတိုင်းဒေသကြီးက ၁၃ ဦးနဲ့ ဒုတိယအများဆုံး ဖြစ်ပြီး သေဆုံးသူ ၄၉ ဦးအနက် ၄၅ ဦးက စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အဓိက သေဆုံးခဲ့တာလို့ ဆိုပါတယ်။

AAPP က ဖော်ပြတဲ့ ဖြစ်စဉ်တစ်ခုအနေနဲ့ နိုဝင်ဘာလ ၁ ရက် နံနက်အစောပိုင်းမှာ ရက္ခိုင်ပြည်၊ ဝီရဌာနီမြို့နယ်၊ ရွာချောင်းကြီးကျေးရွာကို စစ်ကောင်စီရဲ့ မကွေးလေတပ်ကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သက်ကြီးအမျိုးသား ဦးဒါအောင်ကျော်အပါအဝင် ပြည်သူ ၅ ဦးခန့် ဒဏ်ရာရခဲ့ပါတယ်။

ဦးဒါအောင်ကျော်က ဒဏ်ရာပြင်းထန်လို့ ဆေးရုံပို့ဆောင်စဉ် လမ်းမှာပဲ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

AAPP က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်အထိ စစ်ကောင်စီနဲ့ သူ့ရဲ့ ထောက်ခံသူတွေကြောင့် သေဆုံးခဲ့တဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ ပြည်သူ စုစုပေါင်း ၈,၆၇၉ ဦး ရှိပြီဖြစ်ကြောင်း၊ ဖမ်းဆီးခံရသူ ၃၂,၃၅၄ ဦးအနက် ထိန်းသိမ်းခံနေရဆဲ ၁၅,၁၉၅ ဦးနဲ့ အတည်ပြုရန်လိုအပ်နေသူ ၇,၇၂၆ ဦး ရှိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ဒီကိန်းတွေက AAPP လက်လှမ်းမီသမျှ ကောက်ယူထားတာဖြစ်ပြီး မြေပြင်မှာ ပိုများနိုင်တယ်လို့ AAPP က ဆိုပါတယ်။

Related posts

စစ်တွေဒေသခံတွေ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့အတူ ဝင်ငွေမလောက်ဖြစ်နေ

မြောက်ဦးကို စစ်ကောင်စီ ဗုံးလာကြဲ၊ ပြည်သူ ၃ ဦးသေ လို့ ကနဦး သိရ

M League II မှာ ရခိုင်ယူနိုက်တက်က Enjoy Brother ကို ၇-၁ နိုင်၊ ထွန်းနိုင်စိုး ၄ ဂိုးသွင်းပြီး AYA Pay ပွဲစဉ်အကောင်းဆုံးဆုရ