အာရက္ခတိုင်းမ်စ် (၁၃ နိုဝင်ဘာ ၂၀၂၆)
ရက္ခိုင်ပြည်၊ မြောက်ဦးမြို့၊ ကြက်ဈေးရပ်ကွက်က အရပ်သားတွေ နေထိုင်ရာကို စစ်ကောင်စီတပ်က မနေ့က နိုဝင်ဘာလ ၁၂ ရက် ည ၈ နာရီ ၅၀ မိနစ်ခန့်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက် ၂၃ နှစ်အရွယ် တက္ကသိုလ်တတိယနှစ်ကျောင်းသူနဲ့ အသက် ၂၀ နှစ်အရွယ် အမျိုးသားတစ်ဦး စုစုပေါင်း ၂ ဦး မြေပြင်မှာပဲ သေဆုံးခဲ့ကြောင်း သိရပါတယ်။
ဒီဗုံးကြဲမှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၈ ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး လူနေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းအဆောက်အအုံတွေ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဒဏ်ရာရသူတွေကိုတော့ လက်ရှိမှာ အရေးပေါ် ဆေးကုသမှု ခံယူနေကြတယ်လို့ ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
နိုဝင်ဘာလ ၁ ရက်မှာလည်း မြောက်ဦးမြို့မှာ ယာယီဆေးခန်းနဲ့ သားဖွားဌာနကို စစ်ကောင်စီက ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တစ်ဦးအပါအဝင် ငါးဦး သေဆုံးပြီး ကိုးဦး ဒဏ်ရာရခဲ့ကြောင်း AA ထုတ်ပြန်ခဲ့ပါတယ်။
အလားတူ နိုဝင်ဘာလ ၅ ရက် ညကလည်း မြောက်ဦးမြို့နယ်၊ နန်းကျားရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစီးနဲ့ ပေါင် ၅၀၀ ဗုံးတလုံး ကြဲချတိုက်ခိုက်ခဲ့လို့ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး သီဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။