အာရက္ခတိုင်းမ်စ် (၁၆ နိုဝင်ဘာ ၂၀၂၆)
ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် (CPU/CPA) က ဖွဲ့စည်းတည်ထောင်တာ ၁ နှစ်ပြည့်တဲ့ နိုဝင်ဘာလ ၁၅ ရက်မှာ ထုတ်ပြန်ကြေညာချက် ထုတ်ပြန်ပြီး ဒီကနေ့အထိ ဘက်ပေါင်းစုံကနေ ကူညီပေးနေတဲ့ မဟာမိတ် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ကို လိုက်လိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ပါတယ်။
ထုတ်ပြန်ချက်အရ CPU/CPA က လက်ရှိမြေပြင်မှာ အတူတကွ တိုက်ပွဲဝင်နေတဲ့ ညီနောင်တော်လှန်ရေးမဟာမိတ်အဖွဲ့အစည်း အားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ဖော်ပြထားပါတယ်။
CPU/CPA က စစ်အာဏာရှင်စနစ်အပြင် မည်သည့်အာဏာရှင်စနစ်မဆို ချုပ်ငြိမ်းရေး၊ ချင်းပြည်သူလူထုရဲ့ မွေးရာပါအခွင့်အရေးဖြစ်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး၊ အမျိုးသားတန်းတူရေးနဲ့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်ဖို့ စတင်ထူထောင်ဖွဲ့စည်းခဲ့တာ ၁ နှစ်ပြည့်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ထုတ်ပြန်ချက်မှာ တော်လှန်ရေးကာလအတွင်း အသက်ပေးလှူသွားတဲ့ အာဇာနည်ရဲဘော်တွေ၊ ကိုယ်လက်အင်္ဂါအစိတ်အပိုင်း ပေးလှူခဲ့ရတဲ့ ရဲဘော်ရဲမတွေ၊ လက်ရှိစစ်မြေပြင်မှာ ချင်းလူမျိုးရဲ့ ဘိုးဘွားပိုင်မြေကို ခုခံကာကွယ်နေတဲ့ CPA ရဲဘော်တွေနဲ့ အတူတိုက်ပွဲဝင်နေတဲ့ မဟာမိတ်ရဲဘော်တွေကိုလည်း ဂုဏ်ပြုထားပါတယ်။
ချင်းပြည်ကို ခုခံကာကွယ်နိုင်ဖို့ မြေပြင်ရဲဘော်တွေ၊ ထောက်ပို့ရဲဘော်တွေ၊ ကုသရေးတာဝန်ယူသူတွေနဲ့အတူ ငွေကြေး၊ အချိန်၊ လုပ်အားနဲ့ ပူးပေါင်းပါဝင်ကြတဲ့ ဒေသခံပြည်သူလူထုကို အထူးကျေးဇူးတင်ကြောင်း၊ ပြည်တွင်းပြည်ပက လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို ဆက်လက်ကူညီပံ့ပိုးပေးဖို့ မတ္တာရပ်ခံကြောင်းလည်း ဖော်ပြထားပါတယ်။
CPU/CPA က ရည်မှန်းချက်တူညီတဲ့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲပြီး စစ်ရေး၊ နိုင်ငံရေးလုပ်ငန်းစဉ်တွေကို အရှိန်အဟုန်နဲ့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှာ CPU/CPA ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေက ULA ရဲ့ ဖိတ်ကြားချက်နဲ့ ရက္ခိုင်ကို သွားရောက်ပြီး ULA/AA ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
CPU ရဲ့ ဧပြီလ ၂၀ ရက်ထုတ်ပြန်ချက်မှာ CPA က အရှေ့တောင်ချင်းပြည် မင်းတပ်၊ ကန်ပက်လက်မှာ စစ်ကောင်စီရဲ့ ထိုးစစ်ကို AA အပါအဝင် မဟာမိတ်တပ်တွေနဲ့အတူ တုံ့ပြန်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။