အာရက္ခတိုင်းမ်စ် (၁၆ နိုဝင်ဘာ ၂၀၂၆)
အာရက္ခတပ်တော်ရဲ့ တိုက်စစ်ကြောင့် သေဆုံးမှုတွေ များပြားနေတဲ့ ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ သစ်ဖြူကျေးရွာက ယာယီစခန်းတစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးဟာ သေနတ်တစ်လက်နဲ့အတူ ညပိုင်းအချိန်မှာ ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၁၅ ရက် ည ၈ နာရီဝန်းကျင်မှာ အဲဒီစခန်းက တပ်ဖွဲ့ဝင် ၃ ဦးဟာ လက်နက်ခဲယမ်းအချို့အပြင် သေနတ်တစ်လက်ကိုပါ ယူဆောင်ပြီး စခန်းကနေ စွန့်ခွာ ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။
ထွက်ပြေးသွားတဲ့သူတွေက တပ်သားသစ် (ပြည်သူ့စစ်သင်တန်းဆင်း) တွေဖြစ်ပြီး သက်ဆိုင်ရာတပ်ရင်းက အရာရှိတွေနဲ့ တာဝန်ရှိသူတွေက လိုက်လံရှာဖွေနေပေမယ့် နိုဝင်ဘာလ ၁၆ ရက် ညပိုင်းအထိ ပြန်လည် ဖမ်းဆီးမိတာ မရှိသေးဘူးလို့ သာပေါင်းမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
လက်ရှိမှာ ထွက်ပြေးသွားသူတွေရဲ့ ပုံတွေကို သုံးပြီး လမ်းပိုင်းက စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးရှာဖွေမှုတွေ တင်းကျပ်စွာ လုပ်ဆောင်နေတယ်လို့ လည်း သိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအထိ စစ်သား၊ ရဲနဲ့ တပ်သားသစ် ၂,၀၀၀ ကျော် ထွက်ပြေး၊ လက်နက်ချ၊ ဖမ်းမိခဲ့တယ်လို့ CDM ဘက်ပြောင်းသူတွေဖွဲ့ထားတဲ့ ပြည်သူ့ပန်းတိုင်က ဖော်ပြထားပါတယ်။
အောက်တိုဘာလ ၂၀ ရက်က အာရက္ခတပ်တော်ထံ အလင်းဝင်ရောက်လာတဲ့ ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်က စိုးမင်းသိန်းနဲ့ မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်က အောင်ကျော်နိုင်တို့က ကျန်နေတဲ့ စစ်မှုထမ်းတပ်သားတွေကိုလည်း မိသားစုနဲ့ ပြန်တွေ့ချင်ရင် AA ဆီ အလင်းဝင်လာကြဖို့ တိုက်တွန်းထားပါတယ်။