အာရက္ခတိုင်းမ်စ် (၁၇ နိုဝင်ဘာ ၂၀၂၆)
ခက်ခဲကြမ်းတမ်းတဲ့ တော်လှန်ရေးခရီးမှာ တတ်နိုင်သမျှကို အိမ်နီးနားချင်း၊ မိတ်ဖက်၊ ညီရင်းအစ်ကိုစိတ်ဓာတ်နဲ့ ဆက်လက်ကူညီပံ့ပိုးသွားမယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က ချင်းပြည်သူ့အစည်းအရုံး (CPU)/ချင်းပြည်သူ့တပ်မတော် (CPA) ဖွဲ့စည်းတည်ထောင်တာ ၁ နှစ်ပြည့်အခမ်းအနားသို့ ပေးပို့တဲ့ ဂုဏ်ပြုသဝဏ်လွှာမှာ ဖော်ပြခဲ့ပါတယ်။
ULA/AA က စစ်ကောင်စီရဲ့ ထိုးစစ်တွေမှာလည်း CPU/CPA နဲ့ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။
စစ်အာဏာရှင်စနစ်အပြင် မည်သည့်အာဏာရှင်စနစ်မဆို ချုပ်ငြိမ်းရေး၊ ချင်းပြည်သူလူထုရဲ့ မွေးရာပါအခွင့်အရေးဖြစ်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး၊ အမျိုးသားတန်းတူရေးနဲ့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးအတွက် CPU/CPA ရဲ့ စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်တွေ အမြန်ဆုံး အောင်မြင်နိုင်ပါစေလို့ ဆုတောင်းတယ်လို့ ဆိုပါတယ်။
CPU/CPA ရဲ့ စစ်ရေးစွမ်းရည်၊ တိုက်ခိုက်ရေးစွမ်းရည်မှာ အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရရှိခဲ့တာကို ဂုဏ်ယူတယ်လို့ ဆိုပြီး နည်းပညာခေတ်မှာ စစ်ရေးစွမ်းရည်ကို တစ်နိုင်ငံလုံးလောက်အတိုင်းအတာနဲ့ မြှင့်တင်ထားနိုင်မှသာ တော်လှန်ရေးမှာ ရှင်သန်ပြီး ရည်မှန်းချက်တွေ အထမြောက်နိုင်မယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
ဒါကြောင့် CPU/CPA ရဲ့ ဖွဲ့စည်းမှုအတွင်း စည်းကမ်းကောင်းပြီး အမိန့်နာခံမှုကောင်းတဲ့ တပ်မတော်၊ စစ်အင်အား၊ စစ်လက်နက်ခဲယမ်း၊ တစ်သွေးတစ်သံစစ်မိန့်နဲ့ စည်းလုံးညီညွတ်မှုတွေကို အကောင်းဆုံးတည်ဆောက်ထားကြဖို့ တိုက်တွန်းတယ်လို့ ဆိုပါတယ်။
တော်လှန်ရေးကာလအတွင်း အသက်ပေးလှူသွားတဲ့ ချင်းအာဇာနည်ရဲဘော်တွေ၊ ကိုယ်လက်အင်္ဂါအစိတ်အပိုင်း ပေးလှူခဲ့ကြတဲ့ ရဲဘော်ရဲမတွေနဲ့ လက်ရှိစစ်မြေပြင်မှာ ချင်းလူမျိုး၊ ချင်းပြည်သူလူထုအတွက် ခုခံကာကွယ်နေကြတဲ့ CPA ကို တန်ဖိုးထားလေးစားတယ်လို့ ဆိုပါတယ်။