အာရက္ခတိုင်းမ်စ် (၁၉ နိုဝင်ဘာ ၂၀၂၆)
၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်မှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)/ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ရဲ့ ဗိုလ်သင်တန်းကျောင်းကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ အသက်ဆုံးရှုံးခဲ့တဲ့ ဗိုလ်လောင်းတွေကို ဒီနေ့ ၁၂ နှစ်ပြည့်မှာ အာရက္ခတပ်တော် (AA) က သတိရဂုဏ်ပြုကြောင်းထုတ်ပြန်ခဲ့ပါတယ်။
AA က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ဌာနချုပ်နယ်မြေအတွင်း “ဝေကြိုင်ဘွမ်” ဗိုလ်သင်တန်းကျောင်းမှာ စစ်ပညာသင်ယူနေတဲ့ AA ဗိုလ်လောင်း ၈ ဦးနဲ့ အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့က ဗိုလ်လောင်းတွေ အပါအဝင် စုစုပေါင်းဗိုလ်လောင်း ၂၃ ဦးဟာ ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၉ ရက် နေ့ခင်း ၁၂ နာရီ ၄၅ မိနစ်ဝန်းကျင်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ သင်တန်းကျောင်းဝင်းအတွင်းမှာပဲ အသက်ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒီကနေ့ ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်ဟာ ဒီဗိုလ်လောင်းတွေ တိုင်းပြည်နဲ့ လူမျိုးအတွက် တာဝန်ထမ်းဆောင်ရင်း အသက်ပေးဆပ်ခဲ့တာ ၁၂ နှစ် ပြည့်မြောက်တဲ့နေ့ ဖြစ်တယ်လို့ ဆိုပါတယ်။
AA အနေနဲ့ နိုဝင်ဘာလ ၁၉ ရက်ရောက်တိုင်း ဗိုလ်လောင်းတွေ လဲလျောင်းရာ အာဇာနည်ကုန်းမှာ ပန်းခွေချ ဂါရဝပြုတာ၊ တပ်စခန်းတွေမှာ အောင်လံတစ်ဝက် လွှင့်တာတွေ ပြုလုပ်ပြီး နှစ်စဉ်နှစ်တိုင်း သတိရကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဗိုလ်လောင်းတွေနဲ့ ရက္ခိုင်အမျိုးသား တော်လှန်ရေး လှုပ်ရှားမှု ကာလတလျှောက် အသက်ပေးဆပ်ခဲ့တဲ့ စစ်သည်တော်တွေ၊ မိဘပြည်သူတွေကို အမြဲတမ်း သတိရမယ်လို့ ဆိုပြီး ရက္ခိုင်ပြည်သူလူထုရဲ့ ရရှိထားတဲ့ အောင်မြင်မှုအားလုံးဟာ ဒီလို အနစ်နာခံသူတွေနဲ့ တော်လှန်ရေးထဲမှာ ပုံစံမျိုးစုံနဲ့ ပါဝင်နေသူတွေကြောင့်လို့ ဖော်ပြထားပါတယ်။