နိုဝင်ဘာ ၂၃ ကနေ ၂၄ ရက်တွင် ရက္ခိုင်မြောက်ပိုင်း မိုးဖွဲကနေ မိုးကွက်ကျားရွာနိုင်

အာရက္ခတိုင်းမ်စ် (၁၉ နိုဝင်ဘာ ၂၀၂၆)

နိုဝင်ဘာလ ၂၃ ကနေ ၂၄ ရက်အတွင်း မုန်တိုင်း အကြွင်းအကျန် တိမ်တိုက်တွေဟာ အရှေ့မြောက်ဘက်ကို ရွေ့လျားပြီး ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယ အရှေ့မြောက် ဒေသတွေကို ဖြတ်ကျော်မှာဖြစ်လို့ ရက္ခိုင်ပြည် မြောက်ပိုင်း အပါအဝင် ချင်းပြည်နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းမှာ မိုးရိပ်မိုးတိမ်တွေ တိုးလာနိုင်တယ်လို့ သိရပါတယ်။

အဲဒီဒေသတွေမှာ မိုးတိမ်တွေ ပြန့်နှံ့လာတာကြောင့် နေရာကွက်ကျားကနေ နေရာကျဲကျဲအထိ မိုးရွာနိုင်ပေမယ့် နိုင်ငံ တောင်ပိုင်းဒေသတွေဘက်မှာတော့ မိုးရွာမှုတွေ စတင် အားလျော့ ကျဆင်းသွားမယ်လို့ မိုလေဝသပညာရှင် ဦးဝင်းနိုင်က ဆိုပါတယ်။

မုန်တိုင်း ကုန်းတွင်းဖြတ်သန်းချိန်ဖြစ်တဲ့ နိုဝင်ဘာလ ၂၃ ကနေ ၂၄ ရက်အတွင်း ရက္ခိုင်ကမ်းရိုးတန်း မြောက်ပိုင်းနဲ့ ချင်းတောင်တန်း ဒေသတွေပေါ်မှာ တိမ်ထူထပ်လာပြီး မိုးဖွဲကျတာ (သို့) မိုးကွက်ကျားရွာတာတွေ ရှိလာနိုင်တယ်လို့ ခန့်မှန်းပါတယ်။

ဒီ မိုးရွာသွန်းမှုတွေကြောင့် ရက္ခိုင်ပြည်၊ ချင်းပြည်နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းမှာ မြေပြိုတာ (သို့) ရေကြီးရေလျှံတာတွေ ဖြစ်ပွားနိုင်တဲ့ ဘေးအန္တရာယ် ရှိလာနိုင်ခြေ နည်းပါးတယ်လို့လည်း ခန့်မှန်းထားပါတယ်။

ဘေးအန္တရာယ်အဆင့် အနည်းငယ်သာရှိပေမယ့် ရက္ခိုင်မြောက်ပိုင်းနဲ့ ချင်းတောင်တန်းဒေသက ပြည်သူတွေအနေနဲ့ ရာသီဥတု ပြောင်းလဲမှုနဲ့ နေရာကွက်ကျား မိုးရွာနိုင်မှုတွေကို သတိပြု စောင့်ကြည့်သင့်တယ်လို့ ဦးဝင်းနိုင်က ဆိုပါတယ်။

Related posts

သာပေါင်းမှာ အလုပ်ကပြန်လာတဲ့ ရက္ခိုင်စစ်ရှောင် ၃ ဦးကို စစ်ကောင်စီက AA လို့ စွပ်စွဲပြီး ဖမ်းဆီး

လိုင်ဇာ ဗိုလ်သင်တန်းကျောင်းမှာ အသက်ဆုံးရှုံးခဲ့တဲ့ ဗိုလ်လောင်း ၈ ဦးအတွက် ၁၂ နှစ်ပြည့် AA  သတိရဂုဏ်ပြု

ပင်လယ်လိပ်တွေကို ထိန်းသိမ်းကာကွယ်ဖို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ထုတ်ပြန်