အနောက်ဘက်တံခါး လုံခြုံရေးအတွက် စိုးရိမ်ကြောင်း ALP ဥက္ကဋ္ဌ ပြော

အာရက္ခတိုင်းမ်စ် (၂၂ နိုဝင်ဘာ ၂၀၂၆)

လက်ရှိ ရက္ခိုင်ပြည်အတွင်း အုပ်ချုပ်ရေးယန္တရား နှစ်ခုဖြစ်ပေါ်နေတာနဲ့အတူ လူဦးရေ ကျဆင်းလာတာကြောင့် တိုက်ပွဲ ဖြစ်ပွားစရာမလိုဘဲ ရက္ခိုင်ပြည် ဆုံးရှုံးသွားနိုင်တဲ့ အနေအထားတွေ ရှိနေကြောင်း ရက္ခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ စောမြရာဇာလင်းက ပြောပါတယ်။

စောမြရာဇာလင်းက အစိုးရ အုပ်ချုပ်ရေးယန္တရားနဲ့ အာရက္ခတပ်တော် (AA) ရဲ့ အုပ်ချုပ်ရေးယန္တရားဆိုပြီး ပုံစံနှစ်မျိုး ဖြစ်ပေါ်နေလို့ စိုးရိမ်စရာ များစွာရှိတယ်လို့ ပြောပါတယ်။

ရက္ခိုင်ပြည်ရဲ့ အနောက်ဘက်တံခါးဖြစ်တဲ့ ဘူးသီးတောင်နဲ့ မောင်တောဒေသတွေမှာ အတိတ်က နယ်စပ်ဒေသ မတည်ငြိမ်မှုတွေ ဖြစ်ပွားခဲ့ဖူးသလို လက်ရှိမှာလည်း ဒေသခံပြည်သူတွေနဲ့ တိုင်းရင်းသားမိသားစုတွေ နေရပ်စွန့်ခွာမှုကြောင့် လူဦးရေ သိသိသာသာ နည်းပါးလာနေတယ်လို့လည်း သူက ဆိုပါတယ်။

စစ်တွေမြို့အပါအဝင် မြို့နယ်အသီးသီးမှာ လူဦးရေပေါက်ဖွားနှုန်း အလွန်အမင်း ကျဆင်းလာနေတယ်လို့ သူက သုံးသပ်ပြီး ဒီအခြေအနေတွေကို တိတိကျကျ သိရှိနိုင်ဖို့ ALP ပါတီအနေနဲ့ သန်းခေါင်စာရင်း ကောက်ယူသလို မြို့နယ်တိုင်းမှာ လူဦးရေစာရင်း ကောက်ယူဖို့ လက်မနှေးသင့်တော့ဘူးလို့ ဆိုပါတယ်။

အနောက်ဘက်တံခါး လုံခြုံရေးအားနည်းသွားရင် နိုင်ငံရဲ့ လုံခြုံရေးကို ထိခိုက်လာနိုင်လို့ အုပ်ချုပ်ရေးယန္တရားကို ကိုင်တွယ်နေကြတဲ့ တာဝန်ရှိသူတွေအနေနဲ့ ဘူးသီးတောင်နဲ့ မောင်တောဒေသ ကာကွယ်ရေးကို အထူးဂရုစိုက်ဆောင်ရွက်ဖို့ လိုနေပြီလို့ ALP ဥက္ကဋ္ဌက ပြောပါတယ်။

ALP က ၂၀၁၅ တစ်နိုင်ငံလုံးပစ်ခတ်တာရပ်စဲရေးစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။

Related posts

ရက္ခိုင်ပြည်ရဲ့ လက်ရှိအဓိကအာဏာပိုင် ULA/AA နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ SCEF ထုတ်ပြန်

ICJ စီရင်ချက်အပေါ် စစ်ကောင်စီနိုင်ငံခြားရေးဌာနရဲ့ တုံ့ပြန်ချက်ကို ထောက်ခံတယ်လို့ ရခိုင့်ဦးဆောင်ပါတီ ပြော

ဝီရဌာနီက နန်းတက်ကျွန်းရွာကို ဗုံးကြဲလို့ ကလေးငယ်အပါ ၄ ဦးသေဆုံး၊ ၉ ဦး ဒဏ်ရာရ