ICJ စီရင်ချက်က မူရင်းဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ထိခိုက်စေတယ်လို့ RNP ပါတီ ထုတ်ပြန်

အာရက္ခတိုင်းမ်စ် (၂၄ နိုဝင်ဘာ ၂၀၂၆)

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ နိုဝင်ဘာလ ၁၉ ရက်စွဲပါ စီရင်ချက်ဟာ ရက္ခိုင်ပြည်အတွင်းက မူရင်းဌာနေ တိုင်းရင်းသားလူမျိုးတွေရဲ့ မွေးရာပါ အခွင့်အရေးနဲ့ လူမှုသဟဇာတဖြစ်မှုတို့ကို များစွာ ထိခိုက်စေတယ်ဆိုပြီး ကန့်ကွက်ကြောင်း ရခိုင်တိုင်းရင်းသားများပါတီ (RNP) က နိုဝင်ဘာလ ၂၃ ရက်မှာ သဘောထား ထုတ်ပြန်လိုက်ပါတယ်။

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် စွဲဆိုထားတဲ့ အမှုနဲ့ပတ်သက်ပြီး ICJ က ချမှတ်ခဲ့တဲ့ အဓိကအချက် ၁၃ ချက်ပါ ဆုံးဖြတ်ချက်မှာ တရားသူကြီး ၁၅ ဦးလုံး သဘောတူညီစွာ ဆုံးဖြတ်ခဲ့တာမဟုတ်ဘဲ အများစု ၉ ဦးနဲ့ အနည်းစု ၆ ဦး သဘောထား ကွဲလွဲခဲ့တယ်လို့ ထောက်ပြထားပါတယ်။

RNP က ဒီအမှုမှာ တရားလိုဘက်ရဲ့ စွပ်စွဲချက်တွေမှာ ၂၀၁၇ ခုနှစ်က ရက္ခိုင်ပြည်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေကနေ စတင်ခဲ့တာကို ချန်လှပ်ပြီး တစ်ဖက်သတ် စီရင်ဆုံးဖြတ်ခဲ့တာလို့လည်း ဆိုပါတယ်။

နေရပ်စွန့်ခွာသွားသူတွေ ပြန်လည်နေထိုင်နိုင်ရေးအတွက်လည်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတို့က ကြိုးပမ်း ဆောင်ရွက်လျက်ရှိတယ်လို့ RNP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

RNP ဗဟိုအလုပ်အမှုဆောင်ကော်မတီက ICJ ရဲ့ ဆုံးဖြတ်ချက်ဟာ တစ်ဖက်လူ့အသိုင်းအဝိုင်းရဲ့ အခွင့်အရေးကိုသာ တစ်ဖက်သတ် သုံးသပ်ဆုံးဖြတ်ထားတာကြောင့် ဘိုးဘွားအစဉ်အဆက် နေထိုင်လာကြတဲ့ မူရင်းဌာနေတိုင်းရင်းသားတွေရဲ့ အသက်ရှင်ရပ်တည်နိုင်ရေးကို ခြိမ်းခြောက်ရာရောက်သလို နှစ်ဖက်လူ့အသိုင်းအဝိုင်းကြား အေးချမ်းစွာ အတူတကွ ပြန်လည်နေထိုင်နိုင်ရေးကိုပါ ထိခိုက်စေတယ်လို့ ဖော်ပြထားပါတယ်။

RNP က နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနဲ့ ပိုင်နက်နယ်မြေ တည်တံ့ခိုင်မြဲရေးအပါအဝင် ရက္ခိုင်ပြည်အတွင်းက မူရင်းဌာနေတိုင်းရင်းသားလူမျိုးတွေရဲ့ ဘဝလုံခြုံရေးကို အစဉ်တစိုက် ကာကွယ်စောင့်ရှောက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

Related posts

ပုဏ္ဏားကျွန်းက ရွာနှစ်ရွာကို လေကြောင်းက ဗုံးကြဲလို့ အရပ်သားတစ်ဦး သေဆုံး

နတ်ရေကန်ကို စစ်ကူရန်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို AA တိုက်ခိုက်လို့ ဆယ်ချီသေဆုံးကာ ပြန်ဆုတ်သွား

မင်းတုန်းမှာ AA ရဲ့ တန်ပြန်စစ်ကြောင့် စစ်ကောင်စီအထိနာနေလို့ လေကြောင်းက ဗုံးကြဲနေ