အာရက္ခတိုင်းမ်စ် (၂၆ နိုဝင်ဘာ ၂၀၂၆)
ရက္ခိုင်ပြည်ရဲ့ ဒေသအများစုကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် (AA) အပါအဝင် စစ်ကောင်စီတပ်နဲ့ ဆက်နွယ်တဲ့ ရေနံလုပ်ငန်းတွေနဲ့ နိုင်ငံပိုင် ဘဏ်လေးခုကို ပိတ်ဆို့ အရေးယူဖို့ ဗြိတိန်လေဘာပါတီလွှတ်တော်အမတ် Rushanara Ali က ဗြိတိန်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။
နိုဝင်ဘာလ ၂၅ ရက်က ကျင်းပတဲ့ ဗြိတိန်ပါလီမန်ဆွေးနွေးပွဲမှာ မူဆလင် (ရိုဟင်ဂျာ) လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ စီရင်ချက်အပြီး ပိတ်ဆို့ အရေးယူမှုတွေ တိုးချဲ့ရေးကို ဆွေးနွေးစဉ် Rushanara Ali က ဒီလို တောင်းဆိုခဲ့တာလို့ သိရပါတယ်။
Rushanara Ali က AA ဟာ မူဆလင် (ရိုဟင်ဂျာ) တွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ဆက်လက် ကျူးလွန်နေတယ်လို့ စွပ်စွဲပြီး AA အပေါ် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ဖို့အပြင် လူသိရှင်ကြားနဲ့ သီးသန့် ဖိအားပေးမှုတွေ ပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။
ဒီတောင်းဆိုချက်နဲ့ ပတ်သက်ပြီး ဗြိတိန်နိုင်ငံတကာဖွံ့ဖြိုးရေးဝန်ကြီး Kirsty McNeill က AA အပါအဝင် လက်နက်ကိုင်အဖွဲ့အားလုံးရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဗြိတိန်အစိုးရက အလေးအနက်စိုးရိမ်ပြီး သက်သေ အထောက်အထား ခိုင်လုံရင် ထပ်မံ အရေးယူနိုင်တယ်လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။
Rushanara Ali က စစ်ကောင်စီတပ်ထံ လေယာဉ်ဆီနဲ့ စစ်လက်နက်တွေ မရောက်ရှိစေဖို့အတွက် လေယာဉ်ဆီ ပို့ဆောင်ရေးဝန်ဆောင်မှုတွေ၊ ဆီသယ်သင်္ဘောတွေ၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ သန်လျင်ရေနံချက်စက်ရုံကုမ္ပဏီနဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ထုတ်ယူရေးကဏ္ဍတို့ကို ပိတ်ဆို့ဖို့လည်း အဆိုပြုခဲ့ပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ဝယ်ယူမှုကို အထောက်အကူပြုနေတယ်လို့ ဆိုတဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB)၊ မြန်မာ့စီးပွားရေးဘဏ် (MEB) နဲ့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (MADB) တို့ကို ပိတ်ဆို့ဖို့၊ စစ်ကောင်စီတပ် အသုံးပြုနေတဲ့ ဆက်သွယ်ရေးကွန်ရက်တွေကိုပါ အရေးယူစာရင်းသွင်းဖို့ လွှတ်တော်အမတ်က တောင်းဆိုခဲ့ပါတယ်။
လက်ရှိမှာ MFTB နဲ့ MICB တို့ကို အမေရိကန်၊ ဩစတြေးလျနဲ့ ကနေဒါတို့က ပိတ်ဆို့ထားပြီး MEB ကို ကနေဒါက ပိတ်ဆို့အရေးယူထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။
