ဘူးသီးတောင်က ရွာ ၉ ရွာက တောင်သူတွေကို ULA/AA က မျိုးအာလူး ၃၉၉ အိတ် ထောက်ပံ့

အာရက္ခတိုင်းမ်စ် (၂၈ နိုဝင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်းက ကျေးရွာ ၉ ရွာက တောင်သူတွေရဲ့ ဆောင်းသီးနှံ စိုက်ပျိုးရေးလုပ်ငန်းတွေ အထောက်အကူဖြစ်စေဖို့အတွက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) က မျိုးအာလူး ၃၉၉ အိတ် ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ULA မောင်တောခရိုင်ပါတီကော်မတီက ဦးဆောင်ပြီး ဒေသခံတောင်သူတွေ ဆောင်းသီးနှံစိုက်ပျိုးနိုင်ရေးနဲ့ စားဝတ်နေရေး အခက်အခဲတွေ လျော့ပါးစေရေးအတွက် လယ်ယာမြေ ၈၀.၇ ဧကအတွက် ဒီမျိုးအာလူးအိတ်တွေကို နိုဝင်ဘာလ ၂၆ ရက်မှာ ကွင်းဆင်း ခွဲဝေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ထောက်ပံ့ပေးခဲ့တဲ့ ကျေးရွာတွေက သက္ကမလူမျိုးတွေနေထိုင်တဲ့ လောင်းချောင်းနဲ့ င/ကျိုင်တောက်ကျေးရွာ၊ ရက္ခိုင်လူမျိုးတွေနေထိုင်တဲ့ အောင်လံပြင်၊ ရွှေအိုးပြင်၊ ရွာသစ်ပြင်၊ ဗျာလချေ၊ သပြီတောနဲ့ အင်းဖောက်ကျေးရွာတွေအပြင် မူဆလင်လူမျိုးတွေနေထိုင်တဲ့ ဆင်အိုးပြင်ကျေးရွာတို့ ဖြစ်ပါတယ်။

ကျေးရွာအလိုက် ထောက်ပံ့မှုစာရင်းအရ လောင်းချောင်းရွာ လယ် ၁၆ ဧကအတွက် မျိုးအာလူး ၇၉ အိတ်၊ င/ကျိုင်တောက်ရွာ ၅ ဧကအတွက် ၂၄ အိတ်၊ အောင်လံပြင်ရွာ ၆ ဧကအတွက် ၃၀ အိတ်၊ ဆင်အိုးပြင်ရွာ ၁၆ ဧကအတွက် ၈၁ အိတ်၊ ရွှေအိုးပြင်ရွာ ၇.၅ ဧကအတွက် ၃၈ အိတ်၊ ရွာသစ်ပြင်ရွာ ၁၆ ဧကအတွက် ၇၈ အိတ်၊ ဗျာလချေရွာ ၂.၂ ဧကအတွက် ၁၁ အိတ်၊ သပြီတောရွာ ၄ ဧကအတွက် ၂၀ အိတ်၊ အင်းဖောက်ရွာ ၈ ဧကအတွက် ၃၈ အိတ်တို့ပဲ ဖြစ်ပါတယ်။

ULA မောင်တောခရိုင်ပါတီကော်မတီက ပြီးခဲ့တဲ့ အောက်တိုဘာလ နောက်ဆုံးပတ်ကစပြီး ဘူးသီးတောင်မြို့နယ်အတွင်းက ကျေးရွာ ၉ ရွာက အိမ်ထောင်စု ၃၇၅ စုအတွက် ဆောင်းသီးနှံမျိုးစေ့၊ နွေစပါးမျိုးစေ့နဲ့ စိုက်ပျိုးရေးသွင်းအားစုတွေကိုလည်း ထောက်ပံ့ပေးခဲ့ပါတယ်။

စိုက်ပျိုးရေးနဲ့ မွေးမြူရေးဌာနက မျိုးစေ့နဲ့ စိုက်ပျိုးရေးနည်းပညာတွေကိုလည်းကောင်း၊ စက်မှုလယ်ယာဌာနက လိုအပ်တဲ့ စက်ယန္တရားတွေကိုလည်းကောင်း ခရိုင်ပါတီကော်မတီနဲ့ ပူးပေါင်း ကူညီပေးလျက်ရှိတယ်လို့ သိရပါတယ်။

မောင်တော၊ ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ အာလူးကို ဆောင်းသီးနှံအဖြစ် အဓိကစိုက်ပျိုးကြပြီး ယခင်က ပြည်ပဈေးကွက်တွေကိုတောင် တင်ပို့ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။

လာမယ့်ကာလတွေမှာလည်း မြေဆီလွှာနဲ့ ရာသီဥတု အခြေအနေအပေါ် မူတည်ပြီး ဘူးသီးတောင်မြို့နယ်အတွင်းက အခြားကျေးရွာတွေကို တိုးချဲ့ကွင်းဆင်းပြီး မျိုးစေ့၊ စက်ယန္တရားနဲ့ စိုက်ပျိုးရေးသွင်းအားစုတွေ ဆက်လက် ထောက်ပံ့ပေးသွားမယ်လို့လည်း သိရပါတယ်။

Related posts

အရင်အစိုးရလက်ထက်တွေကထက် အရပ်ဖက်အဖွဲ့အစည်းတွေ အားနည်းလာ

သံတွဲမြို့၊ မြို့မဝေဠုဝန်ကျောင်းတိုက် ပဓာနနာယက ဆရာတော် ဈာပနကို ရေဝေးသုသာန်မှာ ကျင်းပမယ်

လောင်တလိုင်-ပလက်ဝ လမ်းပိုင်း ပြန်ဖွင့်