အာရက္ခတိုင်းမ်စ် (၆ သြဂုတ် ၂၀၂၅)
ရက္ခိုင်ပြည်မှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေနစ်မြုပ် ပျက်စီးသွားတဲ့ မြောက်ဦးမြို့နယ်က လယ်သမားတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက မျိုးစပါးထောက်ပံ့ပေးတယ်လို့ သိရပါတယ်။
“ ခုလောလောဆယ် မျိုးစပါး တောင်း ၂၅၀ ကို စပြီး ထောက်ပံ့ပေးပါတယ်။ အခြား ပျက်စီးသွားတဲ့ လယ်သမားတွေကိုလည်း ဆက်ပေးမယ်လို့ ပြောပါတယ်” လို့ မြောက်ဦးမြို့နယ် ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက မျိုးစပါး ပေးခဲ့တဲ့ ကျေးရွာတွေကတော့ မြောက်ဦးမြို့နယ်က ကျွဲတဲ၊ ဘူးတလုံး၊ အမြောက်တောင် နဲ့ နဂါးကွေ့ စတဲ့ ကျေးရွာတွေ ဖြစ်တယ်လို့ သိရပါတယ်။
၂၀၂၅ ခုနှစ်၊ ဇွန်လကုန်က စတင်ပြီး မိုးများစွာ ရွာသွန်းမှုကြောင့် တောင်ကုတ်၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော စတဲ့ မြိုနယ်တွေမှာ ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိပြီး ရေလွှမ်းမိုးမှုကြောင့် နေအိမ်များ ပျက်စီးခြင်း၊ စပါးခင်းများ ပျက်စီးခြင်း၊ လမ်း၊ တံတားများ ပျက်စီးပြီး လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်ခြင်းများအပြင် လူသေဆုံးမှုများလည်း ဖြစ်ပေါ်ခဲ့ပါတယ်။
ရေလွှမ်းမိုးခံရတဲ့ နေရာအများစုမှာ အကူအညီများ လက်လှန်းမီရန် ခက်ခဲသောကြောင့် အကူအညီရရှိမှုများ နည်းပါးလျက်ရှိပြီး လက်ရှိတွင် ရေဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာများ၊ အမိုးအကာများ၊ မျိုးစပါးများ၊ အမျိုးသမီးလစဉ်သုံးပစ္စည်းများအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုများလည်း အရေးပေါ်လိုအပ်လျက်ရှိနေတယ်လို့ သိရပါတယ်။
ထို့ကြောင့် ပြည်တွင်း၊ ပြည်ပက အဖွဲအစည်းများအနေနဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ကို ဆက်သွယ်ပြီး ထိခိုက်ခံရသောနေရာများကို လိုအပ်တဲ့ အကူအညီများ ဝိုင်းဝန်းထောက်ပံ့ပေးကြပါရန် တိုက်တွန်း၊ နှိးဆော်အပ်ပါတယ်လို့ HDCO က ထုတ်ပြန်ထားပါတယ်။
1 Comment
Стабильный доступ к площадке kraken рабочий с актуальными зеркалами для входа в любое время суток