(အာရက္ခတပ်တော် ဗိုလ်မှူးကြီး ကျော်ဟန်၏ ဘဝပုံရိပ်များ -၁၂)
(ဌေးဝင်း)
နေ့ခင်း သုံးနာရီလောက်မှာ သူတို့ဟာ ငါ့အဖေက လာပို့ထားတဲ့ အဝတ်အစားတွေ။ ဘီစကွတ်မုန့် နဲ့ ဒဏ်ကြေ လိမ်းဆေးတွေကို လာပေးရင်းနဲ့ လှမြင့်က
“မင်း အဖေလည်း တော်တော်သိနေတာဘဲ။ ဒီနေရာကိုရောက်ရင် ဘယ်လိုခံရမယ်ဆိုတာကို”
လို့ ဒဏ်ကြေလိမ်းဆေးတို့ ကုလားတရုတ်တို့ကို ပေးရင်းနဲ့ ပြောတယ်။ ပြီးတော့ သူက
“မင်းကို ဆေးရုံပို့ပေးဖို့ တပ်မှူးက ပြောထားတာရှိတယ်။ မင်းကို ဆေးရုံကို ပို့ပေးရအုံးမယ်။ ဆေးရုံမှာ ဆရာဝန်တွေမေးရင် ပြန်ပေးဆွဲခံရလို့ ညှဉ်းပမ်းခြင်းခံရတဲ့ ဒဏ်ရာလို့ ပြောရမယ်”
ဆက်ပြောတယ်။
နောက်တရက်နေ့ နံနက် ခုနစ်နာရီလောက်မှာ လဘက်ရည် လာတိုက်ပြီးနောက် ကိုယ်လက်သန့်ရှင်းရေလုပ်။ အဝတ်အစားတွေ လဲပေးပြီး ကိုးနာရီလောက်မှာ လှမိုးနဲ့အတူ စစ်တပ် ရိမ်းဂျားကားတစီးနဲ့ ခလရ (၂၀) စစ်ဆေးရုံကို ပို့တယ်။
ကားပေါ်မှာ အရင်က ငါ တွေ့မြင်ဘူးတဲ့ ရက္ခိုင်အမျိုးသမီး ကျောင်းဆရာမတယောက်ကို ကျောင်းဝတ်စုံနဲ့ ငါနဲ့ မျက်နှာချင်းဆိုင် ခုံမှာ လိုက်ပါလာတာကို တွေ့ရတယ်။
ဆေးရုံရောက်တော့ စစ်တွေ ထန်းပင်ရင်းရပ်ကွက်က ငါ့သူငယ်ချင်း ကျော်ငြိမ်းရဲ့ အစ်ကိုကို တွေ့တယ်။ သူဟာ ထောက်ပို့တပ်က ထင်တယ်။ သူ့နံမည်တော့ ငါမသိ။ သူ ငါ့ကို မနီးမဝေးကနေ ကြည့်နေတာကို သတိထားမိတယ်။
စစ်ဆရာဝန်က
“ဒဏ်ရာ ဘယ်လိုရတာလဲ”
လို့ မေးတော့ ငါက
“ပြန်ပေးဆွဲ ခံရတုန်းက ရတာ”
သူတို့ရဲ့ လေယာဉ်ပျံစီး နှိပ်စက်တဲ့ ပုံစံကို ပြောပြတယ်။
ဆရာဝန်က ပြန်ပြောတာက
“ပြန်ကောင်းဖို့ အချိန် တော်တော်ကြာမယ်။ လေ့ကျင့်ရမယ်။ ကောင်းသွားလိမ့်မယ်”
လို့ ပြောပြီး လိမ်းဆေးနဲ့ စားဆေး ပေးလိုက်ပြီး နောက်တပတ် ထပ်ချိန်းလိုက်တယ်။
နောက်နေ့တွေမှာ သူတို့ ထမင်းစားတဲ့ ဘားတိုက်မှာ သွားစားရတယ်။ ပထမနေ့တော့ သူတို့ထဲက တယောက်က ငါ့ကို ကူခွန့်ကျွေးပေးတယ်။ အဲဒီနေ့မှာ မှတ်မှတ်ရရ စစ်တွေ မြရုပ်ရှင်ရုံရှေ့က ထွန်းဝင်း နဲ့ အတူ အမျိုးသား ဓါတ်ပုံဆိုင်က အောင်အောင် ဆိုတဲ့ လူငယ်နှစ်ယောက်ဟာ ငါ ဘားတိုက်မှာ ထမင်းစားနေစဉ် သူတို့ ရောက်လာတယ်။
လှမြင့်က သူတို့ နှစ်ယောက်ကို ကြည့်ကာ
“ဒီမှာ.. ကြည့်ထား.. နမူနာ မြင်လား”
ဆိုပြီး ပြောလိုက်တော့ သူတို့ဟာ ငါ့ရဲ့ ဒဏ်ရာဗလပွနဲ့ သူများအကူအညီနဲ့မှ ထမင်းစားလို့ရတဲ့ဟာကို ကြည့်ပြီး သူတို့ စိတ်မကောင်းဖြစ်သလို တော်တော်လေးလည်း ကြောက်လန့်သွားပုံရတဲ့ သူတို့ရဲ့ မျက်နှာတွေကို သတိထားမိလိုက်တယ်။
နောက်နေ့တွေမှာ အဖမ်းဆီးခံထားရသူတွေထဲက တယောက်ကို ငါ့ကို ကူခွန့်ကျွေးဖို ခိုင်းတယ်။ တခါတလေတော့လည်း ပုဂံထဲမှာ ထမင်းရော ဟင်းရော ရောထည့်ပေးထားတာကို လက်နဲ့ယက်ကာ ပါးစပ်ကိုထည့်ပြီး စားရတယ်။ များသောအားဖြင့်တော့ ဟင်းအဖြစ် အသား ကြက်ဥနဲ့ ပဲတို့ စားရတာ များတယ်။
ငါတို့ကို ကျွေးတဲ့ ဟင်းအိုးတွေထဲက ဟင်းတွေကို ခတ်ထည့်ပေးတဲ့ ဇွန်းကြီးက တချာင်းထဲဘဲ ရှိတယ်။ အချုပ်သားတွထဲမှာ ဝက်သား မစားတဲ့လူ ပါရင် သူ့အတွက် ကြက်ဥကြော် ကျွေးတယ်။
တရက်သားမှာ ငါ သတိပြုမိလိုက်တာတခုက ဝက်သားမစားတဲ့ သူ့နာမည် ရှောင်းရှူမာမက်လို့ ထင်တယ်။ သူက မောင်တောက စီးပွါးရေးလုပ်ငန်းရှင်။ သူက ဝက်သားမစားဘူး။ အဲဒီလူကို ဝက်သားအိုးထဲက ဇွန်းကို ယူပြီး ကြက်ဥကြော်ချက်တဲ့ အိုးက ကြက်ဥနဲ့ အရည်ကို ခူးထည့်ပေးတော့ သူ မျက်စိမျက်နှာ ပျက်သွားတယ်။ ဒါပေမဲ့ သူလည်း ဘာမှမတတ်နိုင်ဘူး။ မစားရင် ငတ်ရုံဘဲ။ သူလည်း ဟိုလှည့်ကြည့် ဒီလှည့်ကြည့်နဲ့ စားလိုက်ရတာဘဲ၊ သူလည်း တော်တော် အနှိပ်စက်ခံရတယ်။
သူနဲ့ ထောင်မှာ ထပ်တွေ့တော့
“ထောက်လှမ်းရေး (၁၀)မှာ နှိပ်စက်ခံရတဲ့အထဲမှာ ခင်ဗျားပြီးရင် ကျနော်ဘဲ”
လို့ ငါ့ကို မကြာမကြာ သူပြောလေ့ ရှိတယ်။
ဆေးရုံကို နောက်တခေါက် ထပ်သွားရတယ်။ လက်မောင်းနဲ့ လက်ကောက်ဝတ်က ဒဏ်ရာကတော့ နည်းနည်း အနာဖေး တက်လာပြီ။ ဒါပေမဲ့ ထုံကျဉ်တာက ဒီအတိုင်းဘဲ လက်ချောင်းတွေလည်း ကောက်ကွေးလို့ မရဘူး။ ဆရာဝန်က သောက်ဆေး လိမ်းဆေး ပေးတယ်။ ရောင်ကိုင်းနေတာ လျော့သွားမှ လက်တွေ တဖြည်းဖြည်း ကုတ်လို့ ရလာလိမ့်မယ်လို့ ပြောတယ်။
နောက်တနေ့မှာ ခင်မောင်အေးက
“ဘယ်လိုလဲ နေရတာ အဆင်ပြေလား မင်းအဖေ မနေ့က လာတယ်။ စားစရာတွေ လာပေးတယ်။ မင်းကို တွေ့လို့ရမလား မေးတယ်။ မကြာခင် ရဲစခန်းမှာ တွေ့ရလိမ့်မယ်လို့ ပြောလိုက်တယ်”
လို့ ပြောပြီး လက်က ဒဏ်ရာတွေကို စိုက်ကြည့်ပြီး ပြန်သွားတယ်။
ညနေပိုင်းလောက်မှာ အိမ်သာ၊ ရေချိုးကန်တို့နဲ့ နီးတဲ့ အဆောင်တခုကို ရွှေ့လိုက်တယ်။ အခု ရွှေ့လိုက်တဲ့ အဆောင်မှာ ပထမနေတဲ့ အခန်းနဲ့ ပုံစံ အတူတူဘဲ။ မျက်နှာချင်းဆိုင် သုံခန်းတွဲ စုစုပေါင်း ၆ ခန်းရှိတယ်။ အိပ်ဖို့နေရာကို သစ်သားခုံလေး လုပ်ပေးထားတယ်။ အရင် အခန်းမှာတုန်းကတော့ သမံတလင်းမှာဘဲ အိပ်ရတယ်။ အခုတော့ တံခါးတွေကို သော့မခတ်ဘဲ ထားပေးတယ်။
ညနေ ငါး နာရီလောက်မှာ လှမြင့်နဲ့ လှမိုးတို့ ရောက်လာကြတယ်။ လှမြင့်ရဲ့ လက်ထဲမှာ ခွက်ကလေးတခု ကိုင်ပြီး ငါ့ရဲ့ လက်ကောက်ဝတ်နဲ့ လက်မောင်းကြွက်သားတွေ အပေါ်မှာ မီးလောင်သလို ဖြူဖြူဖွေးဖွေး ဖြစ်နေတဲ့ နေရာတွေမှာ ဆေးလိမ်းပေးတယ်။ သူပြောတာက ကြိတ်မှန်ရွက် (ရက္ခိုင်လို ကကြွက် ကျဟာရွက်) ထောင်းထားတာလို့ ပြောတယ်။ ဖြူနေတဲ့ ဒဏ်ရာတွေမှာ အသားရောင် တက်လာအောင် ထည့်တာလို့ ပြောတယ်။ ပြီးတော့
“ မင်း ကိုယ့်ဟာကို လိမ်းလို့ ရသလောက် လိမ်းပေး။ ဒီ အသားမာတွေ မြန်မြန်တက်မှ မင်းကို ရဲ စခန်းကို ပို့လို့ရမယ်”
လို့ ပြောပြီး ထွက်သွားကြတယ်။
နောက်တနေ့ မနက် ဆယ်နာရီ ခွဲလောက်မှာ တပ်မှူး ခင်မောင်အေးနဲ့ အဖွဲ့ဟာ တခန်းပြီး တစ်ခန်း လိုက်ကြည့်တယ်။ ငါ့အခန်းထဲကိုရောက်တော့ ဟိုမေး သည်မေးနဲ့
“မင်းအိမ်က ပို့ပေးတဲ့ စားစရာနဲ့ အဝတ်တွေ ထပ်မှာမယ်ဆိုရင် ပြော။ မှာပေးမယ်”
လို့ ပြောပြီး ပြန်သွားတယ်။
လှမြင့်ကတော့ နေ့တိုင်း မနက်တကြိမ် ညနေတကြိမ် ကြိတ်မှန်ရွက် လာလိမ်းပေးတယ်။ ဒဏ်ရာမှာ အသားမာတွေ အမြန်တက်လာမှ ရဲစခန်းကို ပို့လို့ရမှာမို့ လိုအပ်တဲ့ ဆေးတွေ လိမ်းပေး လုပ်ပေးနေတာ ဖြစ်တယ်။
တနေ့ လှမိုးက
“ငါ မြို့စျေးဘက်ကို သွားစရာရှိတယ်။ မင်းရဲ့ အသိတွေ ဆွေမျိုးတွေ စျေးအနီးမှာ ရှိလား။ ရှိရင် စားစရာတွေ ဘာတွေ မှာမယ်ဆိုရင် မှာလို့ ရတယ်”
လို့ ပြောတော့ ငါလည်း ငါ့ညီလေးလို ချစ်ခင်တဲ့ ပေါက်စဟာ အဲဒီစျေးအနီးမှာ ပန်းထိမ်လုပ်လို့ ရှိနေတာကြောင့် သူ့ဆီသွားပြီး ငါက စားစရာတွေ မှာလိုက်တယ်လို့ ပြောခိုင်းလိုက်တယ်။
စစ်ကြောရေးပြီးလို့ စစ်ဆေးထားတဲ့ စာရွက်ပေါ်မှာ လက်မှတ်ထိုးပြီးတဲ့ နောက်ပိုင်းမှာလည်း နှစ်ရက် တခါ သုံးရက် တခါ ခင်မောင်အေးဟာ ငါ့ကို သူ့အခန်းကို ခေါ်ပြီး ဟိုမေး ဒီမေးနဲ့ လုပ်တယ်။ များသောအားဖြင့်တော့ ဘင်္ဂလာဒေ့ရှ်ဘက်က တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ အခြေနေတွေကို မေးမြန်းတာတို့ စည်းရုံးတာတို့ လုပ်တယ်။
ရဲစခန်းကို မပို့မှီ နှစ်ရက်အလိုမှာ တပ်မှူးခင်မောင်အေးရဲ့ အခန်းကို ငါ့ကို လိုက်ပို့ပေးကြတယ်။ ဒီတခေါက်တော့ လက်တွေကို ကြိုးမချည်တော့ဘူး။ အခန်းထဲရောက်တော့ ခင်မောင်အေးဟာ ငါ့ကို ပွဲရှေ့က ထိုင်ခုံမှာ ထိုင်ခိုင်းပြီး ဟိုမေး ဒီပြောနဲ့ စည်းရုံးရေး လုပ်တယ်။
ထောင်ကလွတ်လာရင် သူတို့နဲ့ အဆက်သွယ်လုပ်ဖို့။ သူတို့နဲ့ လက်တွဲဖို့ အပါအဝင်တွေ တသီတတန်းကြီး ပြောနေတုန်းမှာ သူ့စားပွဲ အံဆွဲထဲက ထုတ်ယူပြီး မှတ်စုစာအုပ်ငယ်တအုပ်ကို ငါ့ရှေ့ကို ဖြတ်ကနဲ ချပေးလိုက်တယ်။ မြင်တာနဲ့ ငါသိလိုက်ပြီ။ ဒါဟာ ငါ့မှတ်စု စာအုပ်ကလေးဘဲ။
သူက စာအုပ်ရှေ့က ပထမစာမျက်နှာမှာ ရေးထားတဲ့
“ဘဝသည် အဖိုးအနဂ္ဂထိုက်တန်၏။ အချစ်သည်လည်း တန်ဖိုးကြီးမား၏။
သို့သော် လွတ်လပ်မှုအတွက် ဤနှစ်ခုကို စွန့်လွှတ်ရန်အသင့်”
လို့ ငါ့လက်ရေးနဲ့ ရေးထားတဲ့ စာကို လက်ညိုးထိုးကာ ခင်မောင်အေးက
“ဒါ.. ဘယ်သူ ရေးတာလဲ”
လို့ မေးတယ်။ ငါက
“ကျနော်ရေးတာ”
လို့ ဖြေတယ်။
သူက
“ဘာ ရည်ရွယ်ချက်နဲ့ ရေးတာလဲ”
ဆိုတော့
“စာဖတ်ရင်း တွေ့လို့ ကြိုက်လို့ သဘောကျလို့ ရေးမှတ်ထားတာ“
လို့ ပြောလိုက်တော့ သူက
“မင်းဟာ လွတ်လပ်မှုကို တန်ဘိုးထားတာ ကောင်းတယ်။ ဆက်လုပ်ပါ။ ဒါပေမဲ့ မင်း လမ်းမှားနေတယ်။ လမ်းပြောင်းရမယ်။ မင်း ပြောင်းရမဲ့လမ်းဟာ နိုင်ငံတော်အစိုးရကို ဆန့်ကျင်ပြီး လုပ်ရမယ့် လွတ်မြောက်မှု မဟုတ်ဘဲ နိုင်ငံတော်အစိုးရနဲ့ လက်တွဲပြီး လွတ်လပ်မှုကို လုပ်ရမယ့်လမ်းကို ပြောင်းရင် မင်းဟာ လွတ်လပ်မှုနဲ့ အတူ တန်ဖိုးအနဂ္ဂထိုက်တန်တဲ့ ဘဝကိုရလိမ့်မယ်”
လို့ ပြောတယ်။ ပြီးနောက် သူက
“စစ်ကြောရေးကာလက အဖြစ်အပျက်တွေကို ဗွေမယူဖို့။ အငြိုးအတေး မထားဖို့နဲ့ အကူအညီလိုရင် အချိန်မရွေး ဆက်သွယ်ပါ”
လို့ ပြောပြီး ငါ့ကို အခန်းကို ပြန်လွှတ်လိုက်တယ်။
စစ်ကြောရေး ငရဲခန်းအတွင်းမှာ ငါဟာ နှစ်ဆယ့်ရှစ်ရက် ကြာအောင် အလူးအလိမ့် နှိပ်စက်ခံခဲ့ရပြီးနောက် အဲဒီနေ့ မွန်တည့် ဆယ့်နှစ်နာရီလောက်မှာ ငါ့ကို စစ်တွေ အမှတ် (၂) ရဲစခန်းသို့ လွှဲပြောင်းပေးလိုက်တယ်။
2 Comment
Подтверждаю что кракен вход работает сегодня через все официальные зеркала
коттедж дизайн внутри дизайн проект коттеджа