“အာရက္ခအားမာန် ရဲဘော်ကျော်ဟန်”

(ဗိုလ်မှူးကြီးကျော်ဟန်သည် ရက္ခိုင်အမျိုးသားအဖွဲချုပ် ULA တွင် ဒုတိယ ဥက္ကဌ (၂) တာဝန်ကို ယူထားသည့် ထိပ်ပိုင်းခေါင်းဆောင် တဦးဖြစ်ပါသည်။

သူသည် ယခုအခါ အသက် (၆၃)နှစ် ရှိပြီဖြစ်သည်။

ဤစာအုပ်သည် သူ အလယ်တန်းကျောင်းသားဘဝ ၁၉၇၇- ၇၈ ခုနှစ်မှ စတင်ကာ ယူဂျီ တပ်သားဘဝကို ခံယူပြီး တော်လှန်ရေးတွင်ပါဝင်ခဲ့ခြင်း။ ၁၉၈၉ ခုနှစ်တွင် ဖမ်းဆီးခံခဲ့ရကာ စစ်တွေထောင်တွင် နိုင်ငံရေး အကျဉ်းသားအဖြစ် ကျခံခဲ့ရခြင်းနှင့် ၁၉၉၁ ခုနှစ်တွင် သူ စစ်တွေထောင်မှ ပြန်လည် လွတ်မြောက်လာခြင်း စသည့် သူ၏ နိုင်ငံရေး တော်လှန်ရေး ဖြတ်သန်းမှု အတွေ့အကြုံများကို ပြန်လည်ပြောပြထားသည့် စာအုပ်ဖြစ်သည်။

ဤစာအုပ်သည် စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန် အာဏာဖီဆန်သည့် ရက္ခိုင်လူငယ်တယောက်၏ ဘဝခရီး မှတ်တမ်းလည်း ဖြစ်သည်။

ထို့ပြင် ထိုလူငယ်သည် စစ်အာဏာရှင်တို့၏ ရက်စက်ကြမ်းကြုတ်သော နှိပ်စက် ညှဉ်းပန်းမှုများအောက်မှပင် ပိုမိုသန်မာသော သံမဏိဓားကောင်းတလက်အဖြစ် ပြောင်းလဲသွားခဲ့သည့် မှတ်တမ်းလည်း ဖြစ်သည်။

ထိုကြောင့် ဤစာအုပ်ကို “အာရက္ခအားမာန် ရဲဘော်ကျော်ဟန်” ဟု အမည်ပေးလိုက်ရခြင်း ဖြစ်၏။)

အာရက္ခတပ်တော် ဗိုလ်မှူးကြီး ကျော်ဟန်၏ ဘဝပုံရိပ်များ (၁)

_ _ _ _

ရေးသားသူ ဌေးဝင်း

_ _ _ _

နိုင်ငံရေး အကျဉ်းသား ကိုကျော်ဟန်

__ __ __ __

ဖမ်းဆီး ခံရခြင်း

**** **** *** ***

(က) ထုပ်တွင် ချိတ်၍ နှိပ်စက်ခံရခြင်း

၁၉၈၉ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့ ည ၁၂ နာရီလောက်မှာ ငါအိပ်နေတဲ့ အိမ်ခြံဝင်းထဲကို ဆူဆူညံညံ အသံပေးပြီး ခြေသံတွေ တစ်ဖြောင်းဖြောင်းမြည်ကာ လူတစ်အုပ် ဝင်လာကြတယ်။ ဒါကို ငါ သတိထားမိ လိုက်တယ်။ ဒါဟာ ငါ့ကို ဖမ်းဖို့ လာဝိုင်းကြပြီ ဆိုတာကိုပေါ့။ ဒါပေမဲ့ ငါ ဘာမှ မသိသလို တိတ်တိတ် နားစွင့်နေလိုက်တယ်။ သူတို့ဟာ အိမ်ရှင်ကို အော်ခေါ်တယ်။ ဒီအချိန်မှာ အိမ်ရှင်မက “ဘယ်လိုလူတွေလဲ မသိဘူး။ အိမ်ရှင်ကိုလည်း ခွင့်မတောင်းဘဲ နဲ့ ငါ့ခြံထဲကို အတင်းအားဓမ္မ ဘာလို့ ဝင်လာကြလဲ” လို့ ပြန်ပြောတော့ သူတို့က “ဘာမှ စကားများမနေနဲ့ တံခါး မြန်မြန်ဖွင့်စမ်း” လို့ အမိန့်ပေးသံ ကြားလိုက်ရတယ်။ တံခါးဖွင့်ပြီးနောက်မှာ သူတို့ဟာ အိမ်ပေါ်ကို တက်လာပြီး တစ်အိမ်လုံးအနှံ့ လိုက်ရှာကြတယ်။ မွှေနှောက်ကြတယ်။ ပြီးမှာ အိမ်သားတွေကို ခုလို မေးတယ်။

“ဒီအိမ်မှာ ဧည့်သည်ရှိလား လူစိမ်းရှိလား။ အိမ်သား ဘယ်နှစ်ယောက် ရှိလဲ။ လူအပို ရှိလား” လို့ ထပ်မေးတဲ့အခါ “ဧည့်သည် ကျော်ဟန် တစ်ယောက်တော့ ရှိတယ်” လို့ အိမ်ရှင်မက ပြန်ဖြေလိုက်တယ်။ တကယ်တော့ သူမက ငါ ဘာလုပ်နေတယ်ဆိုတာ လုံးဝ သိတဲ့သူ မဟုတ်ဘူး။ ငါက ငါ့သူငယ်ချင်းနဲ့ ဒီမှာ လာအိပ်နေကျဆိုတော့ သူက “ကျော်ဟန် ရှိတယ်လို့ အမှန်အတိုင်းဘဲ ပြန်ဖြေလိုက်တယ်။ ချက်ချင်းဘဲ “ဘယ်မှာလဲ ကျော်ဟန်။ ဘယ်မှာလဲ ပြစမ်း ကျော်ဟန်” လို့ သူတို့ဆီက ခက်ထန်မာကြောတဲ့ ပြန်မေးသံကို ငါကြားလိုက်တယ်။ ဒါဟာ ငါ့ကို ဖမ်းဖို့လာတဲ့ လူတွေဆိုတာ ငါ တပ်အပ် သေချာ သိလိုက်ပြီ။ ငါက ငါ့သူငယ်ချင်းနဲ့ သူ့အခန်းထဲမှာ အိပ်နေကြတာ။ ငါကသာ နိုးနေပေမဲ့ ငါ့သူငယ်ချင်းကတော့ နိုးတောင် မနိုးဘူး။ ငါ့ရဲ့ အင်္ကျီအိတ်ကပ်ထဲမှာ အရေးကြီးတဲ့ စာရွက်တစ်ရွက် ရှိနေတယ်။ ဒါကြောင့် ငါဟာ အင်္ကျီကို ချွတ်ပြီး နံရံမှာ ခပ်မြန်မြန် ချိတ်ထားလိုက်တယ်။ ကျော်ဟန် ဘယ်အခန်းမှာ အိပ်နေလဲလို့ မေးပြီး ငါအိပ်နေတဲ့ အခန်းကို လာခေါက်တယ်။ အခြေအနေက ဘယ်လိုမှ မလွတ်နိုင်မှန်းသိလို့ ငါ တခါးကို ဖွင့်ပြီး အခန်းပြင်ကို ထွက်လိုက်တယ်။ သူတို့ ဟာ ငါ့ကို မြင်တာနဲ့ မျက်နှာကို လက်နှိပ်ဓာတ်မီးနဲ့ စိုက်ပြီး ထိုးလိုက်တယ်။ ပြီးတော့ လက်မြှောက်ခိုင်းတယ်။ ပြီးတော့ ငါ့ကို အခန်းထဲကို ပြန်ပြီး တွန်းသွင်းပစ်တယ်။ ဒီအချိန်မှာ နိုးနေပြီဖြစ်တဲ့ ငါ့သူငယ်ချင်းက “ဟေ့ကောင် မင်းမှာ လာတုန်းက အင်္ကျီပါတယ်လေ” လို့ လှမ်းပြောတော့ ငါက “မပါဘူးကွ။ ငါ့မှာ အင်္ကျီမပါဘူး။ ငါ ဒီအတိုင်း လာခဲ့တာ” လို့ ပြန်ပြောလိုက်တဲ့အခါ သူ တခုခု သဘောပေါက်သွားပုံ ရတယ်။ ဘာမှ ဆက်မပြောတော့ဘူး။ သူတို့က ငါ့ကို လက်ထိပ်ခတ်လိုက်ကြတယ်။ အဲဒီအိမ်က အပြင်ကို ထွက်လိုက်တာနဲ့ ပစ္စတို ဒင်နဲ့ ငါ့ ဂုတ်ပိုးကို ဒုန်းကနဲ တစ်ချက် ထုထဲ့လိုက်တာကို ခံလိုက်ရတယ်။ နည်းနည်းတော့ ခေါင်းမူးသလို ခံစားလိုက်ရတယ်။ ဒါပေမဲ့ လဲတော့ မလဲသွားဘူး။ ငါ့သူငယ်ချင်းရဲ့အိမ်နဲ့ ငါ့အိမ်နဲ့က သိပ်မဝေးဘူး။ ဒါကြောင့် သူတို့ဟာ ငါ့ကို ငါ့အိမ်ကို ခေါ်လာကြတယ်။ လမ်းမှာ သူတို့မှာ ပါလာတဲ့ စစ်ကားတစ်စီးကို ငါ့ကို ဖမ်းမိပြီဖြစ်လို့ ပြန်သွားခိုင်းလိုက်တယ်။ ပြီးတော့ ငါ့အိမ်ကို လမ်းလျှာက်ပြီး သွားကြတယ်။ ငါ့အိမ်ထဲကို ဝင်ကြတယ်။ ငါ့အိမ်ကို ရောက်တော့ သိလိုက်ရတာက တစ်အိမ်လုံးအနှံ့ ဗြောင်းဆန်အောင် မွှေနှောက် ရှာထားကြပြီးပြီ။ ခေါင်းအုံးကအစ ထိုးဖောက် မွှေနှောက်ထားကြတာ။ ငါ့အိမ်မှာက ငါ့ အဒေါ်ဘဲ ရှိတယ်။ ငါ့အမေက ခရီးသွားနေလို့ အိမ်မှာ မရှိဘူး။ ငါ့ အဒေါ်က “ဒီကလေးကို ရှင်တို့ ဘာအတွက် ဖမ်းကြတာလဲ။ လက်ထိပ်တွေလည်း ခတ်လို့။ ခန္ဓာကိုယ်မှာ စွပ်ကျယ်ဘဲ ဝတ်ထားတာဆိုတော့ အေးနေမှာပေါ့။ သူ့ကို အင်္ကျီတစ်ထည်ဝတ်ဖို့ လက်ထိပ် ဖြုတ်ပေးပါ” လို့ ငါ့အဒေါ်က တောင်းဆိုပေမဲ့ သူတို့က ခွင့်မပြုပါဘူး။ အဒေါ်က မရမက တောင်းဆိုတော့မှ လက်ထိပ်ကို ဖြုတ်ပြီး အင်္ကျီ ပေးဝတ်တယ်။ ပြီးရင် လက်ထိပ် ပြန်ခတ်တယ်။ အဲဒီနောက် အိမ်က ဆင်းလာကြတယ်။

ကျန် အပိုင်းဆက်များကို အပတ်စဉ် စနေနေ့တိုင်း တင်ဆက်ပေးပါမည်။

Related posts

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ