🖊️မင်းသုတ🖊️
တပ်မှူးချုပ် ထွန်းမြတ်နိုင်ကို မေလ (၄) ရက်နေ့တွင် The Diplomat Magazine က အင်တာဗျူးတရပ် ပြုလုပ်ခဲ့သည်။ အဆိုပါ အင်တာဗျူးတွင် “ အာရက္ခတပ်တော်အနေနဲ့ အခုလို စစ်ရေးအရ အံ့ဩစရာကောင်းတဲ့ အောင်မြင်မှုတွေ ဘယ်လို ရရှိခဲ့လဲ။ ဘယ်အရာတွေက AA ရဲ့ လျှို့ဝှက်ချက် ဖြစ်မလဲ” ဆိုသည့် မေးခွန်းတခုကိုလည်း မေးမြန်းခဲ့သည်။ “ ကျနော်တို့ရဲ့ အောင်မြင်ရတဲ့ အဓိက အချက်ကတော့ ပြည်သူတွေရဲ့ ထောက်ခံမှုပါ။ ရက္ခိုင်ပြည်မှာ မတူကွဲပြားတဲ့ အသိုက်အဝန်းတွေ ကြားထဲမှာ ယုံကြည်မှုကို ပြန်လည် တည်ဆောက်နိုင်ခဲ့တယ်။ အထူးသဖြင့် ၂၀၁၂ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ မူဆလင် အသိုက်အဝန်း အမြောက်အမြား နှင်ထုတ်ခံရပြီးနောက်ပိုင်း သူတို့နဲ့ကြားမှာ မယုံကြည်မှုတွေ အများကြီး ရှိခဲ့တယ်။ သာမာန် အချိန်မျိုးမှာဆိုရင် သူတို့ကို ချည်းကပ်ဖို့ မဖြစ်နိုင်ပါဘူး။ သူတို့ကလည်း မိတ်ဆွေရှာနေကြသလို ကျနော်တို့ကလည်း ကျနော်တို့ရဲ့ အစီအစဉ်တွေကို ရှင်းပြခဲ့တယ်။ အဲ့ဒါ အရေးကြီးတဲ့ ခြေလှမ်းတခုပါပဲ” ဆိုပြီး ဖြေဆိုခဲ့သည်။
တော်လှန်ရေးတရပ် ဆင်နွှဲရာတွင် ပြည်သူပါဝင်မှုမှာ အဓိက အရေးကြီးသည်။ ယင်းကြောင့်လည်း တော်လှန်ရေး အဖွဲ့အစည်းများသည် ပြည်သူ၏ အားပေး ထောက်ခံမှုကို ရရှိရန် နည်းမျိုးစုံဖြင့် ကြိုးစားကြရသည်။ ကြိုးစားကြရန်လည်း လိုအပ်ပါသည်။ အာရက္ခတပ်တော်၏ တော်လှန်ရေး ဖော်ဆောင်ခါစတွင် ရန်သူဖြစ်သည့် မြန်မာ့တပ်မတော်သည် အာရက္ခပြည်သူများ AA ကို အားမပေးရန် လက်နက်အားကိုးဖြင့် လူမိုက်ဆန်ဆန် ခြိမ်းခြောက်ပြောဆိုခဲ့ကြသည်။ ၂၀၁၈၊ ၂၀၁၉ ခုနှစ်များကလည်း ချင်းပြည်နယ်တွင် မြန်မာစစ်တပ် (စစ်ကော်မရှင်) သည် ဒေသခံများကို ဆန်အိတ်အပါအဝင် ငွေသားများဖြင့် မက်လုံးပေးကာ AA ကို မထောက်ခံဖို့ အရှက်မရှိ လာဘ်ထိုးခဲ့ကြသည်။ NLD အစိုးရကလည်း ရက္ခိုင်ပြည်သူများ AA ကို အားပေးထောက်ခံနေပါက ရက္ခိုင်ပြည်သည် ဆီးရီးယားကဲ့သို့ ဖြစ်သွားလိမ့်မည်ဆိုပြီး သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ခြိမ်းခြောက် ပြောဆိုခဲ့သေးသည်။ အပြစ်မဲ့ အရပ်သားများကိုလည်း AA နှင့် ဆက်စပ်သည်ဟု စွပ်စွဲကာ ကြက်၊ ငှက် တိရစ္ဆာန်များကို ဖမ်းဆီး၊ သတ်ဖြတ်သလိုမျိုး ဖမ်းဆီး၊ သတ်ဖြတ်ခဲ့ကြသည်။
ယင်းသို့ ပြည်သူများကို လာဘ်ထိုးခြင်း၊ ဖမ်းဆီးခြင်း၊ ခြိမ်းခြောက် ပြောဆိုခြင်းနှင့် သတ်ဖြတ်ခံရသည့်ကြားထဲက ပြည်သူများသည် AA ဖက်က မြင့်မားခိုင်ခံ့သည့် ကျောက်ဆောင်ကြီးများပမာ မားမားမတ်မတ် ဝန်းရံ ရပ်တည်ပေးခဲ့ကြသည်။ ပြည်သူ၏ ပူးပေါင်းပါဝင်မှုနှင့်အတူ မြို့သိမ်းတိုက်ပွဲများကို ဖော်ဆောင်နိုင်ခဲ့သည်။ မြို့သိမ်းတိုက်ပွဲများကို ဖော်ဆောင်နိုင်မှုကြောင့်လည်း ULA/AA သည် တော်လှန်ရေးအစိုးရတရပ်အနေဖြင့် တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်နေပြီလည်း ဖြစ်သည်။ ဌာနဆိုင်ရာများဖြင့် စနစ်တကျ တည်ဆောက် လည်ပတ်နေခြင်းဖြစ်သည်။ တချိန်တခါက ရက္ခိုင်ပြည်သူလူထုသည် “ ရက္ခိုင်ပြည်ကို ရက္ခိုင်လူမျိုး အုပ်ချုပ်မယ်။ ငါတို့ပြည်ကို ငါတို့ အုပ်ချုပ်မယ်” ဆိုသည့် ကြွေးကြော်သံများ ယနေ့အချိန်မှာ အပြောမဟုတ်ဘဲ လက်တွေ့ကျကျ အကောင်အထည် ဖော်ဆောင်ထားနိုင်ပြီး ဖြစ်သည်။
ULA/AA သည် State Building ဟု ခေါ်ဆိုသည့် တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းစဉ်များအတွက် ဆေးကျောင်း ဖွင့်လှစ်ထားခြင်း၊ အခြေခံနှင့် အဆင့်မြင့်ပညာရေးဌာန၊ နည်းပညာရပ်ဌာန၊ DLEPSဌာန၊ ဥပဒေရေးရာဌာန၊ စည်ပင်သာယာရေးဌာနနှင့် ဘာသာ၊ သာသနာရေးရာဌာန အစရှိသဖြင့် တိုင်းပြည်တပြည်တွင် လိုအပ်ပြီး ရှိသင့်ရှိထိုက်သည့် ဌာနဆိုင်ရာများကိုလည်း စနစ်တကျ တခုချင်းစီ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်သည်။ လူငယ်စွမ်းရည်မြှင့် သင်တန်းများကိုလည်း သင်ပြပေးလျှက် ရှိနေသည်။ တဖက်တွင်လည်း Nation Building ဟု ခေါ်ဆိုသည့် မတူကွဲပြားသော လူမျိုးများ၏ ကိုးကွယ်မှု ဘာသာတရား၊ ဓလေ့ထုံးတမ်း အစဉ်အလာ၊ ရိုးရာယဉ်ကျေးမှုနှင့် အမျိုးသားရေး လက္ခဏာရပ်များကို အသိအမှတ်ပြုကာ တန်ဖိုးထားပေးလေ့ ရှိနေသည်။ အာရက္ခပြည်အတွင်း နေထိုင်ကြသည့် လူမျိုး၊ ဘာသာမရွေး အားလုံး ပူးပေါင်းပါဝင်နိုင်သည့် အမျိုးသား ကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက် (NDEP) ကိုလည်း ပြဋ္ဌာန်းပေးထားပြီး ဖြစ်သည်။
တော်လှန်ရေးနှင့် အရေးပေါ်ကာလတွင် တိုင်းပြည် တည်ဆောက်ရေး လုပ်ငန်းစဉ်များအတွက် မိမိတို့၏ အသိစိတ်ဓာတ်ဖြင့် ULA/AA ထဲသို့ ဝင်ရောက်ရန် နှောင့်နှေးနေကြသည့် ပြည်သူများကို တိုင်းပြည်၏ တောင်းဆိုချက်အရ စည်းကမ်း စည်းမျဉ်းများ ရေးဆွဲ ပြဋ္ဌာန်းကာ သတ်မှတ်ချက်များဖြင့် လူမျိုး ဘာသာမရွေး ခေါ်ယူခြင်း ဖြစ်သည်။ ရပ်တိုင်း၊ ရွာတိုင်းနီးပါးတွင်လည်း ရပ်/ကျေး ကိုယ်စားပြုပါတီ အဖွဲ့အစည်း (များ) ကို ဖွဲ့စည်းလျက် ရှိနေသည်။ NDEP သင်တန်း ပေးပြီးသည့်အခါလည်း တည်ဆောက်ရေး လုပ်ငန်းစဉ်များအတွက် လိုအပ်သည့် ဌာနဆိုင်ရာများတွင် လူမှန် နေရာမှန်ဖြင့် ပူးပေါင်း လုပ်ကိုင် ဆောင်ရွက်စေနိုင်ရန် ခွဲတမ်း ချပေးရမည်ဟု ရှုမြင်မိပါသည်။ သင်တန်းဆင်း ပြည်သူများကလည်း လိုလိုလားလားဖြင့် တာဝန်ယူ ဆောင်ရွက်ကြရန် လိုအပ်ပါသည်။ ယင်းကြောင့် ခွဲတမ်းချပေးကာ သက်ဆိုင်ရာဌာနများတွင် တာဝန်ထမ်းဆောင်စေခြင်းသည်ပင် ပြည်သူ့ရေးရာ စီမံကိန်းများကို စနစ်တကျ အကောင်အထည် ဖော်ဆောင်ခြင်းဟု နားလည်နိုင်ပါသည်။
တိုင်းပြည်တပြည်တွင် ယေဘုယျအားဖြင့် လိုအပ်ချက်ဖြစ်သော အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်နှင့် စတုတ္ထမဏ္ဍိုင်ဟု ခေါ်ဆိုသော သတင်းမီဒီယာမဏ္ဍိုင် ဆိုသည့် တိုင်းပြည်၏ မဏ္ဍိုင်ကြီးလေးရပ်လည်း ရှိထားပြီး ဖြစ်သည်။ “ တိုင်းပြည် ပျက်စီးချိန်နှင့် တိုင်းပြည် တည်ဆောက်ချိန်မှာ လိုအပ်ချက်များ အတူတူ ဖြစ်သည်” ဆိုပြီး နိုင်ငံရေး အတွေးအခေါ်နှင့် အယူအဆများတွင် မှတ်ချက် ပြုထားကြသည်ကို တွေ့ရှိရသည်။ ULA/AA သည် တော်လှန်ရေးတဖက်ဖြင့် တိုင်းပြည်ကို တည်ဆောက်နေရခြင်း ဖြစ်သည်။ ယင်းကြောင့် ဌာနဆိုင်ရာများက ဝန်ထမ်းများ လုပ်ငန်း အတွေ့အကြုံနှင့် အရည်အသွေး အားနည်းမှုများ ဖြစ်လာသည့်အခါ လိုအပ်ချက်များ ရှိကောင်း ရှိနေပါလိမ့်မည်။
ထိုသို့ ဌာနဆိုင်ရာက ဝန်ထမ်းများ၏ လိုအပ်ချက်များ ဖြစ်လာသည့်အခါလည်း အပျက်သဘော မဆောင်ဘဲ အပြုသဘောဖြင့်သာ ဝေဖန် ထောက်ပြပေးကြရမည် ဖြစ်သည်။ တချို့သော ဌာနဆိုင်ရာများက ဝန်ထမ်းများ ဆိုပါကလည်း တာဝန်ကို အခွင့်အရေးနှင့် အာဏာအဖြစ် အသွင်ဆောင်စေကာ ပြည်သူကို ကြမ်းတမ်းစွာ ပြောဆို ဆက်ဆံ ကိုင်တွယ်မှုများ ရှိကောင်း ရှိနိုင်သည်။ တာဝန်ကို အာဏာထင်ကာ တလွဲကြီး လုပ်ဆောင်မှုများလည်း ရှိနိုင်ပါလိမ့်မည်။ ULA/AA နှင့် ဌာနဆိုင်ရာများသည် ပြည်သူမှ ဖြစ်တည်လာသော ပြည်သူ့ကိုယ်စားပြုများ ဖြစ်ကြသည်။ ပြည်သူနှင့် သွေးကွဲအောင် ဝေဖန် ထိုးနှက်မှုများ မပြောဆို၊ မပြုလုပ်မိကြရန် အရေးကြီးသည်။ ULA/AA နှင့် ပြည်သူ၊ ပြည်သူနှင့် ULA/AA သည် တသွေးတသားတည်း ထားရှိရန် လိုအပ်ပါသည်။ စိတ်ဝမ်းမကွဲရန်လည်း သတိထား ပြောဆိုကြရမည် ဖြစ်သည်။ အစိုးရဖက်က သတိထား ကိုင်တွယ် ဆောင်ရွက်ရမည် ဖြစ်သလို ပြည်သူဖက်ကလည်း ဆင်ဆင်ခြင်ခြင် ထိန်းထိန်းသိမ်းသိမ်းဖြင့် ပြောဆိုကြရမည် ဖြစ်သည်။
ဤကိစ္စနှင့် ပတ်သက်၍ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်သည် စာရေးဆရာတချို့နှင့် တွေ့ဆုံရာတွင် “ AA မှာဖြစ်ဖြစ်၊ ULA မှာဖြစ်ဖြစ် အားလုံးက ပြည်သူတွေ စုပုံနေကြတာပဲလေ။ သားမရှိရင် သမီးရှိကြတယ်။ သမီးမရှိရင် သားရှိကြတယ်။ သားသမီးတွေ မရှိရင်လည်း ဆွေမျိုးဉာတကာတွေ ရှိကြတာပါပဲ။ နောက်ဆုံး ဆွေမျိုးသားချင်းတွေ မရှိရင်တောင် ဒီ အာရက္ခပြည်သူတွေပဲလေ။ ဘယ် နိုင်ငံခြားသားတွေက ကျူးကျော်ဝင်ရောက် အုပ်ချုပ်နေတာမှ မဟုတ်တာ။ ကျနော်က အဖွဲ့ချုပ် ဥက္ကဋ္ဌဖြစ်နေလို့၊ စစ်ဦးစီးချုပ်ဖြစ်နေလို့ ပြည်သူထဲမှာ အကျုံးမဝင်ဘူး ဆိုရင်တောင်မှ ကျနော့်မှာရှိနေတဲ့ သားသမီးတွေက ပြည်သူတွေပဲလေ။ ကျနော်ကိုယ်တိုင်လည်း ဒီအနေအထားမျိုးကို မရောက်ခင် ပြည်သူတယောက်ပါပဲ။ ULA/AA ကလည်း ပြည်သူနဲ့ မကင်းသလို ပြည်သူလည်း ULA/AA နဲ့ ကင်းကွာတာမှ မဟုတ်တာ။ အဲ့ဒါကြောင့် အာရက္ခ ပြည်သူ့ တော်လှန်ရေး အစိုးရဆိုတာလည်း ဒီ ပြည်သူတွေရဲ့ အစိုးရပဲလေ။ ပြည်သူတွေကို ကိုယ်စားပြုနေရတာပဲ။ ဘာလို့ ပစ်ပစ်ခါခါ ပြောကြရမှာလဲ။ ပစ်ပစ်ခါခါပြောရင် တဖက်ရန်သူက အားရဝမ်းသာ ဖြစ်နေမှာပေါ့” ဆိုပြီး ထုတ်ဖော် ပြောဆိုဖူးသည်။
ဌာနဆိုင်ရာတချို့တွင် ဝန်ထမ်းတချို့၏ အပြောအဆို အပြုအမူနှင့် လုပ်ဆောင်ချက်များမှာ လိုအပ်ချက် ရှိနေသည်ဟု ပြောဆိုသံများကိုလည်း ကြားသိနေရသည်။ လုပ်ငန်း အတွေ့အကြုံကလည်း စကားပြောသလို တာဝန်ကို အာဏာအထင်ဖြင့် မူဝါဒနှင့် လွဲချော်ကာ ပုဂ္ဂိုလ်ရေးအမြင်ဖြင့် လုပ်ဆောင်သောကြောင့် တချို့ လုပ်ရပ်များမှာ မှားယွင်းမှုမျိုးလည်း ရှိကောင်း ရှိနိုင်သည်။ ယင်းသို့ ဌာနဆိုင်ရာများက လိုအပ်ချက်များ ဖြစ်ပေါ်လာသည့်အခါ ပြည်သူတချို့၏ ပေါက်ကွဲသံများသည် ကြိုးပြတ်သွားသည့် စောင်းသံပမာ Facebook လူမှုကွန်ရက်ပေါ်ကတဆင့် ပြင်းထန်သည့် ပေါက်ကွဲသံစဉ်အဖြစ် လူထုဆီသို့ ပြန့်နှံ့ ရောက်ရှိသွားရသည်။ ဤအရာသည် မြေပြင်တွင် တာဝန်ယူ လုပ်ဆောင်နေကြသည့်ပုဂ္ဂိုလ်များအနေဖြင့် သတိထား ဆင်ခြင်ရမည့် အချက် ဖြစ်သည်။ ထိပ်ပိုင်းဆိုင်ရာ ပုဂ္ဂိုလ်များက မြေပြင်သို့ ကွင်းဆင်းကာ စစ်တမ်းကောက်ယူပြီး ကုစားပေးရမည့် ပြည်သူ့အနာတရ ဒဏ်ရာဒဏ်ချက်များလည်း ဖြစ်ကြသည်။ ပြည်သူတချို့ကလည်း ဌာနဆိုင်ရာ ပုဂ္ဂိုလ်တချို့၏ လိုအပ်ချက်များကို အပြုသဘော မဆောင်ဘဲ အပျက်သဘော ဆောင်သည့် စကားသံများဖြင့် ထိုးနှက်နေကြသည်ကို Facebook လူမှုကွန်ရက် စာမျက်နှာတွင် တွေ့မြင်နေရသည်။ တချို့ ပြည်သူတွေဆိုရင်လည်း တရားရင်ဆိုင်ကြရသောကြောင့် တရားရှုံးသွားသည့် သူများသည် ULA/AA ကို ပြည်သူဆိုသည့် စကားလုံး ဝေါဟာရကို အင်အားအဖြစ် အသုံးချကာ အပြစ်တင်စကားများ ပြောဆိုလာခြင်းမျိုးလည်း ရှိကြသည်။ တချို့ အမှုသည်များသည် တရားတဘောင် ရင်ဆိုင်ကြရသည့်အခါ ရှုံးနိမ့်မည်ကို သိရှိထားကြသော်လည်း အရှုံးမပေးလိုသည့် စိတ်ဖြင့် တရားခွင်သို့ တက်လှမ်းလာသည်မျိုး ရှိကြသည်။ ထိုသူများ တရားရှုံးသွားသည့်အခါ ULA/AA ကို မကောင်းမြင်၊ မကောင်းပြောဆိုမှုများ ရှိလာကြသည်။ အစိုးရနှင့် ပြည်သူကို သွေးခွဲစကားများ ပြောဆို လာတတ်ကြသည်။
ဤကိစ္စနှင့် ပတ်သက်၍လည်း တပ်မှူးချုပ် ပြောကြားသည်မှာ “ တချို့လူတွေက အများအကျိုး၊ ပြည်သူ့အကျိုးကို ပျက်စီးအောင် လုပ်ဆောင်ကြတယ်။ တရားမမှုတွေမှာ တရားရှုံးပြီးဆိုရင် ULA/AA ကို မကောင်း ပြောချင်လာကြတယ်။ AA ဆိုရင် ရေတောင်မှ မတိုက်ချင်တော့ဘူး ဆိုတဲ့အထိ ပြောဆိုလာကြတယ်။ သူတို့တွေကပဲ ပြည်သူထဲကို ဝင်ပြီးတော့ ကျနော်တို့လည်း ပြည်သူတွေပါဆိုပြီး ပြည်သူ့အားကို အသုံးချကာ အပြစ်တင် စကားတွေနဲ့အတူ အသံထွက်ဆို လာကြတယ်။ ဒါမျိုးတွေကတော့ မဖြစ်သင့်ဘူးလေ” ဆိုပြီး ပြောဆိုခဲ့သည်။
ဌာနဆိုင်ရာ ဝန်ထမ်းများ၏ လုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်ပြီးတော့လည်း တပ်မှူးချုပ် ပြောကြားသည်မှာ “ ကျနော်တို့မှာက ဘယ်အရာတွေကို ဘယ်လိုမျိုး လုပ်ဆောင်ရမယ်။ ဘယ်အရာတွေကို မလုပ်ဆောင်ရဘူးဆိုပြီးတော့ တိတိကျကျ ညွှန်ကြားထားတာတွေ၊ သင်တန်းတွေ ပေးထားတာတွေက မရှိသလောက်ပါပဲ။ သင်တန်းပေးလို့ ရန်သူက သိသွားရင် ဗုံးလာကြဲမှာပေါ့လေ။ ဒီအတိုင်း အလုပ်ကို အလုပ်က သင်ယူနေကြတာပဲ ရှိတယ်။ အပြစ်တွေ ကျူးလွန်လာပြီ ဆိုရင်တော့ ပြစ်ဒဏ် ပေးတာတွေတော့ ရှိတာပေါ့။ မပေးဘဲ ဘယ်နေပါ့မလဲ” ဆိုပြီးလည်း ပြောဆိုသည်။
တချို့ ပြည်သူကလည်း လုပ်ဆောင်ချက်ပိုင်းတွင် လိုအပ်ချက်များ ဖြစ်နေကြသည့် ဝန်ထမ်းများကို အရေးယူ ဆောင်ရွက်ပေးဖို့နဲ့ သက်ဆိုင်ရာဌာနက ဖယ်ထုတ်လိုက်ဖို့အထိ ပစ်ပစ်ခါခါ ပြောဆို ရေးသား နေကြသည်ကိုလည်း တွေ့မြင်နေရသည်။ ဤကိစ္စနှင့် ပတ်သက်၍လည်း တပ်မှူးချုပ် ပြောကြားဖူးသည် “ ကျနော်တို့မှာက ပုဆိုးတထည်မှာ အပေါက်ကလေး တပေါက်ပါနေရင် အဲ့ဒီပုဆိုးကို အသုံးမပြုဘဲ ဒီအတိုင်း ပစ်ပယ်ထားလို့ မဖြစ်ဘူးလေ။ အပေါက်ကို ဖာထီးလို့ပဲဖြစ်ဖြစ်၊ အပေါက်ကို ဖုံးကွယ် လှည့်ပတ်လို့ပဲဖြစ်ဖြစ် ဝတ်ဆင်နိုင်တာပေါ့။ ဝန်ထမ်းတွေထဲမှာလည်း ဒီအတိုင်းပါပဲ။ ပြစ်မှုတခု ကျူးလွန်ထားလို့ အဲ့ဒီဝန်ထမ်းကို ထုတ်ပယ်ပစ်ရမယ်ဆိုတာ မဟုတ်ပါဘူး။ ပြစ်ဒဏ်ကို ပေးပြီးမှ ပြန် အသုံးပြုရတာတွေ ရှိတာပေါ့” ဆိုပြီး တပ်မှူးချုပ်နှင့် နီးကပ်သူတဦး၏ ပြောပြချက်ဖြင့် သိရသည်။ ပြည်သူတွေအနေနဲ့ ULA/AA သာ ရှိကြောင်း၊ တခြား မရှိပါကြောင်း၊ အာရက္ခပြည်သူလူထု တရပ်လုံးအတွက် ULA/AA ကို လောင်းလှေဖြင့် ဥပမာပေး ပြောဆိုသည်မှာ “ ခုအချိန် ကျနော်တို့မှာက ဒီ (ULA/AA) လှေပဲ ရှိတာလေ။ ဒီလှေကို တက်စီးနေကြရတာပဲ။ ဒီလှေနစ်မြုပ်သွားရင် အာရက္ခပြည်နဲ့ အာရက္ခပြည်သူလူထုတရပ်လုံး နစ်မြုပ်သွားမှာပေါ့။ ဒီလိုမျိုး အဖြစ်မခံနိုင်ဘူးလေ။ ဒီလှေ နစ်မမြုပ်ဖို့အတွက်ပဲ ပြည်သူတွေက ဝန်းရံပေးကြရမှာပေါ့” ဆိုပြီးလည်း တပ်မှူးချုပ်က ပြောဆိုခဲ့ဖူးပါသည်။
မင်းသုတ