လူမျိုးတိုင်း လူမျိုးတိုင်တွင် ယဥ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာတရား၊ ဓလေ့ထုံးစံဆိုတာ ရှိကြစမြဲ။ လူမျိုးတမျိုးရဲ့ သွင်ပြင်လက္ခဏာ အယူအဆ မတူညီမှုများကပဲ ကမ္ဘာကြီးရဲ့ ဖြစ်တည်မှု တစ်ခုပင်။ ဒါကို မိမိနှင့် အယူဝါဒ မကိုက်ညီဘူးဆိုပြီး ကျဥ်းမြောင်းတဲ့ အစဥ်အလာ တွေးခေါ်မှု ပေတံနဲ့ တိုင်းတာလို့ မရပါဘူး။
ယဥ်ကျေးမှုအကြောင်း ပြောမယ်ဆိုရင် တိုင်းပြည်၊ လူမျိုး၊ လူ့အဖွဲ့အစည်းနဲ့ ရောထွေးယှက်တင် ပြောဆိုတတ်ကြတယ်။ တစ်ခုနှင့်တစ်ခု အပြန်အလှန် ချိတ်ဆက်နေတာကတော့ ငြင်းမရပါဘူး။ ဒါပေမယ့် ဒီအရာတွေကို ခွဲခြမ်းစိတ်ဖြာ ကြည့်မယ်ဆိုရင် ယဥ်ကျေးမှုဆိုတာ လူတစ်စု၊ လူမျိုးတစ်မျိုးစတဲ့ တူညီစွာလက်ခံကျင့်သုံးကြတဲ့ နေထိုင်မှုပုံသဏ္ဍာန်တစ်ရပ် ဖြစ်တယ် ဆိုတာပဲ။ ရက္ခိုင်ဒေသမှာ ကလေးငယ်တွေကို ချစ်ရင် ခေါင်းလေးပွတ် ယုယတတ်ကြတယ်။ အမေရိကမှာကျတော့ လူစိမ်းတစ်ယောက်က ကလေးကိုချစ်လို့ ခေါင်းပွတ်ပြီး ယုယရင် မိဘတွေက မကြိုက်ကြဘူး။ ဘာကြောင့် မကြိုက်လဲဆိုရင် ကလေးတွေကို လူကုန်ကူး ရောင်းစားဖို့ သွေးဆောင် ဖျားယောင်းတယ်လို့ ထင်တတ်ကြတယ်။ သူ့ယဥ်ကျေးမှု အယူအဆနဲ့သူ ရပ်တည် နေထိုင်ကြတာပဲ ဒါဟာ အပြစ်မဟုတ်ဘူး။
*လူ့အဖွဲ့အစည်းအတွင်း ထက်/အောက် ကွာဟမှု
လူ့အလွှာ အဆင့်အတန်း ကွဲပြားမှုဟာ ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ရှိနေတုန်းပါပဲ။ ဘယ်လောက်ပဲ ခွဲခြားဆက်ဆံခြင်း မရှိစေရလို့ ပြောပါစေ၊ အနည်းနဲ့အများတော့ ရှိနေကြတာပါပဲ။ လူ့အဖွဲ့အစည်းအတွင်း အလွှာအဆင့်များ ကွဲပြားရာတွင် ကဏ္ဍသုံးရပ် ရှိတယ်လို့ ဗေဘာ ပြောခဲ့ဖူးတာ မှတ်မိတယ်။ စီးပွားရေး မညီမျှမှု၊ လူ့အဖွဲ့အစည်းအတွင်း ဘယ်လောက် အရိုအသေပေးခြင်း၊ အလေးဂရုပြုခြင်း၊ အာဏာ စတဲ့ အချက်တွေနဲ့ အချိုးကျ ဆက်စပ်နေတယ်။ စီးပွားရေးမညီမျှမှုကို လူတန်းစားဆိုတဲ့ အသုံးအနှုန်းနဲ့ပင် သတ်မှတ် ပြောဆိုလေ့ ရှိကြတယ်။ ဆင်ခြေလျောတစ်ခုကို ပိုင်းခြားသကဲ့သို့ အထက်အောက် အနိမ့်အမြင့် အဆင့်ဆင့် ပိုင်းခြားနိုင်တယ်။ လူ့အဖွဲ့အစည်းအတွင်း ဘယ်လောက် အရိုအသေပေးခြင်း၊ အလေးဂရုပြုခြင်း ခံရသနည်း စတဲ့ အချက်ပေါ်မှာ အခြေခံတဲ့ လူမှုအဆင့် (ဝါ) ဂုဏ်သိန်အဆင့်တို့နှင့်အတူ အာဏာနဲ့လည်း ဆက်စပ်နေတယ်။ ဂျပန်လူမျိုးတွေဟာ ရိုးရာအစဥ်အလာကို အလေးထားကြသူများ ဖြစ်သလို၊ လူတစ်ဦးချင်းစီရဲ့ လူမှုအဆင့်ကို အကဲဖြတ်တဲ့အခါတိုင်း မိသားစု ရာဇဝင်ကို ထည့်သွင်း စဥ်းစားစရာ အချက်တစ်ခုအဖြစ် ပေါ်လာတတ်ကြစမြဲ ဖြစ်တယ်။ တရားဝင်အားဖြင့် လူတိုင်းဟာ ဥပဒေရှေ့မှောက်မှာ တန်းတူညီမျှခွင့် ရှိကြတယ်။ ဂျပန်ပြည်တွင် အစဥ်အလာ အယူအဆများပေါ်မှာ အခြေတည်တဲ့ ယောက်ျားနှင့်မိန်းမကြား လူမှုအဆင့် ကွာဟမှုများ ယနေ့တိုင် ဆက်လက် တည်ရှိနေဆဲပါပဲ။ ရက္ခိုင်လူ့အဖွဲ့အစည်း အတွင်းမှာလည်းပဲ တောင်ပိုင်း၊ မြောက်ပိုင်း၊ အနောက်ချောင်းသား၊ ရမ်းဗြဲသား၊ ရက္ခိုင်သား စတဲ့ ဇာတ်သဘာဝစနစ် မျက်လုံးများဖြင့် ပြောဆို ဆက်ဆံနေကြသည်မှာ စိတ်မကောင်းစရာပင်။ တကယ်တော့ ရက္ခိုင်လူမျိုးလို့ပဲ ရှိတယ်။ ဘယ်တိုင်းရင်းသားကမှ ရမ်းဗြဲလူမျိုးလား၊ ချောင်းသားလူမျိုးလားလို့ မမေးကြပါဘူး။ ဒီလို ခွဲခြားဆက်ဆံခြင်းဟာ ဘေးထွက်ဆိုးကျိုးကိုသာ ဖြစ်စေပြီး ရက္ခိုင်တွေ မျှော်လင့်ထားတဲ့ ရွှေပြည်တော်ကြီးနဲ့ ပိုပြီး ဝေးကွာသွားစေပါတယ်။ ဒီတော့ စည်လုံးခြင်းဖြင့် မိမိတို့လိုရာပန်းတိုင်ရောက်ဖို့ ညီညီညွတ်ညွတ်၊ မခွဲမခြား မကွဲမပြား ချီတက်ရမှာပဲ။
*နည်းပညာတိုးတက်မှုနဲ့ လူသားဖြစ်စဥ်
၂၁ ရာစု နည်းပညာ တဟုန်ထိုး ပြောင်းလဲတိုးတက်လာမှု၊ စွမ်းအင်လောင်စာ ရှားပါးလာမှုတွေဟာ နေ့စဥ်နဲ့အမျှ စိန်ခေါ်နေတာကြောင့် လူသားဖြစ်တည်မှုဟာ ကျဥ်းကျုံ့ပြီး စားနပ်ရိက္ခာရရှိဖို့ လူသားတွေဟာ ခက်ခဲသထက် ခက်ခဲလာခဲ့ရာ လူသားတွေရဲ့ နဂိုမူလပုံစံအတိုင်း ရပ်တည်နေထိုင်ဖို့ရာ မဖြစ်နိုင်တော့တဲ့ အခြေအနေသို့ ဆိုက်ရောက်လာပြီ။ လူ့အဖွဲ့အစည်းတစ်ရပ်ဟာ လိုအပ်တဲ့ ရုပ်ဝတ္ထုပစ္စည်းများ ပိုလျှံအောင် ထုတ်လုပ်လာနိုင်တဲ့အခါ ရှေးယခင်က မိဖရိုးရာ လုပ်ငန်း လုပ်ကိုင်ရုံလောက်နဲ့ မလုံလောက်တော့ဘူး။ စက်မှုနည်းပညာများ ထွန်းကားလာခြင်းနှင့်အတူ လူ့အဖွဲ့အစည်းအတွင်း ပြောင်းလဲမှုတွေဟာလည်း အလွန်ပင် မြန်ဆန်လာတယ်။ နည်းပညာ အဆင့်မြင့်တဲ့ နိုင်ငံများတွင် လူတွေရဲ့သက်တမ်း ၇၅ နှစ်မျှ ရှိနေချိန်မှာ၊ နည်းပညာ အဆင့်နိမ့်နေသေးတဲ့ နိုင်ငံများရဲ့လူ့သက်တမ်းဟာ ၅၀/၆၀ ခန့်သာ ရှိတယ်လို့ စစ်တမ်းတစ်ခုမှာ ဖော်ပြထားတယ်။ အရာရာမှာ အဆိုးအကောင်း ဒွန်တွဲနေသလို နည်းပညာများ အထိန်းအချုပ်မရှိ သုံးစွဲခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးလာသလို လူသားထုရဲ့ အနာဂတ်ကို ခြိမ်းခြောက်လာနေသလို၊ ဖျက်အားလွန်ကဲတဲ့ လက်နက်ကြီးများကြောင့်လည်း ကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါအားလုံး မျက်စိတမှိတ် လျှပ်တစ်ပြက်အတွင်း ပျက်စီး ပျောက်ကွယ်သွားနိုင်တဲ့ အန္တရာယ်လည်း ရှိလာပြန်တယ်။ ဒါဟာ သတိထားရမယ့် အရာတစ်ခု ဖြစ်လာပြီ။
* ယဥ်ကျေးမှု၊ နိုင်ငံ၊ လူသား
ယဥ်ကျေးမှု (culture) ဆိုတာ လူတစ်စု၊ လူမျိုးတစ်မျိုး စတဲ့ တူညီစွာ လက်ခံထားကြတဲ့ နေထိုင်မှုပုံသဏ္ဌာန်တစ်ရပ် ဖြစ်တယ်။ နိုင်ငံဆိုတာ( nation) ဆိုတာ နယ်နိမိတ်၊ နယ်မြေဒေသ တစ်ခုကို နိုင်ငံရေးသဘောအရ ခေါ်ဆိုခြင်းဖြစ်ပြီး လူ့အဖွဲ့အစည်း (society)ဆိုတာကတော့ နိုင်ငံ သို့မဟုတ် အခြားနယ်ပယ် အဝန်းအဝိုင်းတစ်ခုအတွင်း အတူတကွ ဆက်ဆံနေထိုင်ကြသူ လူစုကို ခေါ်တယ်။ ယဥ်ကျေးမှုကဏ္ဍတွင် တစ်ခုတည်း တစ်မျိုးတစ်စားတည်း ယူဆလို့မရနိုင်ပါ။ ဥပမာ အာရက္ခဒေသဟာ ယဥ်ကျေးမှုပေါင်းစုံရှိတဲ့ လူ့အဖွဲ့အစည်းတစ်ခုလည်း ဖြစ်တယ်။ မတူကွဲပြားတဲ့ ယဥ်ကျေးမှုစနစ်များ ကျင့်သုံးတဲ့မျိုးနွယ်စုများ အချင်ချင်း ရောနှောဆက်ဆံ နေထိုင်ကြရင်း ရံဖန်ရံခါလည်း ပဋိပက္ခများ ဖြစ်ပွားတတ်သော သဘောရှိတတ်ကြပြန်တယ်။ ခေတ်အဆက်ဆက်က အရိုးစွဲလာတဲ့ တချို့အယူအဆတွေကို ၂၁ ရာစုထဲမှာ အသုံးမဝင်သောအရာများအား ချန်လှပ်ထားခဲ့သင့်နေပါပြီ။ လူ့အဖွဲ့အစည်းတစ်ခုဟာ အများနဲ့ဆက်ဆံရာမှာ ရိုင်းစိုင်းခက်ထန်နေရင် ဘယ်သူကမှ အရေးတယူ ရှိတော့မှာ မဟုတ်တော့ပါဘူး။ ဒါဟာ လိမ္မာပါးနပ်မှု မရှိခြင်းရဲ့ ရလဒ်ပဲ ဖြစ်တယ်။ ဥပမာအနေနဲ့ ပြောရရင် တရုတ်နိုင်ငံဟာ တရုတ်လူ့အဖွဲ့အစည်းအတွင်းမှာ တရုတ်စံနှုန်းနှင့် ယုံကြည်မှုများဟာ သမမျှတစွာ ပျံ့နှံ့မှုရှိတယ်လို့ ယေဘုယျ မြင်နိုင်ပြီး၊ ဂျပန်နိုင်ငံ ဂျပန်လူ့အဖွဲ့အစည်း ကြည့်ရင်လည်း အလားတူ သဘောပင် မြင်တွေ့ရလိမ့်မယ်။ ဆိုတော့ ရက္ခိုင်လူ့အဖွဲ့အစည်းမှာလည်း သီးခြားစံနှုန်းများ၊ ယုံကြည်မှုများကို အစုလိုက် အကွက်လိုက် ရှိနေတဲ့ အယူအဆဟောင်း ရှိသူတွေအနေနဲ သမိုင်းသစ်ကာလတွင် ဖျောက်ဖျက်သင့်ပြီဟု ရှုမြင်မိပါတော့သည်။
ရေးသူ……………….မုတ်သုံမောင်