စစ်တွေမှာ လျှပ်စစ်မီးပေး၊ မီးကြိုးမဝယ်နိုင်သူ များပြား

အာရက္ခတိုင်းမ်စ် (၁၅ စက်တင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည်၊ စစ်တွေမြို့မှာ လျှပ်စစ်မီးတွေ စတင် လွှတ်ပေးနေပြီ ဖြစ်ပေမယ့် မီးရဖို့အတွက် သွယ်တန်း ချိတ်ဆက်ရမယ့် မီးကြိုးဖိုး မတတ်နိုင်သူ များပြားကြောင်း ဒေသခံတွေထံက သိရပါတယ်။

အလုပ်အကိုင် ရှားပါးပြီး အစစ အရာရာ ဈေးမြင့်တက်နေတဲ့ စစ်တွေမြို့မှာ လျှပ်စစ်မီးကို လိုချင်ပေမယ့်လည်း မီးကြိုးအတွက် ငွေကျပ် တစ်သိန်းကျော် ပေးဝယ်ရမှာမို့ အဆင်မပြေဘူးလို့ စစ်တွေဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“အခု ကျမတို့ ရပ်ကွက်မှာ မီးပေးဖို့ဆိုပြီး မီတာတွေ လာစစ်တာ ရှိတယ်။ အခု အဲဒီ မီတာစစ်ထားတဲ့ အိမ်တွေကို မီးတပ်မလားလို့ လိုက်မေးတယ်။ ကျမတို့ကလည်း တပ်မယ်ပေါ့။ ဒါပေမယ့် မီးကြိုးကရောလို့ ဆိုတော့ မီးကြိုး ကိုယ့်ဘာသာ ဝယ်ရမှာတဲ့။ ကျမတို့မှာ မီးကြိုးတွေက သူခိုးတွေ ခိုးသွားလို့ မရှိတော့ဘူးလေ။ ဆိုတော့ မီးကြိုးက အသစ်ဝယ်ရမယ်။ လက်ရှိ အခြေအနေမှာ ကျမတို့က အသစ်ဝယ်ဖို့ ဗြုန်းခနဲ အဆင်မပြေပါ။ ဘာလို့ဆို ကျမတို့ နေထိုင်တဲ့နေရာမှာက အစားအသောက်လည်း ရှားပါးတယ်။ အလုပ်အကိုင်လည်း မရှိတဲ့အခါ ကျမတို့က အဲဒီမီးကြိုးကို အပြင်ဈေးနှုန်းနဲ့ တစ်သိန်းကျော် ပေးလို့ ဝယ်ပြီး မီးတပ်ဖို့ အဆင်မပြေပါ။ နောက်တခုက မီးတပ်ရင် မီတာခ ဘယ်လောက်ကျမလဲလည်း မသိပါ” လို့ သူက ပြောပါတယ်။

မီးကြိုးဝယ်ရမယ့်အပြင် မီးတပ်ဆင်ခတွေလည်း ပေးရနိုင်တာကြောင့် သူများအိမ်တွေ မီးလင်းရင် ကိုယ့်အိမ်လည်း မီးလင်းချင်ပေမယ့် ငွေကြေးမတတ်နိုင်ကြောင်း သူက ဆက်ပြောပါတယ်။

“သူများ မီးလင်းရင် ကိုယ့်အိမ်လည်း မီးလင်းချင်တာပေါ့။ ဒါပေမယ့်လည်း မီးကြိုးကို အပြင်က ဝယ်ရဖို့၊ မီးတပ်ဖို့။ မီးတပ်ခ တစ်ခါ EPC က ဝန်ထမ်းတွေ မီးတပ်ဖို့လာရင် အိမ်မှာ မီးတပ်ရဦးမယ်။ မီးခလုတ်တွေ ဆင်ဖို့ ဘာဖို့ ကိုယ့်ဘာသာ လုပ်ရမှာပေါ့။ အဲဒီလို လုပ်ဖို့အတွက် သူတို့က ကျမတို့ကို အလကား လုပ်ပေးမှာလား။ မီးကြိုး တပ်ခ ပိုက်ဆံပေးရမှာပဲ မဟုတ်လား။ တောင်းတော့ တောင်းမှာပေါ့ လက်ဖက်ရည်ဖိုး ပေးပါ ဘာညာ။ အနည်းဆုံးက တိုင်နဲ့ဝေးရင် ဝေးသလောက် တိုင်နဲ့ နီးရင် နီးသလောက် အကွာအဝေးပေါ် မူတည်လို့ ကြိုးဝယ်ရရင် ကြိုးဝယ်ရဖို့နဲ့ မီးတပ်ရဖို့နဲ့။ ကြိုးဆိုင်ကလည်း ဈေးတက်သွားပြီ။ ကျမတို့အနေနဲ့က သူများ မီးလင်းရင်တော့ ကိုယ်လည်း လင်းချင်တာပေါ့။ မီးလုပ်ပေးတာတော့ မှန်ပါတယ်။ ဒါပေမယ့် ကျမတို့ လက်ထဲမှာ ငွေအား မတတ်နိုင်တဲ့အတွက် အခက်အခဲ ရှိပါတယ်” လို့ သူက ပြောပါတယ်။

ရက္ခိုင်ပြည်မှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလက တစ်ကျော့ပြန် တိုက်ပွဲမဖြစ်ခင် မိုခါမုန်တိုင်း တိုက်ခိုက်ခဲ့မှုကြောင့် ၃ နှစ်တိတိ လျှပ်စစ်မီး မရရှိခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ လျှပ်စစ်မီး ပြန်လည် ပေးဝေနေကာ အခုလအတွက် မီတာခနှုန်းထား သက်သာခွင့် ပြုတယ်လို့လည်း ကြားသိရပါတယ်။

Related posts

ရခိုင်မျိုးချစ်လူငယ်ဖောင်ဒေးရှင်းက ရန်ပုံငွေအတွက် ကံစမ်းမဲအစီအစဉ် ပြုလုပ်

Silent Message ဓာတ်ပုံပြပွဲက ပုံတချို့(ဓာတ်ပုံသတင်း)

ရက္ခိုင်ပြည်တွင်းက ဆေးဆိုင်များကို FDA ကွင်းဆင်းစစ်ဆေး