မုတ်သုံမောင်
၁၉၄၈ ခုနှစ် နောက်ပိုင်းမှစလာသော ပြည်တွင်းစစ်မီးသည် ယနေ့အချိန်ထိ ပြင်းထန်စွာ တောက်လောင်နေဆဲ ဖြစ်တယ်။ အာဏာရှင် စစ်အစိုးရတွေရဲ့ တံခါးပိတ်ဝါဒကို ကျင့်သုံးပြီး သူတို့ ပြုသမျှ နုခဲ့ရတယ်။ ကျောင်းသားတွေကို ရက်စက်စွာ သတ်ဖြတ် ဖမ်းဆီးခြင်း၊ ရဟန်းသံဃာတွေကို နှိပ်စက် ဖမ်းဆီး ထောင်ချခြင်း၊ နိုင်ငံ့ သဘာဝ သယံဇာတများကို ပြည်ပသို့ ထုတ်ရောင်းကာ မိမိကိုယ်ကျိုးအတွက် အသုံးပြုခြင်းတို့ကို နိုင်ငံသားတွေ ခါးစည်းခံခဲ့ရတာဟာ ကမ္ဘာကြေသော်လည်း ဥဒါန်း မကြေနိုင်သည့် ရာဇဝင် မော်ကွန်းအဖြစ် ထင်ကျန်နေဆဲ။ အနောက်နိုင်ငံများကလည်း မြန်မာနိုင်ငံ ပြည်တွင်းစစ်ပွဲများနဲ့ ပတ်သက်ပြီး အမျိုးမျိုး ဝေဖန် ထောက်ပြမှုများ ရှိသော်လည်း ဘာမှ ထိရောက်ခြင်း မရှိခဲ့ပေ။ တိုင်းရင်းသားတွေရဲ့ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ဘဝလုံခြုံရေးတို့ကို မျက်ကွယ်ပြုကာ စစ်အာဏာရှင် မိသားစု ကောင်းစားရေး ဝါဒကိုသာ တည်ဆောက်ခဲ့ကြတယ်။
*စစ်အာဏာရှင်စနစ်နဲ့ တော်လှန်ရေးခရီး
နိုင်ငံအပေါ် အုပ်ချုပ်နေသော စစ်အစိုးရ အဆက်ဆက်သည် လူထုကောင်းစားရေးကို ထည့်သွင်း စဥ်းစားမှု မရှိသည့်အတွက်ကြောင့် လက်နက်ကိုင် တော်လှန်ပုန်ကန်မှုများ အရှိန်အဟုန် ပြင်းသထက် ပြင်းလာခဲ့တာ အထူးအဆန်း မဟုတ်ပေ။ စစ်အစိုးရစနစ် ရှိနေသမျှ လက်နက်ကိုင် တော်လှန်ရေးလည်း ရှိနေအုံးမှာပဲ။ ယခုအချိန်တွင် မြန်မာနိုင်ငံသည် ကမ္ဘာ့အလယ်မှာ အထီးကျန် ဝိုင်းပယ်ခံထားရတဲ့ အခြေအနေမှ ဘယ်လို ရုန်းထွက်နိုင်အောင် ကြိုးစားကြမလဲ။ နှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေး စနစ်အောက်တွင် ရှိနေခဲ့သောကြောင့် ပြဿနာပေါင်း သောင်းခြောက်ထောင်မှာ ယခုထိတိုင် ကျန်ရှိနေသေးတယ်။ ဘယ်သူ့မှာတာဝန်ရှိလဲလို့ မေးရင် ဘော်လီဘော ပုတ်နေကြမှာပဲ။ အဖက်ဖက်က နိမ့်ကျလာပြီး ဗြူရိုကရေစီ စနစ်ကလည်း ဆက်လက် ကြီးထွားနေတုန်းပဲ။ နိုင်ငံသားတွေရဲ့ အခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ သွားလာခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ကူးသန်း ရောင်းဝယ်ခွင့်တွေကိုပါ တိုင်းရင်းသားဒေသတွေမှာ တားမြစ်လာပြီး အဆိုးဆုံးကတော့ ဖုန်းနဲ့ အင်တာနက်လိုင်းများကို ပိတ်ပင် ထိန်းချုပ်လိုက်ခြင်းဟာ လူထုနဲ့ နိုင်ငံတကာကြား ဆက်သွယ်မှု သတင်းအမှောင်ချလိုက်ခြင်းပဲ။ လူ့အခွင့်အရေး၊ နိုင်ငံသား အခွင့်အရေးဟူ၍ နည်းနည်းမျှ လေးစား တန်ဖိုးထားခြင်း မရှိသော စစ်အစိုးရရဲ့ ညှဥ်းပမ်း နှိပ်စက်မှုများ တစတစ ကြီးထွားလာမှုကို ပြည်သူလူထုက မခံမရပ်နိုင်အောင် ဖြစ်လာကာ လွတ်မြောက်လိုမှုကို ရှာရင်း လက်နက်စွဲကိုင် တော်လှန်လာကြတယ်။ နာကျင်ခံပြင်းမှုဟာ အသွင် ပြောင်းခဲ့တယ်။ ပိုဆိုးသည်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စွဲချက် အမျိုးမျိုးဖြင့် အကျဥ်းချ လိုက်ခြင်းပဲ။ ဒါဟာ ဒီမိုကရေစီလမ်းကြောင်းကို လမ်းလွှဲလိုက်ခြင်း ဖြစ်သလို မိမိတို့ အာဏာ တည်မြဲရေးကို ဆက်လက် ဆုပ်ကိုင်ဖို့ ကြိုးစားခြင်းပဲ။ မြန်မာနိုင်ငံဟာ ခုဆို လူသတ်ကွင်းလုံးလုံး ဖြစ်ခဲ့ရပြီ။ နေရာဒေသ အသီးသီးက ပြည်သူလူထုဟာ တော်လှန် ပုန်ကန်နေကြပြီး ညီနောင်သားချင်း မဟာမိတ်များဖွဲ့ကာ စုပေါင်းလို့ စစ်အစိုးရ ပြုတ်ကျရေးအတွက် တိုက်ပွဲ ဝင်နေကြပြီ။ ငရဲက လာတဲ့လူဟာ ပြာပူကို မကြောက်သလိုပဲ။ မြန်မာနိုင်ငံအဖို့ တိုင်းရင်းသား လက်နက်ကိုင်တွေကို ဘယ်လိုထိန်းချုပ်နိုင်မလဲ။ ငြိမ်းချမ်းမှုကို မတည်ဆောက်နိုင်လျှင် အပြက်ပြက်နဲ့ သွေးပိုထွက်လာမှာပဲ။ စစ်အစိုးရဟာ တိုင်းရင်းသား ဒေသတွေကို နေ့စဥ်နဲ့အမျှ လေယာဥ်နဲ့ ဗုံးကြဲ တိုက်ခိုက်လို့ ပြည်သူတွေ၊ ရဟန်းသံဃာတွေ အပါအဝင် ထောင်သောင်းချီ သေကြေ ပျက်စီးနေကြရတယ်။ ရပ်ရွာ အိုးအိမ်တွေ ပျက်စီး၊ သာသနိက အဆောက်အဦတွေ ပျက်စီး၊ လက်ပြတ် ခြေပြတ်တွေ ပိုများလာကာ မိဘမဲ့ ကလေးသူငယ် အရေအတွက်ဟာလည်း ခန့်မှန်းလို့တောင် မရတော့ပါဘူး။ ကိုယ့်လူမျိုးကိုယ် ပြန်သတ်တာဟာ အလွန် အာဏာရှင်ဆန် (မောဟကြီး) လွန်းသူတို့ရဲ့ လက္ခဏာပဲ။ ဟစ်တလာလို ကမ္ဘာ့သမိုင်းဝင် လူဆိုးကြီးတောင်မှ သူ့နိုင်ငံ၊ သူ့လူမျိုးကို ချစ်တတ်ခဲ့သေးတယ်။ ဒီနေရာမှာ ကျနော် ကမ္ဘောဒီးယားနိုင်ငံရဲ့ သမိုင်းဖြစ်စဥ် တခုကို သွား သတိရမိတယ်။ ကမ္ဘောဒီးယားနိုင်ငံဟာ ကြောက်မက်ဖွယ်ရာ လူမျိုးတုန်း သတ်ဖြတ်မှု ဖြစ်ပွားခဲ့တဲ့ နိုင်ငံတနိုင်ငံပဲ ဖြစ်တယ်။ နိုင်ငံရေးပါတီ တခုဖြစ်တဲ့ ခမာနီတွေဟာ ၁၉၇၅ ခုနှစ်မှာ ကမ္ဘောဒီးယားနိုင်ငံရေးအာဏာကို ရယူခဲ့ပြီး ငါးနှစ်အကြာမှာ ပြည်တွင်းစစ်နဲ့အတူ အဆုံးသတ် သွားခဲ့တယ်။ ခမာနီခေါင်းဆောင် ပိုပေါ့ဟာ ခေတ်မီ အကြောင်းအရာ အားလုံးကို ပိတ်ပင်ခဲ့တယ်။ ခေတ်မီဆေးဝါး၊ ဘဏ်တွေ၊ စတိုးဆိုင်တွေ၊ ကျောင်းပညာရေးတွေနဲ့ ဘာသာရေးတွေ အားလုံးကို ပိတ်ပင်ကာ တံခါးပိတ် ဝါဒကို ကျင့်သုံးခဲ့တယ်။ ကမ္ဘောဒီးယား လူ့အဖွဲ့အစည်းဟာ အစာရေစာ အငတ်ငတ် အပြတ်ပြတ်နဲ့ သေဆုံးခဲ့ကြရတယ်။ တချို့ဆို ခမာနီအစိုးရရဲ့ တရားလက်လွတ် သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတယ်။ အုပ်ချုပ်သူ အစိုးရ ပိုပေါ့ရဲ့ သတ်ဖြတ်မှုကြောင့် ကမ္ဘောဒီးယားလူမျိုး နှစ်သန်းနီးပါးဟာ မသေသင့်ပဲ သေခဲ့ရတယ်။ တချို့ ပြည်သူတွေကို အစုလိုက် အပြုံလိုက် မြေမြှုပ်ခြင်း ခံခဲ့ရတယ်။ အလွန် ရက်စက် ကြမ်းကြုတ်တဲ့ သမိုင်း ဖြစ်ရပ်ဆိုးကြီးပါပဲ။ လက်ရှိ မြန်မာနိုင်ငံဟာလည်းပဲ ကမ္ဘောဒီးယား နိုင်ငံရေး အသွင်သို့ တစတစ ချဥ်းနင်း ဝင်ရောက်လာသလို အသွင်ဆောင်နေတယ် ဆိုတာပဲ။
* တိုင်းရင်းသားဒေသတွေရဲ့ ကျီးလန့်စာစားဘဝများ
တိုင်းနဲ့ ပြည်နယ် ဒေသအသီးသီးဟာ ဘယ်အချိန် ဂျက်ဖိုက်တာ လာမလဲ၊ ဘယ်အချိန် Y-12 လာမလဲ၊ ဒရုန်းတွေကကော အလစ်အငိုက် ဖမ်းပြီး ဗုံးလာကြဲမှာလား စသည် စသည် စိတ္တဇ ခံစားမှုများ၊ မသေထမင်း မသေဟင်း စားပြီး သေရမယ့်နေ့ကို ထိုင်စောင့်နေသလို ဘဝသောက အပူတွေဟာ နေ့စဥ်ရက်ဆက် လောင်မြိုက် နေကြရတယ်။ ငြိမ်းချမ်း လုံခြုံမှု မရသရွေ့ ပြည်တွင်းစစ်ဟာ ဆက်လက် ကြီးထွားနေအုံးမှာပဲ။ စစ်ဘေးရှောင် ထောက်ပံ့ကြေးတွေ မရတဲ့အပြင် အလုပ်အကိုင် အခွင့်အလမ်းတွေ ရှားပါးပြီး စစ်ပွဲရဲ့ မြေစာပင် ဖြစ်နေရတဲ့ ပြည်သူတွေဘဝဟာ ဝဋ်ကြွေးလား၊ ကျိန်စာလား မဝေခွဲတတ်ကြတော့ပေ။ မငြိမ်းမချမ်း ဘဝနဲ့ ငြိမ်းချမ်းရေး မျှော်နေကြသူတွေဟာ ကိုယ့်အိမ် ကိုယ့်ရွာကို ဘယ်အချိန် ပြန်ရမလဲ၊ တန်းတူညီမျှတဲ့ လူ့အဖွဲ့အစည်းဟာ စစ်အာဏာရှင်စနစ် နိဂုံးချုပ်မှ ပေါ်လာမှာကို ပြည်သူတရပ်လုံး ယုံကြည်နေကြပြီ။ အဲတော့ တော်လှန်ရေးကိုသာလျှင် အားကိုး မျှော်လင့်ရင်း အနာဂတ်ကို မိမိသန္တာန်မှာ ပုံဖော်ရင်း ရသေ့စိတ်ဖြေ ဖြေကာ လက်တွေ့ အကျိုးမျှော်ဝါဒနဲ့ ကျင့်ကြံ နေကြရတာပါပဲ။ စာသင်ကျောင်းတွေကို ဗုံးကြဲ ဖျက်ဆီး၊ ဆေးရုံ ဆေးခန်းတွေကို ဗုံးကြဲ တိုက်ခိုက်တာဟာ ပြည်သူတွေရဲ့ ပညာရေး၊ ပြည်သူတွေရဲ့ ကျန်းမာရေးကို လုံးဝ အလေးမထားကြောင်း ဖော်ပြလိုက်တာပဲ။ ပညာကို ကောင်းမွန်စွာ မသင်ရရင် လူပြိန်းတွေ ခိုးဆိုး လုနှိုက်တွေ ပေါလာရင် စစ်အစိုးရက မိမိတို့ လက်အောက်ခံတွေအဖြစ် အတင်းအဓမ္မ သွတ်သင်းပြီး ခြယ်လှယ်ချင်သလို ခြယ်လှယ်လို့ ရပြီ။ အဲ့တော့ ပညာတတ်တွေ များဖို့ မလိုဘူး၊ ပညာမတတ်တဲ့လူတွေ များလေ ကောင်းလေပဲလို့ အုပ်ချုပ်သူ လူတန်းစားက ယူဆပုံရတယ်။ စစ်ဘေးရှောင် စခန်းတွေမှာ ကူးစက်ရောဂါနဲ့ အခြားရောဂါ ပေါင်းစုံတို့ကို ကုသရန် ဆေးဝါး အခက်အခဲရှိခြင်း၊ ကုန်ဈေးနှုန်းများ တဟုန်ထိုးတက်လာခြင်း၊ ဝင်ငွေ မရှိခြင်း စသည့် ပြဿနာများကြောင့် ရောဂါဖြစ်လျှင် ဆေးခန်းဆေးရုံ သွားရန် ငွေကြေး မရှိခြင်းတို့ကြောင့် ရောဂါဖြစ်ရင် အသက်ကိုသာ ဖက်နဲ့ ထုတ်ထားရတော့တယ်။ ဒီလို ဆိုရွားတဲ့ လူမှုဖြစ်စဥ်တွေကို သိသိရက်နဲ့ စစ်ခေါင်းဆောင်တွေဟာ ဗုံးကြဲလူသတ် အဆက်မပြတ် လုပ်နေတာဟာ ရည်ရွယ်ချက်ရှိရှိ ဖန်တီးနေကြတာပဲလို့ သုံးသပ်မိတယ်။
*ကွဲနေသော သမိုင်းမှန်စများကို ပြန်ဆက်ခြင်း
အာဏာရှင် စစ်အုပ်စုဟာ နည်းမျိုးစုံနဲ့ တော်လှန်ရေး အင်အားစုတွေကို ချေမှုန်းဖို့ ကြံစည်နေတယ်။ ပြည်သူတွေကို အောက်လုံးတွေ သုံးပြီး အယုံသွင်း မျက်လှည့်ပြမယ်။ ဒါဟာ အာဏာရှင် စစ်အုပ်စုရဲ့ အဠာရသ တမျိုးပဲ။ တရားမျှသော၊ လွတ်လပ်ငြိမ်းချမ်းသော၊ လုံခြုံဘေးကင်းသော၊ လူ့အခွင့်အရေး နိုင်ငံသားအခွင့်အရေး ပြည့်ဝသော ဒီမိုကရေစီစနစ်ကို အမှန်တကယ် ကျင့်သုံးပါက ငြိမ်းချမ်းရေးဆိုတာ ဝေးနေစရာ အကြောင်းမရှိပေ။ ခုလို အကြမ်းဖက်နည်းနဲ့ လက်နက်အားကိုးပြီး နိုင်ထက်စီးနင်း ပြုကျင့်နေမယ်ဆိုရင် ဒီထက်မက ပိုဆိုးရွားတဲ့ အခြေအနေဆိုးကြီးကို ရင်ဆိုင်ရအုံးမှာပဲ။ နိုင်ငံသားများဖက်က ကြည့်မယ်ဆိုရင် အဆိုးဆုံးထိ ရင်ဆိုင်ကျော်လွှားကာ မိမိတို့ ရသင့်ရထိုက်သော ရပိုင်ခွင့်များကို ရသည်အထိ တိုက်ပွဲဝင်နေကြအုံးမှာလည်း မလွဲမသွေ ဖြစ်တယ်။ စစ်အာဏာရှင်စနစ် အမြစ်ပြတ်မှ အနာဂတ် နိုင်ငံတော်ဟာလည်း ခေတ်မီဖွံ့ဖြိုး တိုးတက်လာလာမှာ ဖြစ်တယ်။ ဘယ်အရေးအရာမဆို ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။ စစ်အာဏာရှင်တွေဟာ ပြည်သူလူထုရဲ့ ရန်သူကြီးဘဝမှာ ဘယ်လောက်ရှည်ကြာမလဲ စောင့်ကြည့်ရအုံးမှာပါပဲ။
မုတ်သုံမောင်