အာရက္ခပြည် ပြုပြင်ပြောင်းလဲရေးအတွက် လိုအပ်နေသော ပညာရေးစနစ်

🖊️မင်းသုတ🖊️

“ ပညာရေးစနစ်သည် တိုင်းပြည်၏ အနာဂတ်ကို ပြဋ္ဌာန်းသည်” ဆိုသည့် စကားပုံ ရှိသည်။ ဆိုလိုသည်မှာ တိုင်းပြည်တစ်ပြည်၏ အနာဂတ်သည် ပညာရေးစနစ်အပေါ်မှာ မူတည်နေသည်ကို ပြောဆိုခြင်း ဖြစ်၏။ ပညာရေးစနစ် ကောင်းမွန်ပါက တိုင်းပြည်၏ အနာဂတ် ကောင်းမွန်နိုင်သည်။ တိုင်းပြည်လည်း တိုးတက်နိုင်ပါမည်။ ပညာရေးစနစ် မကောင်းမွန်ပါက တိုင်းပြည်၏ အနာဂတ် ကောင်းမွန်လာမည် မဟုတ်ပါ။ တိုင်းပြည်လည်း တိုးတက်လာမည် မဟုတ်ပါ။ အနာဂတ်တွင် တိုင်းပြည် ကောင်းမွန်ပြီး တိုးတက်နိုင်ခြေ ရှိ၊ မရှိ သိလိုသော် လက်ရှိ ပစ္စုပ္ပန်၏ ပညာရေးစနစ်ကို ကြည့်၍ ကောက်ချက်ချ ပြောဆိုနိုင်မည်ဖြစ်သည်။ အတန်းအောင်ရေး၊ အမှတ်ကောင်းကောင်း ရရှိရေးနှင့် ဘွဲ့ရရှိရေးကိုသာ ဦးစားပေး သင်ပြပေးနေသည့် ပညာရေးစနစ်ကား တိုင်းပြည်၏ အနာဂတ်ကို တိုးတက်ကောင်းမွန်အောင် စွမ်းဆောင်ပေးနိုင်လိမ့်မည် မဟုတ်ပေ။ စဉ်းစားတွေးခေါ်နည်း၊ ဆန်းသစ်တီထွင်နည်းနှင့် ပြဿနာ ဖြေရှင်းနည်းများကို သင်ပြပေးနေသည့် ပညာရေးစနစ်ဖြစ်မှသာ တိုင်းပြည်၏ အနာဂတ်ကို ကောင်းမွန် တိုးတက်လာအောင် စွမ်းဆောင်ပေးနိုင်မည် ဖြစ်သည်။

မြန်မာ့ပညာရေးစနစ်ကား ဘောင်ခတ်ထားသည့် ပုံစံခွက်ထဲက သတ်မှတ်ချက်ကို “ ၏” “ သည်” မလွဲ အလွတ်ကျက် ဖြေရသည့် စနစ် ဖြစ်နေသည်။ လက်ရှိအချိန်တွင် မိမိတို့ အာရက္ခပြည်ကို ULA/AA အစိုးရက အုပ်ချုပ်လာသည်နှင့်အမျှ ပညာရေးစနစ်ကိုလည်း ပြုပြင်ပြောင်းလဲရန် ကြိုးစားလာနေသည်ကို တွေ့မြင်နေရသည်။ ပညာရေးစနစ် တစ်ခုလုံးကို ပြောင်းလဲရန်အတွက် အချက် (၃) ချက် လိုအပ်သည်ဟု ရှုမြင်မိပါသည်။ အဆိုပါ အချက် (၃) ချက်မှာ (၁) သင်ရိုးညွှန်းတမ်းကို ပြောင်းလဲပေးရမည်၊ (၂) မေးခွန်းစနစ်ကို ပြောင်းလဲပေးရမည်၊ (၃) သင်ကြားရေးစနစ်ကို ပြောင်းလဲပေးရမည် ဖြစ်သည်။

(၁) သင်ရိုးညွှန်းတမ်းကို ပြောင်းလဲရမည် (Curriculum and textbook reform) ဖြစ်သည်။ ဤအချက်ကို ယေဘုယျအားဖြင့် အစိုးရ ပညာရေးဌာနက တိုက်ရိုက် ပြောင်းလဲပေးရမည့် အချက် ဖြစ်သည်။ အတန်းဆိုင်ရာ သင်ရိုး ပြဋ္ဌာန်းစာများကို အစိုးရက သတ်မှတ်ကာ ပုံနှိပ် ထုတ်ဝေ ဖြန့်ချိခြင်း ဖြစ်သည်။ မြန်မာ့ပညာရေးစနစ်၏ သင်ရိုးညွှန်းတမ်း ပြဋ္ဌာန်းချက်တွင် သမိုင်းဘာသာရပ်သည် ဗမာသမိုင်းဆိုင်ရာကို အသားပေး ရေးဆွဲ ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။ မြန်မာစာ ဘာသာရပ်တွင် ဆိုပါကလည်း ဗမာလူမျိုး စာဆိုတော်များနှင့် သက်ဆိုင်သည့် သင်ခန်းစာများက နေရာယူထားမှု များပြားနေသည်။ တခြားသောလူမျိုးများ၏ စာပေအကြောင်းအရာနှင့် ထူးချွန်ပုဂ္ဂိုလ်များ၏ အကြောင်းအရာများ ပါဝင်မှု မရှိပါ။ ယင်းကြောင့် ပညာရေးစနစ် အပြောင်းအလဲအတွက် သင်ရိုးညွှန်းတမ်းကို ရေးဆွဲ ပြဋ္ဌာန်းသည့်အခါ သမိုင်းဘာသာရပ်နှင့် မြန်မာစာဘာသာရပ်ကို ပထမဆုံး ပြောင်းလဲရပါမည်။ မြန်မာစာ ဘာသာရပ်ကို ရက္ခိုင်စာဘာသာရပ်အဖြစ် ပြောင်းလဲပစ်ရပါသည်။ သမိုင်းဘာသာရပ်ကိုလည်း ရက္ခိုင့်သမိုင်း၊ အရှေ့တောင်အာရှသမိုင်း၊ ကမ္ဘာ့သမိုင်းဆိုပြီး ကဏ္ဍလိုက် ခွဲခြားသတ်မှတ် ရေးဆွဲ ပြဋ္ဌာန်းပေးရန် လိုအပ်သည်။ ခမီ၊ မြို၊ သက်၊ ဒိုင်းနက်နှင့် မရမာကြီး အစရှိသည့် တိုင်းရင်းသား လူမျိုးများ၏ စာပေ၊ သမိုင်းနှင့် ရိုးရာယဉ်ကျေးများကိုလည်း ရေးဆွဲ ပြဋ္ဌာန်းပေးရန် လိုအပ်သည်။ ကျောင်းပညာရေးတွင် တခြားသော လူမျိုးများ၏ နောက်ခံသမိုင်းကြောင်းများကို သင်ယူခွင့် မရရှိပါက အဆိုပါ တိုင်းရင်းသား လူမျိုးများသည် နိုင်ငံတော်ကို ချစ်မြတ်နိုးလာမည် မဟုတ်ပေ။ မြန်မာနိုင်ငံတော်သည်လည်း ဗမာမဟုတ်သော လူမျိုးများကို ကျောင်းသင်ခန်းစာများကစ၍ ဖိနှိပ်ထားသည်။  နိုင်ငံကို ချစ်မြတ်နိုးပြီး ပြည်ထောင်စုစိတ်ဓာတ် ရှိလာစေရန် ကျောင်းပညာရေးကစ၍ တည်ဆောက် ပေးရပါမည်။ ပညာရေးကစပြီး သဘောထားကြီးပေးရန် လိုအပ်ပေသည်။

ဆရာ၊ ဆရာမများအနေဖြင့်လည်း မည်သည့်ဘာသာရပ်ကို တာဝန်ယူ သင်ပြပေးရသည်ဖြစ်စေ Don’t teach the textbook. But, teach with the textbook ဆိုသည့်အတိုင်း အစိုးရ သင်ရိုးညွှန်းတမ်း စာအုပ်တွင် မပါဝင်သည့် သင်ခန်းစာများကိုလည်း ထည့်သွင်း သင်ပြပေးနိုင်သည်။ ထည့်သွင်း သင်ပြပေးရမည်လည်း ဖြစ်သည်။  ဥပမာ – ပထဝီဘာသာရပ်ဆိုပါက မိမိတာဝန်ကျ သင်ပြပေးနေသည့် ရွာ၊ ရပ်ကွက်၊ မြို့နယ် စသဖြင့် အတန်းလိုက်ဆိုင်ရာ ကျောင်းသားများ ဉာဏ်ရည် လိုက်မီနိုင်သည့် သင်ခန်းစာများကို အဆင့်ဆင့် သင်ပြပေးနိုင်ပါသည်။ သမိုင်းဘာသာရပ် ဆိုပါကလည်း တာဝန်ကျ သင်ပြပေးနေသည့် ကျေးရွာ၊ ရပ်ကွက်အတွင်းရှိ ထင်ရှားသည့် အဆောက်အအုံများ၏ နောက်ခံ သမိုင်းကြောင်းများကို သုတေသန ပြုလုပ်ကာ သင်ပြပေးနိုင်သည်။ တခြားသော ဘာသာရပ်များတွင်လည်း ကျောင်းသားများနှင့် အနီးစပ်ဆုံးဖြစ်ပြီး လက်တွေ့ကျသည့် သင်ခန်းစာများကို ထည့်သွင်း သင်ပြပေးနိုင်ပါသည်။ မည်သည့်နိုင်ငံ၊ မည်သည့်တက္ကသိုလ်များတွင်လည်း ပြီးပြည့်စုံသည့် သင်ရိုးညွှန်းတမ်းဟူ၍ မရှိနိုင်ပေ။ သင်ပြပေးသည့် ဆရာ၊ ဆရာမ တစ်ယောက်ချင်းစီကသာ ကျောင်းသားများ၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် လိုက်လျောညီထွေမှုရှိသည့် သင်ခန်းစာများကို ထည့်သွင်း သင်ပြပေးကြရန် လိုအပ်ပေသည်။

 (၂) မေးခွန်းစနစ်ကို ပြောင်းလဲပေးရမည် (Examination and assesssment reform) ဖြစ်သည်။ မြန်မာ့ပညာရေးစနစ်၏ မေးခွန်းပုံစံမှာ အလွတ်ကျက်စနစ် ဖြစ်နေသည်။ ဓမ္မဓိဋ္ဌာန် မေးခွန်းဟု ခေါ်ဆိုသည့် မှား/မှန်၊ ကွက်လပ်ဖြည့်၊ အဖြေမှန်ကို ရွေးချယ် စသည့် မေးခွန်းများသည် ကျောင်းသားများအား မည်သည့် အတွေးအခေါ်ကိုမျှ ပေးနိုင်စွမ်း မရှိသော မေးခွန်းမျိုး ဖြစ်နေသည်။ စာဆိုတော်များ၏ ငယ်နာမည်၊ မွေးရာဇာတိ၊ ရေးသားပြုစုခဲ့သည့် စာအုပ်များ၊ မွေးသက္ကရာဇ်၊ ကွယ်လွန်/သေဆုံးသွားသည့် ရက်စွဲများကို မေးမြန်းခြင်းများသည် အဖြေမှန်သော် သတ်မှတ်ချက် ရမှတ်ကလွဲပြီး တခြား မည်သည့်အရာကိုမျှ ရရှိနိုင်မည် မဟုတ်ပေ။ ယင်းကြောင့် အကျိုးမရှိသော မေးခွန်းအဖြစ် ရှုမြင်နိုင်သည်။ စာဆိုတော်များ၏ အထက်ပါ အကြောင်းအရာများကို သိထားရန် လိုအပ်သော်လည်း မေးခွန်းအဖြစ် ထည့်သွင်း မေးမြန်းရန်အထိ မလိုအပ်ပါ။ တခြားသော မေးခွန်းပုံစံများသည်လည်း အထူးထုတ် (ခေါ်) စာအုပ်ကြီးက လာသည့်ပုံစံအတိုင်း မေးမြန်းနေကြရသည်။ ကျောင်းသားများကလည်း ဆရာများက ပုံသေ သင်ပြ ကူးချပေးထားသည်များကို ကျက်မှတ် ဖြေဆိုနေကြရသည်။ ခက်ဆစ်အဓိပ္ပါယ်ကို တစ်လုံးချင်းစီ မေးမြန်းထားခြင်းကလည်း စိတ်ပျက်စရာ ကောင်းသည့် လွဲမှားမှုကြီးတစ်ခု ဖြစ်နေသည်။ စင်စစ်သော် ခက်ဆစ်ဝေါဟာရဆိုသည်မှာ ကဗျာ၏ အရသာ (ရသ) ကို ခံစားတတ်စေရန်အတွက် နားလည်ရန် ခက်ခဲသည့် ဝေါဟာရ တစ်ခုချင်းစီကို အဓိပ္ပါယ် ဖွင့်ဆိုပြထားခြင်းဖြစ်သည်။ ဗမာအစိုးရ ကျင့်သုံးခဲ့သည့် ကျက်ဖြေစနစ်ဆိုးများကို လက်ရှိအချိန်မှာ သင်ကြားရေး ခန်းမထဲက ဖယ်ထုတ်ပစ်ရန် လိုအပ်လာပါသည်။ ဘောင်ခတ်ထားသည့် ပုံစံခွက်ထဲက အလွတ်ကျက်မှတ် ဖြေဆိုနေကြရသည့် မေးခွန်းစနစ်မှသည် ကျောင်းသား တစ်ယောက်ချင်းစီ၏ အတွေးအခေါ်နှင့် မတူကွဲပြားသည့် ရှုမြင်မှုများကို မေးမြန်းနိုင်ရပါမည်။ ကျောင်းသားအယောက် (၃၀) ဆိုပါက မတူကွဲပြားသည့် အဖြေ (၃၀) ကို ပေးစွမ်းနိုင်သည့် ဉာဏ်ရည်ဖွင့်မေးခွန်းမျိုး ဖြစ်နေရပါမည်။ ကျောင်းသား တစ်ယောက်ချင်းစီ၏ ကိုယ်ပိုင် အတွေးအမြင်၊ ကိုယ်ပိုင် ခံစားမှု၊ ကိုယ်တိုင် ချည်းကပ်ပုံများကို ချပြပေးနိုင်သည့်စနစ်မျိုး ဖြစ်ရန် လိုအပ်ပါသည်။

ပညာရေး ကောင်းမွန်သည့် နိုင်ငံအများစုတွင် စာမေးပွဲအတွင်း မေးခွန်းများ မေးမြန်းရာ၌ အောက်ပါများကို အခြေခံ မေးမြန်းလေ့ ရှိသည်ဟု သိရသည်။  (၁) Memory Test 30% (မှတ်ဉာဏ်ကို ၃၀ ရာခိုင်နှုန်း စစ်ဆေးခြင်း)၊ (၂) Attitude Test 10% (စိတ်နေသဘောထားကို ၁၀ ရာခိုင်နှုန်း စစ်ဆေးခြင်း)၊ (၃) Behaviour Test 10% (အပြုအမူကို ၁၀ ရာခိုင်နှုန်း စစ်ဆေးခြင်း)၊ (၄) Moral Development Test 10% (ကိုယ်ကျင့်တရား တိုးတက်မှုကို ၁၀ ရာခိုင်နှုန်း စစ်ဆေးခြင်း)၊ (၅) Intellectual Development Test 10% (ဉာဏ်ရည် တိုးတက်မှုကို ၁၀ ရာခိုင်နှုန်း စစ်ဆေးခြင်း)၊ (၆) Discipline Test 10% (စည်းကမ်းလိုက်နာမှုကို ၁၀ ရာခိုင်နှုန်း စစ်ဆေးခြင်း)၊ (၇) Creative Thinking and Critical Thinking Test 10% (တီထွင် ဖန်တီးနိုင်စွမ်းနှင့် ကျိုးကြောင်း ဆီလျော်အောင် ဆက်စပ် တွေးခေါ် စဉ်းစားခြင်းကို ၁၀ ရာခိုင်နှုန်း စစ်ဆေးခြင်း) နှင့် (၈) Presentation and Group Discussion Test 10% (တင်ဆက်ပုံ တင်ဆက်နည်းနှင့် အဖွဲ့လိုက် ဆွေးနွေးခြင်းကို ၁၀ ရာခိုင်နှုန်း စစ်ဆေးခြင်း) ပြုလုပ်သည်ဟု သိရသည်။ မြန်မာ့ပညာရေးစနစ်ကဲ့သို့ Textbook သင်ရိုးတစ်ခုတည်းကို အခြေခံကာ မေးမြန်းခြင်းမျိုး မဟုတ်ဆိုသည်ကို တွေ့မြင်နိုင်ပါသည်။ ကျောင်းသား တစ်ယောက်ချင်းစီ၏ ရှုထောင့်စုံကို မေးမြန်းထားခြင်းလည်း ဖြစ်သည်။ အဆိုပါ မေးခွန်းစနစ်များကို ဖြေဆိုဖူးကြသည့် ကျောင်းသားလူငယ်တိုင်းသည် လက်တွေ့ဘဝ နေထိုင်မှုများကိုလည်း ကျောင်းသားသင်ခန်းစာက ရရှိသွားမည် ဖြစ်သည်။ ထူးချွန်ထက်မြက်သည့် ကျောင်းသားများလည်း ပေါ်ထွက်လာနိုင်သည်။ စာတွေ့မဟုတ်ဘဲ လက်တွေ့နှင့် ဘဝရပ်တည်ရေးကို အခြေခံထားသည့် မေးခွန်းစနစ်မျိုး ဖြစ်နေသည်။ အာရက္ခပြည်၏ ပညာရေးစနစ်ကိုလည်း ဘဝရပ်တည်ရေးနှင့် လက်တွေ့ကျသည့် စနစ်များ ဖြစ်ထွန်းလာအောင် ကြိုးစားကြရန် လိုအပ်ပါသည်။

(၃) သင်ကြားရေးစနစ်ကို ပြောင်းလဲပေးရမည် (Teaching systerm reform) ဖြစ်သည်။ ဤအချက်သည် အစိုးရနှင့် မသက်ဆိုင်ဘဲ ဆရာ၊ ဆရာမ တစ်ယောက်ချင်းစီနှင့်သာ သက်ဆိုင်ပါသည်။ သင်ကြားရေးစနစ်တွင်လည်း Teacher Centered Teaching (ဆရာဗဟိုပြု သင်ကြားနည်း) နှင့် Student Centered Teaching (ကျောင်းသားဗဟိုပြု သင်ကြားနည်းစနစ်) ဟု နှစ်မျိုးရှိလေသည်။ ဆရာဗဟိုပြု သင်ကြားရေးစနစ် ဆိုသည်မှာ ဆရာဖြစ်သူက ပြောသမျှ၊ သင်ပြပေးသမျှကို ကျောင်းသားများက သင်ယူရခြင်း၊ နားထောင်ရခြင်းမျိုး ဖြစ်သည်။ ဆရာဖြစ်သူသည် သူ ပြောလိုသည့် အကြောင်းအရာများ၊ သင်ပြပေးလိုသည့် အကြောင်းအရာများကိုသာ ပြောပြ၊ သင်ပြပေးခြင်းမျိုးကို ဆရာဗဟိုပြု သင်ကြားရေးစနစ်ဟု ခေါ်ဆိုသည်။ ကျောင်းသားဗဟိုပြုသင်ကြားရေးစနစ် ဆိုသည်မှာ ကျောင်းသားများက ဆရာဖြစ်သူကို မေးခွန်းများ မေးမြန်းခြင်း၊ ဆရာဖြစ်သူက ဖြေကြားပေးခြင်း၊ ဆရာဖြစ်သူက မေးမြန်းခြင်း၊ ကျောင်းသားများက ဖြေဆိုခြင်း၊ ဆရာနှင့် ကျောင်းသား အပြန်အလှန် ဆွေးနွေးခြင်း၊ ကျောင်းသားအချင်းချင်း တစ်ယောက်ချင်းစီသော်လည်းကောင်း၊ အဖွဲ့လိုက်သော်လည်းကောင်း ဆွေးနွေးတိုင်ပင် အဖြေရှာခြင်း၊ ကျောင်းသားခံစားချက်ကို နားလည်အောင် ကြိုးစားပေးခြင်း၊ ကျောင်းသားများ၏  နေ့စဉ်အခက်အခဲများကို ဖြေရှင်းရန် ကြိုးစားပေးခြင်းများသည် ကျောင်းသားဗဟိုပြု သင်ကြားရေးစနစ် ဖြစ်သည်။ ယနေ့ကမ္ဘာကြီးတွင် ပညာရေးစနစ် ကောင်းမွန်သည်ဟု သတ်မှတ်ခံထားရသည့် နိုင်ငံများသည် ကျောင်းသားဗဟိုပြု သင်ကြားရေးစနစ်ကို ကျင့်သုံးနေကြခြင်း ဖြစ်သည်။

ကျောင်းသားဗဟိုပြု သင်ကြားရေးစနစ်ဖြင့် သင်ပြပေးခြင်းကြောင့်လည်း အဆိုပါနိုင်ငံများ၏ ပညာရေးစနစ် ကောင်းမွန်နေကြခြင်း ဖြစ်သည်။ ကမ္ဘာကျော်တက္ကသိုလ်ကြီးများနှင့် ကောလိပ်ကျောင်းများတွင်လည်း ကျောင်းသားဗဟိုပြု သင်ကြားရေးနစ်ကို ကျင့်သုံးနေကြခြင်း ဖြစ်သည်။ ဆရာ၊ ဆရာမ တစ်ယောက်ချင်းစီကလည်း အရည်အသွေး ပြည့်မီရန် လိုအပ်လာပါသည်။ ဗမာအစိုးရ၏ သင်ရိုးအတိုင်း သင်ခန်းစာတစ်ရပ်ကို တွက်ပြ၊ ဖတ်ပြပေးခြင်းဖြင့် ပညာရေးစနစ်ကို ပြောင်းလဲပေးနိုင်မည် မဟုတ်ပါ။ သင်ကြားရေး အတတ်ပညာများကိုလည်း တတ်မြောက် ကျွမ်းကျင်ထားရန် လိုအပ်လာပါသည်။ သင်ကြားရေး အတတ်ပညာကို မသိ နားမလည်ပါက မည်သည့်နိုင်ငံ၊ မည်သည့်တက္ကသိုလ်က မည်သည့်ဘွဲ့ကို ရရှိထားသည်ဖြစ်စေ ကျောင်းသားလက်ခံနိုင်သည့် ဆရာတစ်ယောက် ဖြစ်လာမည် မဟုတ်ပါ။ အသင်အပြ ကောင်းသည့် ဆရာတစ်ယောက်လည်း ဖြစ်လာလိမ့်မည် မဟုတ်ပေ။ တချို့သော ဘွဲ့ရ ဆရာ၊ ဆရာမများသည် ပညာမာန တက်နေကြသည်ကိုလည်း ကြားသိ တွေ့မြင်နေရသည်။ မည်သည့် ဘွဲ့ဒီဂရီများကို ရရှိထားသည်ဖြစ်စေ သင်ကြားရေးအတတ်ပညာကို သိနားလည်မှု မရှိခြင်း၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှု အားနည်းခြင်းများ ဖြစ်ပေါ်နေပါက သင်ကြားရေးတွင် အဆင်ပြေနိုင်မည် မဟုတ်ပေ။

မိမိ တတ်မြောက် ကျွမ်းကျင်ထားသည့် ဘာသာရပ်တိုင်းကိုလည်း တပါးသူကို သင်ပြပေးသည့်အခါ ကောင်းမွန်ချင်မှ ကောင်းမွန်ပါလိမ့်မည်။ ကိုယ်တိုင်တတ်မြောက် ကျွမ်းကျင်တိုင်း သူတပါးကို တတ်မြောက်ကျွမ်းကျင်စွာ သင်ပြပေးနိုင်ရန် ခက်ခဲပါသည်။ ဆရာ၊ ဆရာမများအနေဖြင့် မိမိတာဝန်ယူ သင်ပြပေးမည့် ဘာသာရပ်ကို ကိုယ်တိုင်လည်း တတ်မြောက် ကျွမ်းကျင်ရန် လိုအပ်သကဲ့သို့ သူတပါး (ကျောင်းသားများ) ကိုလည်း နားလည်တတ်မြောက် ကျွမ်းကျင်စွာ သင်ပြပေးနိုင်ရန် ကြိုးစားကြရမည် ဖြစ်သည်။ ပညာရေးစနစ်ကို ပြောင်းလဲရန်နှင့် ကျောင်းသားလူငယ်များ၏ အနာဂတ်ကို မြှင့်တင်ပေးရန် ဆရာ၊ ဆရာမများ အဓိက ကျပါသည်။

ဆရာဗဟိုပြု သင်ကြားရေးစနစ်သည် ဘောင်ခတ်ထားသော ပုံစံခွက်ထဲက ကျောင်းသားများ၏ အတွေးအခေါ်များကို လှောင်ပိတ်ထားသည့် စနစ်ဆိုးဖြစ်သည်။ ကျောင်းသားဗဟိုပြု သင်ကြားရေးစနစ်သည်သာ ကျောင်းသားများအား ပုံစံခွက်ထဲက ဖောက်ထွက်ကာ ဖြန့်ကြဲ စဉ်းစား တွေးခေါ်စေနိုင်သည့် သင်ကြားရေးစနစ်မျိုး ဖြစ်သည်။ ပညာရေးစနစ်ကို ပြောင်းလဲရန်နှင့် ကျောင်းသားများ၏ အနာဂတ်ကို မြှင့်တင်ပေးနိုင်ရန်အတွက် ကျောင်းသားဗဟိုပြုသင်ကြားရေးစနစ်ဖြင့် သင်ပြပေးကြရပါမည်။ အာရက္ခပြည် ပြုပြင်ပြောင်းလဲရေးအတွက် ကျောင်းသားဗဟိုပြု သင်ကြားရေးစနစ် ထွန်းကားလာပါစေဟု ဆန္ဒပြုလိုက်ရပါသည်။

မင်းသုတ

Related posts

ကျောက်ဖြူ စစ်ရှောင်အမျိုးသမီးအတွက် လစဉ်သုံးပစ္စည်းနဲ့ အတွင်းခံများ လိုအပ်

ရက္ခိုင်သတင်းသမား ၃၃ ဦးနဲ့ အာရက္ခမီဒီယာကောင်စီ ဖွဲ့စည်း

ရာစုသစ်ဘော်ဒါဆောင် မီးလောင်သေဆုံးမှုနဲ့ပတ်သက်တဲ့ တရားခံလူငယ် ဒီလပ်ဖမ်းပြီး ၁၂ ရက်အကြာ ဆေးရုံအရေးပေါ်တင်ရ