ရက္ခိုင်ဘုရင် သီရိသုဓမ္မရာဇာ၏ သက်တော်စောင့် ဂျပန်လူမျိုး ဆာမူရိုင်းများကို ရှာဖွေခြင်း (၁)

မင်းသုတ

ဂျပန်တွေဟာ ရက္ခိုင်တွေနဲ့ သမိုင်းကြောင်းအရ ဘယ်တော့ကတည်းက ပတ်သက် ဆက်နွယ်မှု ရှိခဲ့ကြတာလဲ။ မြန်မာတွေရော ဂျပန်တွေပါ ရှေးကျတဲ့ နိုင်ငံတွေ ဖြစ်ကြပါတယ်။ အရင်တုန်းက ရှေးကျတဲ့ နိုင်ငံအချင်းချင်း တိုင်းသူပြည်သားတွေ ကူးလူး ဆက်ဆံမှုတွေရော မရှိနိုင်ဘူးလား။ (၁၆) ရာစုနှစ်ကနေ (၁၇) ရာစုနှစ်အထိ (—–) အမှတ်တံဆိပ်ပါသည့် ကုန်သွယ်ရေးသင်္ဘောကြီးတွေနဲ့ လိုက်ပါပြီးတော့ များစွာသော ဂျပန်တွေဟာ အရှေ့တောင်အာရှသို့ ထွက်ခွါလာခဲ့ကြတယ်ဆိုတဲ့ သတင်းကိုတော့ ကောင်းကောင်းကြီး သိကြပါတယ်။ အထူးသဖြင့် အခုအခေါ် ထိုင်းနိုင်ငံ၊ အရင်တုန်းကတော့ ယိုးဒယားဆိုတဲ့ တိုင်းပြည်ကို သွားပြီးတော့ စီးပွါးရေးတွေ လုပ်ခဲ့တဲ့ “ရာမဒနာဂမဆ” ရဲ့ အကြောင်းကတော့ အင်မတန် ကျော်ကြားလှပါတယ်။ “ရာမဒနာဂမဆ” ကို အစပြုတဲ့ များစွာသော ဂျပန်တွေက ထိုင်းနိုင်ငံသို့ လာခဲ့ကြတယ်ဆိုလို့ရှိရင် ထိုင်းနိုင်ငံရဲ့ အနောက်ဖက်မှာ ကပ်လျက်ရှိနေတဲ့ မြန်မာပြည်ထဲကိုလည်း ဝင်လာကြမှာပဲလို့ ခန့်မှန်းလို့ရပါတယ်။

ကျနော်ဟာ မြန်မာပြည်ကို တာဝန်ကျလာကတည်းက ရှေးခေတ်တောင်မဟုတ်ပေမယ့်လို့ အခုနောက်ပိုင်းခေတ်တွေမှာဖြစ်တဲ့ သမိုင်းဥစ္စာတစ်ခုအနေနဲ့ ရှာဖွေစူးစမ်း လေ့လာချင်စိတ် ပါလာခဲ့ပါတယ်။ ကျနော် ရှာဖွေခဲ့သလောက် ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ ဂျပန်သမိုင်းကြောင်းတွေမှာ တစ်ကြောင်းတစ်ပါဒမှ ဖော်ပြမထားခဲ့လို့ပဲ ဖြစ်ပါတယ်။ ပြီးတော့ ဒီအတွင်းရေးဟာ မသိလိုက် မသိသာအချိန်လေးမှာပဲ အင်မတန် ပြင်းပြတဲ့ ဆန္ဒအဖြစ်သို့ ပြောင်းလဲလာခဲ့ပါတယ်။ ကျနော်ကတော့ မြန်မာအစိုးရရဲ့ အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေကို မေးခွန်းတွေ မေးမြန်းခဲ့ပါတယ်။ ပြီးတော့တစ်ခါ ပြည်သူလူထုကြားမှာ သက်ကြီးပုဂ္ဂိုလ်တွေကိုလည်း မေးဖြစ်ခဲ့ပါတယ်။ အရာရာတိုင်းကို သိနေလောက်တယ်လို့ ယူဆရတဲ့ သတင်းဆရာတွေနဲ့  သတင်းထောက်တွေကိုလည်း မေးဖြစ်ခဲ့ပါတယ်။ သို့သော်ငြားလည်း အဖြေကတော့ တစ်ခုတည်းပါ။ “စိတ်မကောင်းပါဘူး။ ကျနော်တို့ မသိပါဘူးဗျ” ဆိုတဲ့ အဖြေပဲ ဖြစ်ပါတယ်။

သို့သော်လည်းပဲ ကျနော်ကတော့ ဇွဲမလျော့ခဲ့ပါဘူး။ မသိနိုင်ကြသေးတဲ့ သမိုင်းအဖြစ်မှန်က ကျန်ေ့ရဲ့ ရှာဖွေစူးစမ်းမှုကို စောင့်နေခဲ့သလိုမျိုး တွေ့ထိလာခဲ့ပါတယ်။ ပြီးတော့ ကျနော့်ရဲ့ ပြင်းပြလှတဲ့ ဆန္ဒလေးဟာ အကောင်အထည်ဖော်ဖို့ ဖြစ်လာခဲ့ပါတယ်။ တစ်ခုသော မမျှော်လင့်ထားတဲ့ ကြုံကြိုက်မှုလေးတစ်ခုမှာ သိကျွမ်းခဲ့ရတဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ “ဦးသိန်းဟန်” လို့ ခေါ်တဲ့ သမိုင်းပညာရှင်ပဲ ဖြစ်ပါတယ်။ ဒီပုဂ္ဂိုလ်ကတော့ “ဇော်ဂျီ” ဆိုတဲ့ ကလောင်နာမည်နဲ့ မြန်မာပြည်ရဲ့ လက်ရှိ ကဗျာလောကမှာ ထိပ်တန်းနေရာ ပိုယူထားတဲ့သူအဖြစ်နဲ့လည်း သိကြပါတယ်။ ကျနော်မေးတဲ့ မေးခွန်းတွေကို နည်းနည်းလေး စဉ်းစားပြီးတဲ့နောက်မှာတော့ “အဲ့လိုမျိုးဆိုရင်ဗျ မြန်မာပြည်ရဲ့ အနောက်ဖက်မှာရှိတဲ့ ရက္ခိုင်ဒေသမှာ ထွန်းကားခဲ့တဲ့ ရက္ခိုင်ဘုရင့်နိုင်ငံမှာ ရက္ခိုင်ဘုရင့်သက်တော်စောင့်အဖြစ် အမှုတော်ထမ်းခဲ့တဲ့ ဂျပန်တွေဟာ ရှိခဲ့တယ်ဆိုတာကို စာအုပ်တစ်ခုခုမှာ ဖတ်မိခဲ့သလိုပါပဲ။ အဲ့ဒီစာအုပ်ကို ချက်ချင်းပဲ ကျနော်တို့ ရှာဖွေကြရအောင်” ဆိုပြီး ဖြေကြားပေးခဲ့ပါတယ်။

“အားကိုးဖို့ ကောင်းလိုက်တဲ့ သမိုင်းပညာရှင်ပဲ” လို့ ကျနော်က ချီးမွမ်းပြီးတော့ သူ့ဆီက ဆက်သွယ်လာဖို့ကို မျော်လင့်ချက်ကြီးစွာနဲ့ စောင့်စားနေခဲ့မိပါတယ်။ သုံးရက်ကြာပြီးတဲ့နောက်မှာ ဦးသိန်းဟန် (ဆရာဇော်ဂျီ) ဆီက တယ်လီဖုန်း ဆက်သွယ်လာခဲ့ပါတယ်။ အဲ့ဒီစာအုပ်ကို ရှာတွေ့ပါပြီ။ “ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်သို့ ကြွလာခဲ့ပါ” လို့ ပြောဆိုပါတယ်။ ကျနော်က ချက်ချင်းဆိုသလိုပဲ လိုက်သွားခဲ့ပါတယ်။ သူက ဟောင်းပြီးတော့ ထူလွန်းလှတဲ့ စာအုပ်ကြီး အနောက်တိုင်းက စာအုပ်ကြီးတစ်အုပ်ကို စားပွဲခုံပေါ်တင်ပြီးတော့ စောင့်နေခဲ့ပါတယ်။ အဆုံးသတ်မှာတော့ ရှာတွေ့ခဲ့ပါပြီ။ ဒီစာအုပ်ပါ။ ကျနော်က ကောက်ယူကြည့်လိုက်တော့ အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတဲ့ စာအုပ်ဖြစ်ပါတယ်။ အဲ့ဒီခေါင်းစဉ်ကတော့ “ရက္ခိုင်ပြည်သို့ ခရီးစဉ်” ဖြစ်ပါတယ်။ (၁၇) ရာစုက ပေါ်တူဂီတရားဟော ဘုန်းတော်ကြီး “ဆာဗစ်ဆတိန် မန်နရိတ်” လို့ ဆိုတဲ့ပုဂ္ဂိုလ်က ရေးသားခဲ့တဲ့ “အရှေ့တောင်အာရှသို့ ခရီးသွားခြင်း” ဆိုတဲ့ စာအုပ်ရဲ့ ပထမတွဲ၊ အင်္ဂလိပ်ဘာသာပြန် (၁၉၂၆) ခုနှစ်၊ အောက်စဖို့တက္ကသိုလ်က ထုတ်ဝေခဲ့တဲ့ စာအုပ်ပဲ ဖြစ်ပါတယ်။

မြန်မာပြည်ရဲ့ ပူနွေးမှုကြောင့် ထင်ပါတယ်။ အချိန်အကြာကြီး၊ ပြီးတော့တစ်ခါ အချိန်အကြာကြီး စာကြည့်တိုက်ရဲ့ စာအုပ်ပုံထဲမှာ နစ်မြုပ်နေခဲ့တဲ့ ဒီစာအုပ်ဟာ ပျက်စီးမယ့် လက်တစ်ကမ်းအလို ဖြစ်ခဲ့ပါတယ်။ စာရွက်တွေကို လှန်လိုက်ပြီဆိုရင် စာရွက်တွေဟာ ပြုတ်ထွက်ကျလောက်အောင် ဆိုးရွားနေတဲ့ အခြေအနေ ဖြစ်နေခဲ့ပါတယ်။ စာရွက်တွေကို တိတ်ကပ်ပြီးဖတ်ဖို့ ဦးသိန်းဟန် (ဆရာဇော်ဂျီ) ကို ပြောပြီးတော့ ကျနော်ဟာ ချက်ချင်းဆိုသလို အဲ့ဒီစာအုပ်ကို ငှါးယူပြီး ဖတ်ဖြစ်ခဲ့ပါတယ်။ ဟော— တွေ့ပြီ။ တရားဟောဆရာ “မန်နရိတ်” ဟာ (၁၆၃၀) ပြည့်နှစ်က ရက္ခိုင်ဘုရင့်နိုင်ငံမှာ ရက္ခိုင်ဘုရင် သီရိသုဓမ္မရာဇာမင်းကြီးရဲ့ သက်တော်စောင့်အဖြစ် အမှုတော်ထမ်းနေကြတဲ့ ဂျပန်လူမျိုး၊ ခရစ်ယာန်ဘာသာဝင် “ဆာမူရိုင်း” တစ်အုပ်နဲ့ တွေ့ခဲ့ကြတာပဲ ဖြစ်ပါတယ်။

“မန်နရိတ်” ဟာ ဒိုင်ယာရီဆန်ဆန် ရေးသားပုံ၊ ရေးသားနည်းတွေဟာ အင်မတန် အနုစိပ်လှပြီး ဒီ ဂျပန်လူမျိုး ဆာမူရိုင်းတွေရဲ့ ပုံပန်းသဏ္ဌာန်ဟာလည်း အသက်ပါလှစွာနဲ့ပဲ ဖတ်ရှုခဲ့ရပါတယ်။ ကဲ— မန်နရိတ်ရဲ့ စကားအတိုင်း နောက်ကလိုက်ပြီးတော့ စကားကို ရှေ့ဆက်ကြည့်ကြရအောင်ပါလား။ မန်နရိတ်ဟာ အဲ့ဒီအချိန်တုန်းက ရက္ခိုင်ဘုရင့်နိုင်ငံရဲ့ အနောက်တောင်ပိုင်း အစိတ်အပိုင်းဖြစ်တဲ့ အခုဆိုရင်တော့ဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဆိပ်ကမ်း စစ်တကောင်းရဲ့ တစ်ဖက်ကမ်း၊ တောင်ဖက်သို့ဆိုရင် မိုင်(၂၀) အကွာမှာ တည်ဆောက်ထားတဲ့ ပေါ်တူဂီလူမျိုး နေထိုင်ရာ နယ်မြေတစ်ခုဖြစ်တဲ့ ဒီအင်္ကာရဲ့ အကြီးအကဲ ဖြစ်ခဲ့ပါတယ်။ အဲ့ဒီအချိန်ရဲ့ ရက္ခိုင်ဘုရင်ကြီး သီရိသုဓမ္မမင်းကြီးဟာ ဒီနေရာမှာ နေထိုင်ကြတဲ့ ပေါ်တူဂီလူမျိုးတွေက ပင်လယ်ဓားပြလို လုပ်ပြီးတော့ တိုင်းပြည်ရဲ့ မတည်ငြိမ်မှုတွေကို နှိမ်နင်းဖို့အတွက် ရေတပ်ကို စတင် ထွက်ခွါဖို့ အမိန့်ပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဒီဟာကို သိပြီးတော့ အင်မတန် အံ့ဩသင့်သွားရတဲ့ ဂိုဟာမှာရှိနေတဲ့ ပေါ်တူဂီဘုရင်ခံ ကတ်သလစ်ဘုန်းတော်ကြီးဟာ ရောမရဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ အမိန့်ကို နာခံပြီးတော့ မန်နရိတ်ကို အလျင်အမြန်ဆိုသလိုပဲ သီရိသုဓမ္မာဘုရင်ကြီးနဲ့ တွေ့ပြီးတော့ ပေါ်တူဂီလူမျိုးတွေမှာ အပြစ်မရှိကြောင်း ဒီအင်္ကာကို သွားရောက် တိုက်ခိုက်မယ်ဆိုတဲ့ အတွေးကို ရပ်တန့်ဖို့ ဖျောင်းဖြစေဆိုတဲ့ အမိန့်ပေးလိုက်တာပဲ ဖြစ်ပါတယ်။

မန်နရိတ်ဟာ ကြီးမားလှတဲ့ တာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်ဖို့အတွက် လက်ဆောင်ပဏ္ဏာတွေကို အသင့်ပြင်ပြီးတော့ လမ်းခရီးမှာ စားမယ့် အစားအသောက်တွေနဲ့ ခရီးသွား အသုံးအဆောင်တွေကို သယ်ယူမယ့် လူတွေကို စုဆောင်းပြီးတော့ ချက်ချင်းဆိုသလိုပဲ ခရီး ထွက်ခွါလာပါတယ်။ သူဟာ မြို့တော် မြောက်ဦးထိကို အတိုဆုံးခရီးနဲ့ သွားမယ်လို့ စိတ်ကို ပိုင်းဖြတ်ပြီး တမင်တကာကို လူတွေ မရောက်ကြသေးတဲ့ ကုန်းကြောင်းခရီး ရက္ခိုင်ရိုးမတောင်တန်းကို ဘေးတစောင်း ဖြတ်မယ်လို့ ကြံရွယ်ခဲ့ပေမယ့် ဒီလိုမျိုး ကြမ်းတမ်းတဲ့ ခရီးလမ်းတစ်ဝက်မှာ အမျိုးသားနှစ်ဦးက ကျားရဲ့အစာ ဖြစ်ခဲ့တယ်တဲ့။ အမျိုးမျိုးသော အန္တရာယ်တွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။  သို့သော်ငြားလည်း စိတ်ဓာတ်ခိုင်မာပြီးတော့ တာဝန်ဝတ္တရားတွေကို ကျေပွန်အောင် ထမ်းဆောင်မယ်ဆိုတဲ့ စိတ်နဲ့ လောင်ကျွမ်းနေတဲ့ မန်နရိတ်ဟာ ဘုရားသခင်ဆီမှာ ဆုတောင်းရင်း အခက်အခဲတွေကို ကျော်ဖြတ်ပြီးတော့ ရက္ခိုင်ကမ်းခြေသို့ ထွက်လာခဲ့ပါတယ်။ ပြီးတော့မှတစ်ခါ အဲ့ဒီမှာ ဖောင်ဖွဲ့ပြီးတော့ မြောက်ဦး၊ ကုလားတန်မြစ်အထိ ဆန်တက်ပြီးတော့ သွားမှာ ဖြစ်ပါတယ်။ တစ်ဖက်မှာတော့ သီရိသုဓမ္မာမင်းကြီးဟာ သံတမန်ရေးရာမှာ အတော့်ကို လိမ္မာပါးနပ်တဲ့သူ ဖြစ်တာမို့လို့ မန်နရိတ်ဘုန်းတော်ကြီး လာမယ်ဆိုတာကို အထောက်တော်တွေဆီက ကြားသိတာနဲ့တပြိုင်နက် အတွင်းဝန်မင်းကြီးကို အမိန့်ပေးပြီးတော့ မင်္ဂလာဖောင်တော်နဲ့ မြစ်ရဲ့အလယ်ထိ သွားကြိုစေခဲ့တာ ဖြစ်ပါတယ်။

မန်နရိတ်ဟာ ဂျပန်လူမျိုးတွေနဲ့ တွေ့ကြုံရမှာဟာ ဒီနေရာမှာဖြစ်ပြီးတော့ သူက ဒီလိုမျိုး စာအရေးအသား ကောင်းစွာနဲ့ ခုလို ရေးသားခဲ့ပါတယ်။ မြစ်အလယ်မှာ သတ်မှတ်ထားတဲ့ ကမ်းပါးသို့ ရောက်ပြီဆိုတာနဲ့ ဖောင်ကပ်လိုက်လာတာနဲ့ တပြိုင်နက် တစ်ဖက်က ကြိုဆိုတဲ့ သေနတ်ဖောက်သံတွေနဲ့အတူ လှပစွာ ဝတ်ဆင်ထားတဲ့ ဂျပန်လူမျိုးတစ်စုက ပေါ်လာခဲ့ပါတယ်။ ပြီးတော့ ကျနော့်ဖက်ကို လှည့်ပြီးတော့ ယဉ်ကျေးပျူငှါစွာနဲ့ အရိုအသေ ပြုခဲ့ကြပါတယ်။ ပြီးတော့ အဲ့ဒီထဲက တစ်ယောက်က ဖောင်တော်အထိ တက်လာပြီးတော့ ကျနော့်ရဲ့ ခြေရင်းမှာ ဒူးထောက်ပြီးတော့ ကျနော့်ရဲ့ ခြေအစုံကို နမ်းခဲ့ပါတယ်။ ဒီ ဂျပန်လူမျိုးရဲ့ နာမည်ကတော့ “ဒုန်လေဝုန်သုန်သုန်” လို့ ခေါ်ပါတယ်။ ရက္ခိုင့်ဘုရင်ကြီးရဲ့ သက်တော်စောင့် တပ်မှူးတစ်ဦးလည်း ဖြစ်ပါတယ်။ လေဝုန်သုန်သုန်ရဲ့ ပြောပြချက်အရ ဆိုရင်တော့ ကျနော်တို့အားလုံးဟာ ဂျပန်လူမျိုး၊ ခရစ်ယာန်တွေ ဖြစ်ပြီးတော့ စစ်ပွဲကြောင့် (၇) နှစ်တာကာလမှာ တောက်လျှောက် ရောက်မလာခဲ့တဲ့ ဘုန်းတော်ကြီးရဲ့ လာရောက်ခြင်းကို အင်မတန် ဝမ်းမြောက်ဝမ်းသာလို့ ဒီလို ထွက်လာကြခြင်း ဖြစ်ပါတယ်။

ဘုရားသခင် ကောင်းချီးပေးပါစေ။ ပြီးတော့ ဘုန်းတော်ကြီးရဲ့ အကူအညီနဲ့ ဂျပန်လူမျိုးတွေနေတဲ့ ရပ်ကွက်မှာ ဘုရားကျောင်း တည်ဆောက်ခွင့်ကို ဘုရင်ကြီးထံကသာ ရယူနိုင်ခဲ့မယ်ဆိုရင် ဒီထက်ကောင်းတဲ့ ပျော်ရွှင် ခံစားမှုဆိုတာ ကျနော့်ဘဝမှာ မရှိနိုင်တော့ပါလို့ ဆိုပါတယ်။ အဲ့ဒီ ဟန်ပန် အမူအရာတွေကတော့ အင်မတန်မှကို ရိုသေ ကိုင်းရှိုင်းပြီးတော့ စိတ်ဓာတ်တွေက ပြည့်လျှံနေပြီး တကယ့်ကို အားကိုးဖို့ ကောင်းတဲ့ ယုံကြည် ကိုးကွယ်သူတစ်ဦးရဲ့ သွင်ပြင်လက္ခဏာပဲ ဖြစ်ခဲ့ပါတယ်။ မိဖုရားကြီးဟာ မန်နရိတ်ရဲ့ လာရောက် လည်ပတ်ခြင်းကို ပျော်ရွှင် ဝမ်းသာစွာနဲ့ ကြိုဆိုခဲ့ပေမယ့် အဲ့ဒီနေ့က ကံမကောင်းလွန်းလှတဲ့ ကိုယ့်ရဲ့ ဘဝဇာတ်ကြောင်းကို ထပ်ထပ်ခါခါ ပြောပြီးတော့ ငိုပွဲ ဆင်နွှဲခဲ့ပါတယ်။ ။

မင်းသုတ

အပိုင်း (၂) နိဂုံးပိုင်း ဆက်ရန်ရှိသည်။

မှတ်ချက်

“ဂျပန်ဘာသာ အထူးလေ့ကျင့် သင်ကြားရေးကျောင်း” က ဆရာမနေဇာလွင်မှ ၂၀၂၀- ပြည့်နှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် (၃၆) နှစ်မြောက်အဖြစ် ကျရောက်ခဲ့သည့် “ရခိုင်ပြည်နယ်နေ့” သို့ ဂုဏ်ပြုပေးပို့သော ရုပ်သံဖိုင်ကို စာတမ်းအဖြစ် မှတ်တမ်းတင် ဖော်ပြပေးခြင်းဖြစ်ပါသည်။

Related posts

အမ်းမြို့နယ် တလိုင်းတောင်ကို ရွေးတုအစိုးရ ဗုံးကြဲလို့ ပြည်သူ ၂ ဦးသေ၊ ၃ ဦး ဒဏ်ရာရ

ကျားမသောက်တပ်ရင်းကို AA တိုက်ခိုက်လို့ ရွေးတုအစိုးရတပ် သေဆုံး ထိခိုက်မှုရှိ

ငပလီစစ်ဘေးရှောင်တွေကို ULA/AA စားနပ်ရိက္ခာထောက်ပံ့ပြီး ဆေးကုသမှုပေးနေ