ကျောက်တော် ဗုံးကြဲခံရမှုအတွင်း ဒဏ်ရာရသူတွေနဲ့ နေအိမ်ဆုံးရှုံးခဲ့ရသူများကို ULA ထောက်ပံ့

အာရက္ခတိုင်းမ်စ် (၂၆ စက်တင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည်၊ ကျောက်တော်မြို့အနီးက မူဆလင်ကျေးရွာတွေနဲ့ မြို့ပေါ်က ပြည်တော်သာ (၉) လမ်းတို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်နစ်နာခဲ့ရသူတွေကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က သွားရောက်တွေ့ဆုံပြီး ထောက်ပံ့မှုတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ စက်တင်ဘာလ ၂၅ ရက်၊ မိုးလင်းဝ ၂ နာရီကျော်အချိန်မှာ ကျောက်တော်မြို့အနီးက မူဆလင်ကျေးရွာတွေနဲ့ မြို့ပေါ်ရပ်ကွက်တစ်ခုဆီကို Y-12 လေယာဉ်နဲ့ ဗုံးအလုံးရေ ၃၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို လေကြောင်း တိုက်ခိုက်မှုကြောင့် အသက် ၁ နှစ်အရွယ် မူဆလင် ကလေးငယ်တစ်ဦး အပါအဝင် မူဆလင်ဒေသခံ ၅ ဦးနဲ့ စုစုပေါင်း ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အများအပြားလည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရလို့ ထိခိုက်ဒဏ်ရာရရှိသွားသူတွေနဲ့ နေအိမ် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေကို ULA ရဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေက စက်တင်ဘာလ ၂၅ ရက် နေ့လယ် ၂ နာရီခန့်မှာ သွားရောက်တွေ့ဆုံပြီး ထောက်ပံ့ငွေနဲ့ ပစ္စည်းတွေ ပေးအပ်ခဲ့ကြတာပါ။

အဆိုပါ တွေ့ဆုံပွဲကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ ထိခိုက်နစ်နာခဲ့ရတဲ့ မူဆလင်ပြည်သူတွေနဲ့ မူဆလင် ဘာသာရေးဆရာတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

ထိခိုက်ဒဏ်ရာ ရရှိသွားကြတဲ့ မိသားစုဝင်တွေကိုလည်း ULA အနေနဲ့ လိုအပ်တဲ့ ထောက်ပံ့မှုတွေကို ဆက်လက် ပေးအပ်သွားမယ်လို့ သိရပါတယ်။

Related posts

လူငယ်များ ကိုရီးယားစာထက် ဂျပန်စာကို ပိုသင်လာကြ

စစ်တွေတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ စခန်း ၂ ခုကို AA ထပ်မံသိမ်းပိုက်

ကျောက်တော်ကို စစ်ကောင်စီ ဗုံးကြဲ၊ မူဆလင်ကလေးငယ် အပါအဝင် ၇ ဦး ဒဏ်ရာရ