ရွှေရီရီ
တရားဝင်အစိုးရတစ်ရပ်၏ အုပ်ချုပ်ရေးစနစ်နှင့် ပြည်သူများအပေါ် မည်မျှအထိ တန်ဖိုးထားကြောင်းကို သိရှိနိုင်ရန်အတွက် ထူးခြားဆန်းပြားသည့် စမ်းသပ်ချက်များ မလိုအပ်ပေ။ လမ်းများပေါ်သို့ လူထောင်ပေါင်းများစွာ ထွက်လာပြီး အစိုးရကို ဆန္ဒပြသည့်အချိန်၊ လူငယ်များက အနာဂတ်အတွက် အစိုးရအပေါ်တွင် မေးခွန်းထုတ်သောအချိန်၊ အစိုးရ၏ ဆုံးဖြတ်ချက်များကို ပြည်သူက ကန့်ကွက်သောအချိန်တို့တွင် ထိုအစိုးရ၏ အတွင်းစိတ်သရုပ်ကို မြင်တွေ့ရမည် ဖြစ်သည်။
နိုင်ငံရေးသမိုင်းတစ်လျှောက်တွင် အစိုးရများသည် ၎င်းတို့၏ အာဏာကို တည်မြဲစေရန် အခြေခံကျသော နည်းလမ်းနှစ်မျိုးကို လုပ်ဆောင်လေ့ ရှိကြသည်။ ပထမနည်းမှာ ပြည်သူလူထုကို ကြောက်ရွံ့စေမှု ဖြစ်သည်။ လူထုကို နည်းလမ်းပေါင်းစုံဖြင့် အင်အားသုံး ခြိမ်းခြောက်ကာ ရိုးတွင်းခြင်ဆီအထိ အကြောက်တရား ကိန်းအောင်းသွားစေရန် ပြုလုပ်ခြင်း ဖြစ်သည်။ ဒုတိယနည်းမှာ ယုံကြည်မှု တည်ဆောက်ခြင်း ဖြစ်သည်။ ပြည်သူလူထု၏ သဘောဆန္ဒကို ကိုယ်စားပြုခြင်းဖြင့် အစိုးရအပေါ် ယုံကြည်လာအောင် ပြုလုပ်ခြင်း ဖြစ်သည်။
ကြောက်ရွံ့စေမှုကို အခြေခံသော အုပ်ချုပ်မှုသည် ရေတိုကာလများအတွက် ထိရောက်သည့် အကျိုးတရားကို ရရှိကောင်း ရရှိစေနိုင်သော်လည်း ရေရှည်တွင်တော့ ဆိုးကျိုးက ပို၍ များလာတတ်သည်။ ထိုစနစ်၏ အားသာချက်မှာ အစိုးရက အမိန့်တစ်ခု၊ ဥပဒေတစ်ခု ထုတ်ပြန်လိုက်လျှင် ပြည်သူများ လိုက်နာကြရသည်။ ဆန္ဒပြမှုများနှင့် ဆူပူအုံကြွမှုများကို အင်အားသုံး၍ ရပ်တန့်ပစ်နိုင်သည်။ အစိုးရကို ဝေဖန်သူများ၊ အစိုးရက အန္တရာယ်ရှိသူဟု သတ်မှတ်ထားသူများနှင့် အတိုက်အခံများကို ပုဒ်မမျိုးစုံတပ်ကာ ဖမ်းဆီး ထောင်ချထားနိုင်သည်။ အဆုံးစွန်ထိဆိုရလျှင် ပြည်သူပြည်သား၏ သဘောထားဆန္ဒ တစ်စုံတစ်ရာမျှ မပါသော်လည်း ၎င်းတို့၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဥပဒေပြုရေးမဏ္ဍိုင်ကြီးများကို အာဏာဖြင့် လည်ပတ်အောင် လုပ်ဆောင်နိုင်သည်။ သို့သော် အကြောက်တရားဖြင့် အုပ်ချုပ်သည့် ပြဿနာမှာ ပြည်သူများသည် အစိုးရ၏ လုပ်ဆောင်ချက်များကို ယုံကြည်လေးစား၍ နာခံခြင်းမျိုးမဟုတ်ဘဲ ဆန့်ကျင်မိလျှင် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်ကို ကြောက်၍ လိုက်နာကြရသည့် သဘောသာ ဖြစ်သည်။
ယုံကြည်မှုကို အခြေခံသော အုပ်ချုပ်မှုမှာ အစိုးရသည် ဝေဖန်မှုကို အန္တရာယ်အဖြစ် မရှုမြင်ပေ။ ပြည်သူ၏ မကျေနပ်ချက်ကို နိုင်ငံရေးပြဿနာတစ်ရပ်အဖြစ်သတ်မှတ်ကာ ညှိနှိုင်းဖြေရှင်းရန် ကြိုးစားသည်။ ဂျာမန်နိုင်ငံသား လူမှုဗေဒ (sociologist)၊ စီးပွားရေး (political economist) နှင့် နိုင်ငံရေးအတွေးအခေါ်ပညာရှင် Max Weber (1864–1920) က အစိုးရ၏ တည်မြဲမှုသည် အင်အားအသုံးပြုနိုင်စွမ်းထက် တရားဝင်မှု (legitimacy) အပေါ်တွင် ပို၍ မူတည်သည်ဟု ဆိုခဲ့ဖူးသည်။ အဓိပ္ပာယ်မှာ အစိုးရတစ်ရပ်သည် ပြည်သူများကို အမိန့်ပေးနိုင်ရုံနှင့် မလုံလောက်ဘဲ ပြည်သူများက အစိုးရ၏ အာဏာကို တရားမျှတသည်ဟု ယုံကြည်ရမည်ဟု ဆိုလိုခြင်ပင် ဖြစ်သည်။
Weber က အစိုးရတစ်ရပ်၏ တရားဝင်မှု (legitimacy) နှင့်ပတ်သက်၍ အခြေခံအမျိုးအစား (၃) မျိုးကို ခွဲခြားပြထားသည်။ (၁) ဘုရင်စနစ်ကဲ့သို့ အစဉ်အလာအပေါ် အခြေခံသော တရားဝင်မှု (Traditional legitimacy)၊ (၂) ခေါင်းဆောင်၏ ကိုယ်ပိုင်ဆွဲဆောင်နိုင်စွမ်းအပေါ် အခြေခံသော တရားဝင်မှု (Charismatic legitimacy) နှင့် (၃) ဥပဒေနှင့် စည်းမျဉ်းများအပေါ် အခြေခံသော တရားဝင်မှု (Legal – rational legitimacy) ဟူ၍ ဖြစ်သည်။ အနှစ်ချုပ်ရလျှင် နိုင်ငံတော်တွင် အင်အားသုံးနိုင်စွမ်း ရှိရမည်ဖြစ်သော်လည်း ထိုအင်အားကို ပြည်သူများက တရားဝင်သည်ဟု လက်ခံ ယုံကြည်ခြင်း ရှိမှသာ အစိုးရ၏ တည်မြဲမှုကို အဆုံးအဖြတ် ပေးလိမ့်မည်ဟူ၍ ဖြစ်၏။
“ပြိုကွဲသွားခဲ့သော ယုံကြည်မှုအဆောက်အအုံ”
၁၉၈၈ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော မြန်မာနိုင်ငံ၏ လူထုအရေးတော်ပုံသည် အာဏာနှင့် ပြည်သူကြားမှ ဆက်ဆံရေးကို မီးမောင်း ထိုးပြခဲ့သည့် သမိုင်းဖြစ်ရပ်တစ်ခု ဖြစ်သည်။ အင်္ဂလိပ်တို့ လက်အောက်မှ လွတ်လပ်ရေး ရရှိပြီး သိပ်မကြာမီ၌ပင် မူမမှန်သော မြန်မာ့နိုင်ငံရေး ခေါင်းဆောင်တချို့သည် ပင်လုံကတိကဝတ် ချိုးဖောက်မှုနှင့် လူမျိုးကြီးဝါဒ မွေးမြူမှုများကို အစပျိုးလာခဲ့ကြသည်။ တိုင်းရင်းသားလူမျိုးများ၏ ရပိုင်ခွင့်ကို လက်ဝါးကြီးအုပ်မှု၊ ခေါင်းပုံဖြတ် အမြတ်ကြီးထုတ်မှုနှင့် လူမျိုးကြီးဝါဒီ ကျင့်သုံးကာ ဗဟိုချုပ်ကိုင် အနိုင်ကျင့်မှုများမှ မြစ်ဖျားခံလာခဲ့သော တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးသမိုင်းသည် မြန်မာ့အုပ်ချုပ်သူ လူတန်းစားများ၏ တရားမျှတသည့် အုပ်ချုပ်ရေးစနစ်အတွက် သံချောင်းခေါက်သံများပင် ဖြစ်သည်။
ဖြစ်ပွားခဲ့သဖြင့် ရှစ်လေးလုံး အရေးတော်ပုံဟု လူသိများသော (၈.၈.၁၉၈၈) ဆန္ဒပြပွဲများသည် မြန်မာ့သမိုင်းတွင် အကြီးမားဆုံး လူထုလှုပ်ရှားမှုများထဲမှ တစ်ခုပင် ဖြစ်သည်။ ထိုအချိန်က မြန်မာအစိုးရတွင် ရွေးချယ်စရာ နည်းလမ်းနှစ်ခု ရှိခဲ့သည်။ ပထမနည်းလမ်းမှာ ပြည်သူလူထု၏ တောင်းဆိုချက်များကို နိုင်ငံရေး ဆွေးနွေးမှုဖြင့် ဖြေရှင်းရန်ဖြစ်ပြီး ဒုတိယနည်းလမ်းမှာ ထိုတောင်းဆိုချက်များကို နိုင်ငံတော် လုံခြုံရေး ပြဿနာအဖြစ် သတ်မှတ်၍ အကြမ်းဖက် ဖြိုခွင်းပစ်ရန်ပင် ဖြစ်သည်။ စက်တင်ဘာ ၁၈ ရက်၊ ၁၉၈၈ ခုနှစ်တွင်တော့ မြန်မာစစ်တပ်သည် နိုင်ငံ၏ အာဏာရယူပြီး နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (SLORC) ကို ဖွဲ့စည်းခဲ့သည်။ ထို့ နောက် နိုင်ငံရေး ခံယူချက်များဖြင့် လမ်းမပါ် ရောက်နေကြသည့် လက်နက်မဲ့ ပြည်သူလူထုကို သေနတ်များဖြင့်သတ်ဖြတ်၍ ဒုတိယ နည်းလမ်းကို ရွေးချယ်သွားခဲ့သည်။ ထိုဖြစ်ရပ်သည် မြန်မာနိုင်ငံရေးတွင် အရေးကြီးသော သမိုင်းအခိုက်အတံ့ တစ်ခုပင် ဖြစ်သည်။ အစိုးရတစ်ရပ်သည် အာဏာရှိနေနိုင်သော်လည်း ပြည်သူ၏ ယုံကြည်မှုကိုတော့ ဆုံးရှုံးသွားနိုင်သည်ဆိုသော နိုင်ငံရေးဒဿနတစ်ခု သို့မဟုတ် Max Weber (1864–1920) ၏ ဒဿနကို ပို၍ မှန်ကန်သွားစေခဲ့သည်။
“စစ်တပ်အာဏာသိမ်းမှုများနှင့် စစ်အုပ်ချုပ်ရေးသံသရာ”
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့တွင် ပေါ်ပေါက်လာသည့် အာဏာသိမ်းမှုသည် ၁၉၈၈ လူထုအုံကြွမှု နောက်ပိုင်းတွင် နောက်ထပ် ကြီးမားသော လူထုအုံကြွမှု တစ်ခုအဖြစ် မှတ်တမ်းဝင်လာခဲ့သည်။ သို့သော် ၁၉၈၈ ကဲ့သို့ မျက်စိပွင့် နားပွင့်မရှိခဲ့သောကာလ လူထုအုံကြွမှုနှင့် ၂၀၂၁ ၏ နည်းပညာခေတ် လူထုအုံကြွမှုမှာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကွဲပြားခြားနားမှု ရှိခဲ့သည်။ အထူးသဖြင့် ၂၀၂၁ ခုနှစ် လူထုအုံကြွမှုသည် နှစ်ပေါင်း (၇၀) ကျော်ကြာ ဖိနှိပ်ခံထားရမှု အစိုင်အခဲများ ပေါက်ထွက်လာခြင်းနှင့် လွတ်လပ်သည့် ဒီမိုကရေစီအရသာကို တစ်စွန်းတစ်စ မြည်းစမ်းခွင့် ရရှိထားသည့် အကျိုးကျေးဇူးတို့ ပါဝင်သည်။
မြန်မာအာဏာသိမ်း စစ်တပ်မှ ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ရှိခဲ့သည်ဟု အကြောင်းပြကာ အာဏာသိမ်းခဲ့သော်လည်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အစိုးရများနှင့် လွတ်လပ်သော စောင့်ကြည့်လေ့လာရေး အဖွဲ့အစည်း အများအပြားက အာဏာသိမ်းခြင်းသည် ပြည်သူလူထုကို စစ်ကျွန်ပြုရန် ရည်ရွယ်ခြင်းသာဖြစ်ကြောင်း ရှုမြင်သည်။ ၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုနှင့် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပေါ်ခဲ့သော လူထုတုံ့ပြန်မှုများသည် အချိန်ကာလ အခြေအနေ မတူသော်လည်း တူညီသော မေးခွန်းတစ်ခုကိုတော့ ဖြစ်ပေါ်လာစေခဲ့သည်။ ထိုမေးခွန်းမှာ နိုင်ငံတော်၏ အဓိကတာဝန်သည် အာဏာကို ကာကွယ်ခြင်းလား၊ ပြည်သူနှင့် နိုင်ငံကို ကာကွယ်ခြင်းလား ဟူ၍ပင် ဖြစ်၏။ ၂၀၂၁ နောက်ပိုင်း မြန်မာနိုင်ငံ၏ အခြေအနေကို နိုင်ငံရေးသိပ္ပံအမြင်ဖြင့် ကြည့်လျှင် အာဏာသိမ်းအစိုးရ၏ တရားဝင်မှု (legitimacy crisis) ပြဿနာ ဖြစ်လာသည်။ အဘယ်ကြောင့်ဆိုသော် အစိုးရတစ်ရပ်၏ အင်အားသည် လက်နက်နှင့် အမိန့်ပေးနိုင်မှုသာမဟုတ်ဘဲ ပြည်သူများက ပြည်သူ့ယုံကြည်မှုအပေါ်တွင် အခြေခံထားသောကြောင့်ပင် ဖြစ်သည်။ သို့သော် မြန်မာပြည်သူများသည် အင်အားကြီးသမျှ ရက်စက်ကြမ်းကြုတ်သော မြန်မာစစ်တပ်နှင့် မြန်မာအာဏာရှင်အစိုးရ အဆက်ဆက်ကို မတွန်းလှန်နိုင်ခဲ့ကြသဖြင့် စစ်အာဏာရှင်အုပ်ချုပ်ရေး သံသရာ ရှည်ကြာခဲ့ရပေသည်။
“အာဏာ၏ နေဝင်ချိန်နှင့် နီးကပ်လာနေသည့် မြန်မာစစ်တပ်”
ဗုဒ္ဓအဘိဓမ္မာတွင် ထာဝရ တည်မြဲခြင်းသည် မရှိဟု ဆိုသည်။ ထို့အတူ နိုင်ငံရေးသမိုင်းတွင်လည်း အာဏာကို အလွန်အမင်း စုစည်း တည်ဆောက်ထားသောအစိုးရများပင် တစ်ချိန်ချိန်၌ အားနည်းသွားတတ်လေ့ ရှိ၏။ အပြင်ပန်းအားဖြင့် ကြည့်လျှင် အာဏာရှိသူသည် အားအကောင်းဆုံး အသွင်သဏ္ဍာန် ပေါ်နေတတ်သည်။ သူ့တွင် အုပ်ချုပ်ရေးယန္တရား၊ စစ်တပ်၊ လုံခြုံရေးအဖွဲ့အစည်းနှင့် အခြေအနေ အချိန်အခါကိုလိုက်၍ ဥပဒေထုတ်နိုင်သော အာဏာရှိသည်။ နိုင်ငံ၏ အရင်းအမြစ်များကို ထိန်းချုပ်ကာ လိုအပ်သလို ထုတ်သုံးနိုင်သည်။ သို့သော် နိုင်ငံရေးပညာရှင်များက အစိုးရတစ်ရပ်၏ အမှန်တကယ် အင်အားကို ထိုအရာများဖြင့်သာ မတိုင်းတာကြဘဲ ပြည်သူများက အစိုးရ၏ အာဏာကို မည်မျှ ယုံကြည်လက်ခံထားသလဲ ဆိုသည့်အချက်နှင့် တိုင်းတာလေ့ ရှိသည်။
ဂျာမန်-အမေရိကန် နိုင်ငံရေးဒဿနပညာရှင် Hannah Arendt က အာဏာ (Power) နှင့် အကြမ်းဖက်မှု (Violence) တို့ကို ခွဲခြား ရှင်းပြခဲ့သည်။ သူမ၏ အမြင်အရ အာဏာသည် လူအများ၏ ပူးပေါင်းဆောင်ရွက်မှုမှ ပေါ်ပေါက်လာပြီး အကြမ်းဖက်မှုသည် ထိုအာဏာ အားနည်းလာသောအခါ အသုံးပြုရသော ကိရိယာတစ်ခု ဖြစ်လာတတ်သည်ဟု ဆိုသည်။ အစိုးရတစ်ရပ်သည် ပြည်သူ၏ ယုံကြည်မှုကို ရရှိထားလျှင် အင်အား အလွန်အကျွံ အသုံးပြုရန် မလိုအပ်ပေ။ သို့သော် ယုံကြည်မှု လျော့နည်းလာသောအခါ အစိုးရများသည် ထိန်းချုပ်မှုကို ပြန်လည် ရယူရန်အတွက် အင်အားကို ပိုမို အားကိုးလာနိုင်သည်။ မည်သို့ပင်ဖြစ်စေ မြေကြီးလက်ခတ် မလွဲသည့် လောကဓမ္ဓအရ အင်အားကြီးခြင်းသည် အင်အားယုတ်လျော့ရန်ဖြစ်ပြီး အာဏာရှိခြင်းသည် အာဏာလက်လွှတ်ရရန်ပင် ဖြစ်သည်။ ၁၉၄၈ ခုနှစ်မှ စတင်ကာ ပြည်သူလူထုတစ်ရပ်လုံးအပေါ်တွင် တောက်လျှောက် အနိုင်ယူလာခဲ့သည့် အင်အားကြီးလှပါသည်ဆိုသော မြန်မာစစ်တပ်နှင့် အာဏာရှင်အစိုးရတို့၏ နေဝင်ချိန်သည်လည်း ၂၀၂၁ ခုနှစ်နောက်ပိုင်းမှ စတင်ကာ အာဏာနေဝင်ချိန်နှင့် တစ်ရက်ထက်တစ်ရက် နီးကပ်လာနေပြီဆိုသည်မှာ အမှန်တရားပင် ဖြစ်သည်။
“ မြန်မာစစ်တပ်နှင့် ကူညီပါရစေများအတွက် အရှက်တရားကိုသင်ပြပေးသော အိန္ဒီယဆန္ဒပြပွဲ”
ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဟု သတ်မှတ်ခံထားရသော အိန္ဒိယနိုင်ငံကို ကြည့်လျှင် အစိုးရ၏ အုပ်ချုပ်မှုယန္တရားသည် သဘောထား မတူညီမှုများ၊ လူမှုရေး ပဋိပက္ခများ၊ အစိုးရ မူဝါဒကို ဆန့်ကျင်သော လှုပ်ရှားမှုများနှင့်အတူ ရှင်သန်လာခဲ့ရကြောင်း တွေ့မြင်ရမည်ပင် ဖြစ်သည်။ ဒီမိုကရေစီ၏ အဓိပ္ပာယ်မှာ လူတိုင်း တစ်သဘောတည်း ဖြစ်နေခြင်းမဟုတ်ဘဲ မတူညီသော အသံများကို နားထောင်၍ ညှိနှိုင်း ဖြေရှင်းခြင်းပင် ဖြစ်သည်။ ပန်းဥယျာဉ်ထဲတွင် အရောင်အဆင်း၊ အနံ့၊ အရသာ မတူညီသော ပန်းပေါင်းစုံဖြင့် လှပနေခြင်းပင် ဖြစ်သည်။
အိန္ဒိယနိုင်ငံတွင် လယ်သမားဆန္ဒပြပွဲများ၊ ကျောင်းသားလှုပ်ရှားမှုများ၊ အလုပ်သမားအရေးတော်ပုံများနှင့် နိုင်ငံရေးဆန္ဒပြမှုများသည် ကြိမ်ဖန်များစွာ ဖြစ်ပေါ်ခဲ့သည့် အကြောင်းကိစ္စများပင် ဖြစ်သည်။ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော လယ်သမားဆန္ဒပြပွဲသည် အိန္ဒိယနိုင်ငံ၏ ခေတ်သစ်သမိုင်းတွင် အကြီးမားဆုံး လူထုလှုပ်ရှားမှုများထဲမှ တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ထိုလှုပ်ရှားမှုတွင် လယ်သမားများက အစိုးရ၏ စိုက်ပျိုးရေးဥပဒေဆိုင်ရာ ပြင်ဆင်မှုများကို ဆန့်ကျင်ခဲ့ကြသည်။ ထိုဆန္ဒပြပွဲမှာ လပေါင်းအတန်ကြာ ကြာမြင့်ခဲ့သော ထိုလယ်သမား လှုပ်ရှားမှုကြီးကို အစိုးရက သွေးထွက်သံယိုဖြစ်မှု အနည်းဆုံးအခြေအနေဖြင့် ကိုင်တွယ်ခဲ့သည်။ နောက်ဆုံးတွင်တော့ အစိုးရနှင့် ဆန္ဒပြသူများကြား အချေအတင် ဆွေးနွေးကာ အစိုးရဘက်မှ အဆိုပါ ဥပဒေများကို ပြန်လည် ရုပ်သိမ်းပေးသွားခဲ့သည်။ အပြန်အလှန်အနေဖြင့် လယ်သမားများဘက်မှလည်း ဆန္ဒပြ လူထုလှုပ်ရှားမှုကို ငြိမ်းချမ်းစွာ လူစုခွဲပစ်နိုင်ခဲ့သည်။
လက်ရှိအချိန်တွင်လည်း အိန္ဒိယအမျိုးသား ဆေးဘက်ဝင်ခွင့်စာမေးပွဲ (NEET-UG) စာမေးပွဲ မေးခွန်းပေါက်ကြားမှု (paper leak) နှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံတစ်ဝန်း၌ ကျောင်းသားများအပါအဝင် လူပေါင်း သိန်းနှင့်ချီ၍ ဆန္ဒပြမှု ဖြစ်ပေါ်နေခဲ့သည်။ “Cock roach Janta Party (CJP) ဟု အမည်ရသည့် လူငယ်ဦးဆောင် ပညာရေးစနစ် ပြုပြင်ရေး ဆန္ဒပြ လှုပ်ရှားမှုသည် အိန္ဒိယဝန်ကြီးချုပ် မိုဒီ၏ အာဏာတည်မြဲမှုနှင့် လူထုယုံကြည်မှုကို ပျက်ပြားစေသည်အထိ ဖြစ်ခဲ့သော်လည်း ထို လူထုဆန္ဒပြပွဲကို အိန္ဒိယအစိုးရ၏ ကိုင်တွယ်ဖြေရှင်းပုံမှာ ညင်သာလွန်းလှသည်။ လူမှုကွန်ရက်ပေါ်တွင် တက်လာသည့် ဗွီဒီယိုဖိုင်များနှင့် သတင်းဌာနများ၏ အချက်အလက်များအရ အိန္ဒိယရဲတပ်ဖွဲ့ဝင်များသည် ဝါးတုတ်သကဲ့သို့ တုတ်ချောင်းများနှင့် သစ်ပင်အကိုင်းကဲ့သို့ အရာများကို နံပါတ်ထုတ် အစားထိုးအဖြစ် ကိုင်ကာ အဓိကရုန်း နှိမ်နှင်းသည်ကို တွေ့ရှိရသည်။ အမှန်စင်စစ် အိန္ဒိယရဲဝန်ထမ်းများ ကိုင်ဆောင်သည့် ထိုဝါးနှီးပြား တုတ်ချောင်းများသည် မြန်မာပြည်တွင် ကျောင်းဆရာ ဆရာမများ စာသင်ခန်းထဲ၌ ကိုင်ဆောင်သည့် တုတ်အဆင့်သာပင် ဖြစ်သည်။ ပြောစမှတ် တွင်စရာတစ်ခုအဖြစ် ဆန္ဒပြသူများကို သေနတ်ဖြင့် လှမ်းချိန်သည့် ရဲအရာရှိတစ်ဦးကို အစိုးရမှ ရာထူးချလိုက်သော သတင်းသည်ပင် လူမှုကွန်ရက်၌ လူပြောများသည့် သတင်းတစ်ပုဒ် ဖြစ်လာခဲ့သည်။
အိန္ဒိယ၏ လူထုအုံကြွမှုကို ဖြေရှင်းသော ပုံစံသည် မြန်မာစစ်တပ်နှင့် မြန်မာ့ရဲတပ်ဖွဲ့ (ကူညီပါရစေများ) အတွက် ရှက်တတ်လျှင် ရှက်သင့်သော ပုံရိပ်များပင် ဖြစ်သည်။ မြန်မာပြည်တွင် ဖြစ်ပေါ်ခဲ့သမျှ ဆန္ဒပြပွဲများနှင့် လူထုအုံကြွမှုများကို စစ်တပ်နှင့် ရဲတပ်ဖွဲ့သည် မည်ကဲ့သို့ အကြမ်းဖက် ဖြေရှင်းခဲ့ကြောင်းကို သမိုင်းမှ မှတ်တမ်းတင်ထားသည်။ လူမှုကွန်ရက်ပေါ်တွင် စာတစ်လုံး၊ အမူအရာတစ်ခု ရေးသားတင်ဆက်လျှင်ပင် ဖမ်းဆီး ထောင်ချပစ်သည့် မြန်မာစစ်တပ်နှင့် ကူညီပါရစေများအတွက် အိန္ဒိယဆန္ဒပြပွဲမှ ပေးအပ်လာသော အရှက်တရားများကို စောင်လုံအောင် ခြုံသင့်ပြီဟုသာ ပြောရတော့မည် ဖြစ်သည်။
“ ရှက်တတ်သော အစိုးရဖြစ်ဖို့ ”
အစိုးရကောင်းတစ်ရပ်၏ သရုပ်ကို အကျပ်အတည်း ဖြစ်နေချိန်တွင် ပြုမူဆောင်ရွက်သည့် ပုံဖြင့်သာ တိုင်းတာသင့်သည်။ ပြည်သူကို တန်ဖိုးထားသော အစိုးရသည် ဝေဖန်မှုကို ခံနိုင်ရည်ရှိရန် ကြိုးစားသည်။ ဝေဖန်သူကို ဖယ်ရှားပစ်ရန် မကြိုးစားဘဲ အကြောင်းရင်းကို အရင်းစစ်နိုင်သည်အထိ ဂရုတစိုက် နားထောင်သည်။ အင်အားအသုံးပြုမှုကို ဥပဒေအရ ခွင့်ပြုထားသော်လည်း အင်အားကို ပထမဆုံး နည်းလမ်းအဖြစ် မရွေးချယ်တတ်ကြချေ။ အမှားဖြစ်လျှင် ဝန်ခံပြီး ပြင်ဆင်နိုင်ရန် ကြိုးစားသည်။ ပြည်သူကို သွန်လိုသွန်၊ မှောက်လိုမှောက်နိုင်သော လက်ခုပ်ထဲမှရေ သို့မဟုတ် အစိုးရ ပြုသမျှ နုရမည့် အုပ်ချုပ်ခံလူတန်းစားတစ်ရပ်ဟု မမြင်ဘဲ အခွင့်အရေး အပြည့်အဝရှိသော နိုင်ငံသားအဖြစ်သာ ရှုမြင်သည်။
အကောင်းဆုံး အစိုးရဆိုသည်မှာ ပြည်သူအားလုံးကို အမြဲ ကျေနပ်စေနိုင်သော အစိုးရမျိုးဟု မဆိုနိုင်သော်လည်း မတူညီသော အသံများ ထွက်ပေါ်လာတိုင်းတွင် ကျေနပ် နှစ်သိမ့်စရာ အခြေအနေ ရောက်သည်အထိ စွမ်းဆောင်နိုင်သော အစိုးရ ဖြစ်သည်။ ခြောက်ပစ်ကင်း၊ သဲလည်းစင်သည့် အစိုးရဆိုသည်မှာ မည်သည့် နိုင်ငံတွင်မှ မရှိနိုင်သော်လည်း ပြည်သူကို တန်ဖိုးထားသော အစိုးရမှန်သမျှသည် ပြည်သူနစ်နာမည့် ကိစ္စမှန်သမျှကို ရှောင်ရှားကြသည်သာ ဖြစ်၏၊ မြန်မာနိုင်ငံ၏ ၁၉၈၈ ဖြစ်ရပ်၊ ၂၀၂၁ နောက်ပိုင်း အကျပ်အတည်းများနှင့် ကမ္ဘာတစ်ဝှမ်းရှိ ဆန္ဒပြမှုများ အားလုံးသည် နိုင်ငံရေး သင်ခန်းစာတစ်ခုကို ပေးနေသည်။ တချို့ အစိုးရများသည် ဆန္ဒပြမှုကို အစိုးရ ဆန့်ကျင်ရေး အန္တရာယ်ဟု ရှုမြင်ကြသည်သော်လည်း တချို့ အစိုးရများကမူ လူထု၏ မကျေနပ်ချက်ကိုအချက်ပေးသံဟု မြင်ကြသည်။ ဒုတိယအမြင်သည် အစိုးရတစ်ရပ်အတွက် ပိုမို ခက်ခဲသော အမြင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နားထောင်ရန်၊ ညှိနှိုင်းရန်နှင့် အခန့်မသင့်ပါက မိမိ၏ ဆုံဖြတ်ချက်ကို ပြန်လည် ပြင်ဆင်ရန် လိုအပ်သောကြောင့် ဖြစ်သည်။ သို့သော် ထိုနည်းလမ်းသည်သာ အစိုးရတစ်ရပ်နှင့် နိုင်ငံတစ်နိုင်ငံကို ရေရှည် တည်တံ့စေနိုင်သည့် နည်းလမ်း ဖြစ်သည်။ လက်ရှိ အိန္ဒိယကျောင်းသားလူငယ်များ ဆန္ဒပြပွဲသည် မြန်မာစစ်တပ်၊ ကူညီပါရစေများနှင့် အစိုးရအပေါ် ရှက်တတ်သော အစိုးရတစ်ရပ်ဖြစ်အောင် သံချောင်းခေါက်လိုက်သည်ဟုပင် ဆိုရပေတော့မည်။ ။