ကပစ ၁၆ အထိ AA ထိုးစစ် ရောက်ရှိလာနေ

အာရက္ခတိုင်းမ်စ် (၇ စက်တင်ဘာ ၂၀၂၆)

ပဲခူးတိုင်း ပန်းတောင်းမြို့နယ်ရှိ မသုန်ရွာအနီးရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ ၁၆ ထိ အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တို့ရဲ့ ထိုးစစ် ရောက်ရှိနေပြီလို့ သိရပါတယ်။

“အခု တိုက်ပွဲတွေက မသုန်ရွာနားက ကျွဲကန် အထက်တောင်ညိုကြီးစခန်းနားအထိကို ရောက်နေပြီ။ အဲဒီနေရာတွေကို ကပစ ၁၆ နဲ့ ကပစ ၉ နေပြီးတော့ ပစ်ကူတွေ တောက်လျောက်ပေးနေတယ်” မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခတပ်တော်၊ ပူးပေါင်းမဟာမိတ်တပ်တို့နဲ့ ရွေးတုအစိုးရတပ်တို့ဟာ စက်တင်ဘာလ ၄ ရက်က စတင်ပြီး တကျော့ပြန် တိုက်ပွဲတွေ ပြင်းထန်နေပြီး လက်ရှိအချိန်ထိလည်း တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။

အဆိုပါ ဖြစ်ပွားနေတဲ့ တိုက်ပွဲနေရာတွေကို မသုန်ရွာအခြေစိုက် ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ-၁၆ နဲ့ ကျောက်ဖူးရွာအခြေစိုက် ကပစ-၉ တို့ကနေ လက်နက်ကြီးများနဲ့ အဆက်မပြတ် ပစ်ကူပေးနေရပြီး လေကြောင်းကပါ စစ်ကူ တိုက်ခိုက်ပေးနေတယ်လို့လည်း သိရပါတယ်။

ဇွန်လ ၃၀ ရက်က ပဲခူတိုင်း ပန်းတောင်းမြို့နယ် မသုန်အခြေစိုက် အမှတ် ၁၆ ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ (ကပစ ၁၆) ကို အာရက္ခတပ်တော်က လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်လို့ ရွေးတုအစိုးရတပ်က ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

အလားတူ မတ်လ ၁ ရက်ကလည်း ကပစ (၁၆) စက်ရုံကို AA နဲ့ ပူးပေါင်းမဟာမိတ်အဖွဲ့က ရှော့တိုက်ဒုံး၊ လက်နက်ကြီးတွေနဲ့ ထိမှန်အောင် ပစ်ခတ်ခဲ့လို့ စက်ရုံအတွင်းမှာ ပေါ်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။

ပဲခူးတိုင်း ပန်းတောင်းမြို့နယ်အတွင်းမှာ ကာကွယ်ရေးပစ္စည်းစက်ရုံ ၄ ရုံ တည်ရှိနေပြီး အဲဒီ စက်ရုံတွေကနေ ရွေးတုအစိုးရတပ်အတွက် လိုအပ်တဲ့ လေယာဉ်ဗုံး၊ မော်တာကျည်၊ လက်နက်ငယ်ကျည်နဲ့ ယမ်းအမျိုးမျိုးကို အဓိက ထုတ်လုပ် ဖြန့်ဖြူးပေးနေတာကြောင့် အဓိက ဗဟိုချက် နယ်မြေတစ်ခုလည်း ဖြစ်ပါတယ်။

Related posts

ပုဏ္ဏားကျွန်းထိုးစစ် လေယာဉ်ပစ်ကူပေးပေမယ့် AA တန်ပြန်စစ်ကြောင့် ရွေးတုတပ် တပ်ပြန်ဆုတ်

လူ့အခွင့်အရေးချိုးဖောက်ခံ ရက္ခိုင်ပြည်နှင့် ရက်စက်မှုအပေါင်း သရဖူဆောင်းသူများ

သံတွဲကို ရွေးတုတပ် ထပ်မံ ဗုံးကြဲတိုက်ခိုက်နေ