အာရက္ခတိုင်းမ်စ် (၁၅ စက်တင်ဘာ ၂၀၂၆)
ရခိုင်မျိုးချစ်လူငယ်ဖောင်ဒေးရှင်းက ရန်ပုံငွေအတွက် ကံစမ်းမဲအစီအစဉ် ပြုလုပ်လျက်ရှိတယ်လို့ အဆိုပါ အသင်းရဲ့ ဥက္ကဌဖြစ်သူ ကိုမျိုးချစ်က ဆိုပါတယ်။
“ကျနော်တို့က ပုဏ္ဏားကျွန်းမြို့နယ်မှာ အခြေစိုက်ထားတဲ့ အဖွဲ့ဆိုတော့ပေါ့နော်။ ပုဏ္ဏားကျွန်းမြို့နယ်မှာကြတော့ စစ်တွေဘက်က စစ်ဘေးရှောင်တွေကလည်းများတယ်။ နောက်ပြီးတော့ ပုဏ္ဏားကျွန်းမြို့ထဲက စစ်ဘေးရှောင်တွေ အများကြီပေါ့နော်။ ဒီစစ်ဘေးရှောင်ရယ် နောက်ပြီးတော့ ဒေသခံပြည်သူတွေကို ကျနော်တို့ ရခိုင်မျိုးချစ်လူငယ် ဖောင်ဒေးရှင်းက ဆိုင်ကယ် accident ဖြစ်ဖြစ် ကား accident လူနာတွေရော ပြီးတော့မှ ဒီဒေသခံ ကျန်းမာရေး မကောင်းတဲ့လူတွေရောပေါ့နော်။ တောက်လျှောက် သူတို့တွေရဲ့ ကျန်းမာရေး ဆေးကုသမှု ခံယူဖို့နေရာတွေကို တောက်လျှောက် လိုက်ပို့ပေးတဲ့အခါကျတော့ ဆီဖိုးပေါ့။ အခက်အခဲဖြစ်တာတွေ ရှိတယ်ပေါ့။ ဒါကြောင့်မလို့ ကျနော်တို့ကတော့ ကံစမ်းမဲ လက်မှတ်လုပ်ရတာပါ” လို့ ကိုမျိုးချစ်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အရေးပေါ်ကူညီရေး၊ လူမှုကူညီရေးနဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ရန်ပုံငွေ ရှာဖွေရေး ကံစမ်းမဲလက်မှတ်တွေကို အွန်လိုင်းမှတဆင့် ရောင်းချပေးနေတာဖြစ်ပြီး လက်မှတ်ဈေးနှုန်းတွေကတော့ အာရက္ခပြည်၊ ထိုင်း၊ တရုတ်နဲ့ မလေးရှား အစရှိတဲ့ နိုင်ငံအလိုက် ကွာခြားမှု ရှိတယ်လို့ ဆိုပါတယ်။
ရရှိမယ့် ဆုများကတော့ ပထမဆု ၁၀ သိန်း၊ ဒုတိယဆု ၇ သိန်း၊ တတိယဆု ၅ သိန်း အပြင် နှစ်သိမ့်ဆုတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
ကံစမ်းမဲ အစီအစဉ်မှ ရရှိလာတဲ့ အကျိုးအမြတ် အားလုံးကို ရခိုင်မျိုးချစ်လူငယ်ဖောင်ဒေးရှင်း ကူညီရေး လုပ်ငန်းများတွင် အပြည့်အဝ အသုံးပြုမှာ ဖြစ်တဲ့အတွက် အဆိုပါ အစီအစဉ်ကို ပါဝင် အားဖြည့်ပေးရန်လည်း ဥက္ကဌ ကိုမျိုးချစ်က မေတ္တာရပ်ခံထားပါတယ်။
ဓာတ်ပုံ – ရခိုင်မျိုးချစ်လူငယ်ဖောင်ဒေးရှင်းအသင်းမှ ကူညီမှုပေးနေစဉ်