The fall of Roman Empire ကျမ်းပြုစုသူ ဗြိတိသျှသမိုင်းပညာရှင် အက်ဒွပ် ဂစ်ဘွန်း (၁၇၃၇ – ၁၇၉၄) က၊ သမိုင်းဆိုတာ လူသားတွေရဲ့ ကောက်ကျစ်ယုတ်မာမှု၊ ရိုင်းစိုင်းရက်စက်မှု မှတ်တမ်းသာ ဖြစ်တယ်လို့ ဖွင့်ဆိုခဲ့ဖူးတယ်။ သမိုင်းဟာ အတိတ်နှင့် ဆိုင်တယ်။ အတိတ်ဆိုတာဟာလည်း ငြင်းမရတဲ့ တည်ရှိခဲ့မှုပါပဲ။ ချန်လှပ်ထား၍ မရတဲ့ ဖြစ်တည်ပိုင်ဆိုင်ခဲ့မှုတစ်ခု ဖြစ်တယ်။ ရုန်းထွက်မရနိုင်တဲ့ ဆိုးမွေ ကောင်းမွေများနဲ့ ပကတိ အရှိတရားလည်း ဖြစ်တယ်ဆိုတာပဲ။ ပစ္စုပ္ပာန်ကို မျက်မှောက်ပြု နေထိုင်နေကြသော်လည်း အတိတ်က ဖြစ်ပျက်မှုကို ဆင်ခြင်တုံတရား၊ လူမှုကျင့်ဝတ်၊ လူ့ယဥ်ကျေးမှု၊ အမျိုးသားစံတန်ဖိုးများဖြင့် ဆေးကြော တိုက်ချွတ်ခြင်းဟာ သမိုင်းဗေဒတစ်ခု ဖြစ်တယ်။ မိမိတို့ရဲ့ အမူအကျင့်ဟောင်း၊ အတွေးအခေါ်ဟောင်းများကို ရိုက်ချိုး ဖျက်ဆီးကာ သမိုင်းဟောင်းထဲ သာယာမနေဘဲ ရဲရင့်စွာ ဖောက်ထွက်ရမယ်။ ရက္ခိုင်လူမျိုးတွေဟာ ကိုယ့်သမိုင်းကိုယ် သိရန် လိုအပ်တယ်။ အားနည်းချက်၊ အားသာချက်များကို သိထားရန် လိုအပ်တယ်။ ဒါမှ ဘယ်လိုလုပ်ရမယ်၊ ဘယ်လို လုပ်သင့်တယ်ဆိုတာ မြင်လာလိမ့်မယ်။
ဓညဝတီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦးဆိုတဲ့ ခေတ်ကြီးလေးခေတ်ဟာ ရက္ခိုင်တွေရဲ့ ဘုန်းမီးနေလ အတောက်ပဆုံး အချိန်ဖြစ်တယ်။ ကမ္ဘာ့အလယ်မှာ ထည်ဝါ ခံ့ညားခဲ့ဖူးတယ်။ ရက္ခိုင်တွေရဲ့ သတ္တိ ဗျတ္တိ ပြောင်မြောက်မှု၊ အနုသုခုမ ပညာရှင်များ ပေါ်ထွန်းလာခဲ့မှုနှင့် သဘာဝ သယံဇာတ ပေါကြွယ်ဝမှုတွေဟာ ရေခံ မြေခံကောင်းကို ရွေးချယ် ရှာဖွေတတ်မှု၊ မင်းနှင့် ပညာရှိ ဟူးရားတတ်တွေရဲ့ ဉာဏ်အမြော်အမြင် ကြီးမားမှုတို့ကြောင့် ရက္ခိုင်ပြည် စည်ပင်ဝပြော သာယာခဲ့တယ်။ သာသနာတော် ပြန့်ပွားပြီး ဘုရားပုထိုး၊ စေတီများ တည်ထား ကိုးကွယ်ခဲ့ကြတယ်။ ငြိမ်းအေး ချမ်းမြသော ရက္ခိုင်ဒေသကို ပြည်ပနိုင်ငံများကလည်း လာရောက် လည်ပတ်ကြတယ်။ ရေထွက်ပစ္စည်းများမှာ စားမကုန် သောက်မကုန်အောင် ပိုလျှံ များပြားခဲ့တယ်။ တိုင်းသူပြည်သားတွေလည်း အေးချမ်းစွာ နေထိုင်နိုင်ခဲ့ကြတယ်။
ရှေးဦးရက္ခိုင်တွေဟာ ကစ္ဆပနဒီမြစ်ဝှမ်းတွင် တစ်စု၊ ရက္ခိုင်တောင်ပိုင်းတွင် တစ်စု၊ ရမ်းဗြဲကျွန်းတွင် တစ်စု စသဖြင့် နေထိုင်လာခဲ့ကြတယ်လို့ သမိုင်းများက ဖော်ပြထားတယ်။ ရှေးရက္ခိုင်တွေဟာ မွန်ဂိုလွိုက် အနွယ်များ ဖြစ်တယ်လို့ ဖတ်မှတ်ဖူးပါတယ်။ ရှေးဦးရက္ခိုင်တွေဟာ ကစ္ဆပနဒီနှင့် အဥ္စနနဒီ မြစ်နှစ်သွယ်ကြားက လွင်ပြင်ဒေသတွေမှာ မြို့ပြနိုင်ငံများ ထူထောင် တည်ဆောက်ပြီး သမိုင်းအဆက်ဆက်၊ ခေတ်အဆက်ဆက်ကို ကိုယ့်မင်းကိုယ့်ချင်း၊ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းနှင့် နေထိုင်လာကြတဲ့ မဟာမျိုး မဟာနွယ် လူသားများအဖြစ် တင့်တယ်စွာ သမိုင်းခေတ်များကို ဖြတ်သန်းလာခဲ့ကြတယ်။ ဒီလိုနဲ့ ကံဆိုးမိုးမှောင် ကျလာသော နေ့ရက်တွေ ဆိုက်ရောက်လာခဲ့တယ်။ ဖြစ်ပျက် လောကဓံတရားအတိုင်း ရက္ခိုင်ပြည်တွင်းရေး မငြိမ်သက်မှုတို့ကို အမရပူရဘုရင် ဘိုးတော်မင်း သိရှိသွားပြီး နည်းမျိုးစုံဖြင့် သူလျှိုများ စေလွှတ်ကာ အားနည်းချက်၊ အားသာချက်များကို လေ့လာ စုံစမ်းခိုင်းလေသည်။ ဒီလို စုံစမ်းသိရှိပြီး စစ်မကြေညာဘဲ အလစ်အငိုက် ဝင်တိုက်တော့ ရက္ခိုင်တွေဟာ မရှုမလှ ခံကြရတာပါပဲ။ ရက္ခိုင်ကို သိမ်းယူပြီး အဖိုးတန်ရတနာများ၊ ပိဋကတ်တော်များ၊ ဘုရားများ၊ အတောင်နှစ်ဆယ် ပြောင်းကြီးပြောင်းငယ်သုံးထောင်၊ ပုဏ္ဏားမိသားစုများ၊ အတတ်ပညာရှင်များ၊ ဆင်၊ မြင်း၊ ရွှေငွေတွေကို ယူဆောင်သွားကြတယ်။ မင်းနှင့်တကွ လက်ရဖမ်းမိသူ လူပေါင်းနှစ်သိန်း၊ ပုခက်တွင်းမှ ကလေးငယ်များကို စိတ်ကြိုက် ဓားကစားကာ ဘုရားပေါ်၊ ဒိုင်းကျီ၊ မောင်းဆွဲ၊ ငါရကောက်၊ ခေါင်းဖြူတောင်၊ ပရိန်ပေါင်းတုပ်၊ ရတနာပြင်လက္မ၊ တောတန်းအရပ်၊ ကိုးဆယ့်ကိုးတောင်အရပ်၊ သံတွဲ၊ ရမ်းဗြဲ၊ မာန်အောင်စတဲ့ နေရာတွေက လူပေါင်း တစ်သိန်းရှစ်သောင်းလေးထောင်သော လူသားတွေဟာ သေကြေ ပျက်စီးကြရတယ်။
စစ်ရဲ့ဦးခေါင်းဖြစ်တဲ့ စစ်သူကြီး၊ စစ်ရဲ့မျက်စိဖြစ်တဲ့ ဟူးရားတတ်၊ စစ်ရဲ့နားဖြစ်တဲ့ သူလျှိုလိမ္မာ၊ စစ်ရဲ့အားဖြစ်တဲ့ ဗိုလ်ပါရဲမက်၊ စစ်ရဲ့ခံတွင်းဖြစ်တဲ့ တမန်လိမ္မာ၊ စစ်ရဲ့အစွယ်အမတ် သူရဲကောင်း၊ စစ်ရဲ့ခြေဖြစ်တဲ့ ခြေသည်သူရဲ၊ စစ်ရဲ့အင်္ဂါဖြစ်တဲ့ ဆင်ကောင်း၊ မြင်းကောင်း၊ လက်နက်ကောင်း အစရှိတဲ့ စစ်အင်္ဂါရပ်ရှစ်ပါးနှင့် ပြည့်စုံခဲ့မှုဟာ အချည်းအနှီး ဖြစ်ခဲ့ရတယ်။ ‘တိုင်းမတည် ပြည်မရပ်’ ဟူ၍ ရာဇဝင်များတွင် ဖော်ပြလေ့ရှိတဲ့ ထီးကျိုး၊ စည်ပေါက်၊ တိုင်းပြည်ငါးပါးမှောက်ကာ ကျောကုန်း၊ လည်ပင်းတို့တွင် ဓားတဝဲဝဲ၊ အသက်ကို ဖက်နဲ့ထုပ်ကာ ပြေးလွှား ပုန်းလျှိုးနေကြရတဲ့ ကာလဆိုး ကာလပျက်ကြီးတွင် ရက္ခိုင်ပြည်တွင် တစပြင် ဖုန်းဆိုးမြေလို ကျီးကန်းနဲ့ ဠင်းတငှက်များ ကျက်စားရာအရပ် ဖြစ်ခဲ့ရတယ်။ ရွှေနန်းတော်၊ နာရီစင်၊ ယွန်းစည်၊ မြို့ဝင်တံခါးများ၊ မြို့ရိုးတံတိုင်းတွေ ပျက်စီးရပြီး ဓညဝတီမြောက်ဦးအား မြေလှန် မီးရှို့ ဖျက်ဆီးခြင်း ခံလိုက်ရလေတော့သည်။ ရက္ခိုင်တွေရဲ့ အချုပ်အခြာအာဏာ ကျဆုံးပြီး ရာဇဝင်သမိုင်းနိဂုံး တစ်ခန်းရပ် ပြီးဆုံးခဲ့လေ၏။
*** လက်နက်စွဲကိုင် တော်လှန်ခြင်း
ခေတ်အဆက်ဆက် မိမိတို့ရဲ့ တိုင်းပြည်နိုင်ငံ ပြန်ရလိုမှုအတွက် ရက္ခိုင်တွေဟာ လက်နက်စွဲကိုင် တော်လှန်လာခဲ့ကြတယ်။ တန်းလွဲစား တောင်မင်းကျော်ထွေး၊ ဗိုလ်ချင်းပြန် စတဲ့ ကနဦး ခုခံတော်လှန်လာကြခဲ့သော်လည်း အထမြောက် အောင်မြင်ခြင်း မရှိခဲ့ဘူး။ ထို့နောက် တော်လှန်ရေး အဖွဲ့အစည်းတစ်ခု ပေါ်လာလိုက် ခရီးဆုံးပန်းတိုင် မရောက်မီပြိုကွဲ ပျက်စီးသွားလိုက်နဲ့ သံသရာ လည်နေခဲ့တယ်။ တော်လှန်ရေး အဖွဲ့အစည်းတွေ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ပေါ်လာလိုက်နဲ့ ခုခံတော်လှန်လာခဲ့ကြတာ နှစ်ပေါင်းများစွာ ကြာလာကာ အချိန်ကုန် လူပန်းနဲ့ အရှုံးရလဒ်ကိုသာ ပိုင်ဆိုင်ခဲ့ရတယ်။ လွတ်လပ်သော မိမိတိုင်းပြည်၊ နိုင်ငံတော်အချုပ်အခြာ ပြန်ရလိုမှုအတွက် အသက်၊ သွေး၊ ချွေးနဲ့ ဘဝပေါင်းများစွာ စတေးခဲဲ့ကြတယ်။ တော်လှန်ရေး ကျဆုံးမှုရဲ့ အတွေ့အကြုံတွေဟာ ပိုသိပ်သည်းလာတယ်။ ပြည်သူတွေကလည်း မိမိတို့ရဲ့ အချုပ်အခြာအာဏာကို ပြန်ရလာနိုးနဲ့ စောင့်စားခဲ့တာဟာ နှစ်ပေါင်းနှစ်ရာကျော်ထိ ကြာမြင့်လာခဲ့တယ်။ စစ်ပွဲဟာလည်း ခေတ်နဲ့ လိုက်လျောညီထွေ ပြောင်းလဲ ပြင်းထန်လာခဲ့တယ်။ အာဏာရှင် စစ်အုပ်စုကလည်း တိုင်းပြည်တည်ဆောက်ရေးကို ဂရုမစိုက်တော့ဘဲ လက်နက်ခဲယမ်း မီးကျောက်များ စုဆောင်းကာ နိုင်ငံအနှံ့ လှည့်ပတ်ပြီး ဗိုလ်ကျ စိုးမိုးနေတယ်။ တိုင်းရင်းသားတွေရဲ့ ဆန္ဒ၊ တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်နှင့် သဘောထားများကို လုံးဝ မျက်ကွယ်ပြုထားတယ်။ တဖြေးဖြေးနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုဘောင် ကျဥ်းလာပြီး စစ်ရေးဘောင်သာ ပိုကျယ်လာတယ်။
*** သမိုင်းသစ်ကာလကို တည်ဆောက်ခြင်း
ယခုအခါ ULA/AA ပေါ်ပေါက်လာပြီးတဲ့ နောက်ပိုင်းမှာတော့ ရက္ခိုင့်တော်လှန်ရေး အခင်းအကျင်းဟာ သိသာထင်ရှားစွာ ပြောင်းလဲလာတယ်။ အချိန်တိုအတွင်းမှာ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်ကလွဲပြီး ရက္ခိုင်ပြည် မြို့နယ်များကို သိမ်းပိုက် ထိန်းချုပ်နိုင်ခြင်းဟာ ဂုဏ်ယူ လေးစားလောက်တဲ့ အောင်မြင်မှုတစ်ရပ်ပဲ ဖြစ်တယ်။ တစ်နည်းအားဖြင့် ရှေးယခင် တော်လှန်ရေးသမားများနဲ့ မတူညီသော စစ်ရေးဗျူဟာ ကောင်းမွန်မှု၊ စည်းကမ်းသေဝပ်မှု၊ အမိန့်နာခံမှု၊ ခေါင်းဆောင်ပိုင်းရဲ့ စီမံခန့်ခွဲနိုင်တဲ့ စွမ်းရည်ထက်မြက်မှု၊ ပညာတတ် လူငယ်များ ပူးပေါင်းပါဝင်မှု အစရှိတဲ့ ဘက်စုံ ထူးချွန်မှုတွေကြောင့် အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကပါ လေးစား အတုယူစရာ ဖြစ်လာခဲ့တယ်။ ယုတ်စွအဆုံး ကမ္ဘာကပါ ရက္ခိုင့်တော်လှန်ရေးကို အာရုံစိုက်လာခဲ့ကြတယ်။ အာရက္ခတပ်တော် (AA) ရဲ့ မဟာမိတ်ဆက်ဆံရေး ကောင်းမွန်မှု၊ လက်နက်ကိုင် အဖွဲ့အစည်းချင်း အပြန်အလှန် ကူညီဖေးမမှုတို့ဟာ ကောင်းမွန်ထိရောက်တဲ့ စစ်ရေးဗျူဟာအတွက် အလွန်တရာ အရေးပါ အရာရောက်တဲ့ လုပ်ငန်းစဥ်တစ်ခု ဖြစ်တယ်။
သိမ်းပိုက် ထိန်းချုပ်ထားတဲ့ နယ်မြေအသီအသီးသီးကိုလည်း ကြီးကြပ်ကွပ်ကဲပြီး ဒေသဖွံဖြိုးရေး လုပ်ငန်းစဥ်များကိုလည်း စဥ်ဆက်မပြတ် ဆောင်ရွက်နေတယ်။ တဖက်ကလည်း အာဏာသိမ်းစစ်တပ်ဟာ လက်လွတ်လိုက်ရတဲ့ နယ်မြေတွေကို ပြန်ပြီး ရရှိရေးအတွက် လေကြောင်းမှ နည်းမျိုးစုံဖြင့် ဝင်ရောက်တိုက်ခိုက်လာနေတယ်။ ပြည်သူတချို့ကဆို ဒီအတိုင်းသာဆိုရင် လွတ်လပ်တဲ့ အချုပ်အခြာအာဏာ ပြည့်ဝသော နိုင်ငံတည်ထောင်ဖို့ဆိုတာ ဘယ်လိုမှ ဖြစ်နိုင်မှာ မဟုတ်ဘူးဆိုပြီး ယုံမှားသံသယ ဖြစ်နေတာကို တွေ့ရတယ်။ ဒီနေရာမှာ နိုင်ငံရေးသော်လည်းကောင်း၊ တော်လှန်ရေးသော်လည်းကောင်း ကြက်တစ်ခုန် ကြွေတစ်လှည့် အတွင်းမှာ ဘာမဆို ဖြစ်သွားနိုင်တယ် ဆိုတာကို သတိမူဖို့တော့ လိုပါလိမ့်မယ်။ ကမ္ဘာပေါ်မှာ ရက္ခိုင်တော်လှန်ရေးလို မဆုတ်မနစ်တဲ့ ဇွဲလုံ့လခွန်အားတွေနဲ့ သီးခြားခွဲထွက်ပြီး နိုင်ငံထူထောင်ခဲ့ကြတာ ဒုနဲ့ဒေးပါပဲ။
*** သီးခြားခွဲထွက် နိုင်ငံသစ်ထူထောင်သော ကမ္ဘာ့နိုင်ငံများ
၁။ အရှေ့တီမောနိုင်ငံ (East Timor) — ၂၀၀၂ ခုနှစ်
အရှေ့တီမောဟာ မူလက ပေါ်တူဂီကိုလိုနီဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ အင်ဒိုနီးရှားရဲ့ ကျူးကျော်သိမ်းပိုက်မှုကို ခံခဲ့ရပါတယ်။ ပြည်သူတွေရဲ့ နှစ်ပေါင်းများစွာ အသက်ပေး တွန်းလှန်မှု၊ ကုလသမဂ္ဂ (UN) ရဲ့ ကြားဝင်စွက်ဖက်မှုတွေကြောင့် ၁၉၉၉ မှာ ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပခွင့်ရခဲ့ပြီး ၂၀၀၂ ခုနှစ် မေလ ၂၀ ရက်မှာ လွတ်လပ်သောနိုင်ငံအဖြစ် တရားဝင် ကြေညာနိုင်ခဲ့တယ်။ လူပေါင်းများစွာလည်း အသက်ဆုံးရှုံးခဲ့ရသလို ဒဏ်ရာရသူတွေလည်း အများအပြားပါပဲ။
၂။ မွန်တီနီဂရိုးနိုင်ငံ (Montenegro) — ၂၀၀၆ ခုနှစ်
ယူဂိုဆလားဗီးယား ပြိုကွဲပြီးနောက် မွန်တီနီဂရိုးဟာ ဆားဘီးယားနဲ့ ပူးတွဲပြီး “ဆားဘီးယားနှင့် မွန်တီနီဂရိုး ပြည်ထောင်စု” အဖြစ် တည်ရှိခဲ့ပါတယ်။ ၂၀၀၆ ခုနှစ် မေလမှာ ပြုလုပ်ခဲ့တဲ့ ပြည်သူ့ဆန္ဒခံယူပွဲမှာ ပြည်သူ ၅၅.၅% က ခွဲထွက်ဖို့ ဆန္ဒပြုခဲ့ကြတဲ့အတွက် ငြိမ်းချမ်းစွာဖြင့် သွေးထွက်သံယိုမရှိဘဲ လွတ်လပ်ရေး ရရှိခဲ့တာ ဖြစ်ပါတယ်။
၃။ ကိုဆိုဗိုနိုင်ငံ (Kosovo) — ၂၀၀၈ ခုနှစ်
ကိုဆိုဗိုဟာ မူလက ဆားဘီးယားနိုင်ငံရဲ့ ပြည်နယ်တစ်ခု ဖြစ်ခဲ့ပြီး ပြင်းထန်တဲ့ လူမျိုးရေးပဋိပက္ခတွေနဲ့ စစ်ပွဲတွေကို ကြုံတွေ့ခဲ့ရပါတယ်။ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်မှာ ဆားဘီးယားထံမှ လွတ်လပ်ရေးရယူကြောင်း တစ်ဖက်သတ် ကြေညာခဲ့ပါတယ်။ (လက်ရှိအချိန်အထိ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအများစုက အသိအမှတ်ပြုထားပေမယ့် ဆားဘီးယား၊ ရုရှားနဲ့ အချို့နိုင်ငံတွေကတော့ အပြည့်အဝ အသိအမှတ်မပြုသေးပါဘူး။)
၄။ တောင်ဆူဒန်နိုင်ငံ (South Sudan) — ၂၀၁၁ ခုနှစ်
ဆူဒန်နိုင်ငံ မြောက်ပိုင်း (အာရပ်အနွယ်ဝင်များ) နဲ့ တောင်ပိုင်း (အာဖရိကလူမည်းခရစ်ယာန်များ) ကြား ဆယ်စုနှစ်ပေါင်းများစွာ ကြာအောင် ပြည်တွင်းစစ် အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။ ၂၀၀၅ ခုနှစ် ငြိမ်းချမ်းရေး သဘောတူညီချက်အရ ၂၀၁၁ ခုနှစ် ဇန်နဝါရီလမှာ ပြည်သူ့ဆန္ဒခံယူပွဲ လုပ်ခဲ့ပြီး ပြည်သူ
၉၈.၈၃% က လွတ်လပ်ရေးကို ထောက်ခံခဲ့ကြလို့ အဲ့ဒီနှစ် ဇူလိုင်လ ၉ ရက်မှာ တရားဝင် လွတ်လပ်ရေးရခဲ့တယ်။
(Bougainville တွင် ခွဲထွက်ခွင့်အတွက် ပြည်သူ့ဆန္ဒခံယူပွဲများ အောင်မြင်ထားသော်လည်း ယနေ့ထက်ထိ တရားဝင် အချုပ်အခြာအာဏာပိုင် လွတ်လပ်သော နိုင်ငံအဆင့်သို့ အပြည့်အဝ မရောက်ရှိသေးဘဲ အကူးအပြောင်းကာလ ဆွေးနွေးမှုများသာ လုပ်ဆောင်နေဆဲ ဖြစ်တယ် )
ဒီဖြစ်စဥ်တွေကို ကြည့်ခြင်းအားဖြင့် ရက္ခိုင်ဒေသရဲ့ သီးခြားနိုင်ငံ ထူထောင်ခြင်းဟာ မဖြစ်နိုင်စရာအကြောင်း မရှိဘူးလို့ သုံးသပ်မိတယ်။ အဓိကတော့ တပ်တော်နှင့်ပြည်သူ အချိုးကျ ညီညွတ်မှုဖြင့် မိမိတို့ မျှော်မှန်းသော အနာဂတ်ရည်မှန်းချက် ပန်းတိုင်သို့ မဆုတ်မနစ်တဲ့ ဇွဲလုံ့လတို့ဖြင့် ချီတက်ကြရဦးမယ်ဆိုတာကို နားလည် သဘောပေါက် ထားသင့်ပါတယ်။
ရေးသူ…………မုတ်သုံမောင်