အာရက္ခတိုင်းမ်စ် (၁၇ စက်တင်ဘာ ၂၀၂၆)
ရွေးတုအစိုးရတပ်ဟာ စက်တင်ဘာလ ၄ ရက်က စတင်ပြီး အာရက္ခတပ်တော် သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ဖက်ကို ထိုးစစ်ဆင်နေရာ အာရက္ခတပ်တော်ရဲ့ တန်ပြန် တိုက်စစ်ကြောင့် ဆုံးရှုံးမှုတွေ များပြားနေလို့ ရှုံးမဲ မဲတဲ့အနေနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပိုမို ပြုလုပ်လာနေတယ်လို့ သိရပါတယ်။
“မနေ့ကဆိုလည်း (စက်တင်ဘာ ၁၆) နှစ်ဖက်တိုက်ပွဲတွေ တော်တော်လေးကို ပြင်းထန်တယ်။ တပ်တော်က ပြန်တိုက်တာမှာ တပ်တော်ထံ အလင်းဝင်တာတွေ ရှိတယ်။ ထွက်ပြေးတာတွေ ရှိတယ်။ အသေအပျောက်လည်း များတယ်လေ။ အဲနေ့ကဆိုလည်း ဂျက်နဲ့ လာလာပြီး ဗုံးကြဲတာပဲ။ သူတို့ ရှုံးနေရင် အရမ်း သိသာတယ်။ လေယာဉ်ကို အဆမတန် သုံးတော့တာ” လို့ ပုဏ္ဏားကျွန်းမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ဒီကနေ့မှာလည်း ရွေးတုအစိုးရတပ်က ဂျက်ဖိုက်တာ ၃ စီးနဲ့ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့နယ်တို့ကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။
“ဒီနေ့ဆိုလည်း မြောက်ဦးဆိုရင် အရင် စစ်တပ်နေခဲ့တဲ့ ၅၄၀ တပ်ရင်းနားကို ချတယ်။ ပုဏ္ဏးကျွန်းဆိုရင် ကွင်းတောင်တကြောကို ချခဲ့တယ်” လို့ မြောက်ဦးမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ရက္ခိုင်ပြည် စစ်တွေ နဲ့ ပုဏ္ဏားကျွန်းနယ်စပ် နေရာများတွင် အာရက္ခတပ်တော်နဲ့ ရွေးတုအစိုးရတပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး အာရက္ခတပ်တော်ရဲ့ တိုက်စစ်ကြောင့် ရွေးတုအစိုးရတပ်ရဲ့ တပ်ရင်းမှူး၊ စစ်ကြောင်းမှူး အပါအဝင် သေဆုံးသူ ၂၀၀ ကျော်ထိ ရှိလာနေပြီလို့ သိရပါတယ်။