ရွှေကူနဲ့ ဗန်းမော်ကြား စစ်သင်္ဘော ၂၀ နီးပါးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း KIA ကြေညာ

အာရက္ခတိုင်းမ်စ် (၁၇ စက်တင်ဘာ ၂၀၂၆)

မန္တလေးကနေ ဗန်းမော်မြို့ကို တက်လာတဲ့ ရွေးတုအစိုးရရဲ့ စစ်သင်္ဘော အုပ်စုထဲက သင်္ဘော ၂၀ နီးပါးကို တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ရဲ့ LAIZA TV က မနေ့ည စက်တင်ဘာလ ၁၆ ရက်မှာ တရားဝင် ထုတ်ပြန်လိုက်ပါတယ်။

မန္တလေးကနေ စစ်ကူ၊ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ တင်ဆောင်လာတဲ့ စစ်သင်္ဘောတွေကို KIA နဲ့ ပူးပေါင်းတပ်တွေက လမ်းကြောင်းတလျှောက် ဆက်တိုက် တိုက်ခိုက် ဖျက်ဆီးနေတာ ဖြစ်ပါတယ်။

စက်တင်ဘာလ ၁၆ ရက် မနက်ပိုင်းက ရွှေကူကနေ ဗန်းမော်ဘက်ကို တက်လာတဲ့ စစ်သင်္ဘော ၃ စီးကို ဝဲမကြီးကျေးရွာအနီးမှာ တိုက်ခိုက်ခဲ့တာကြောင့် သင်္ဘော ၁ စီး နစ်မြုပ်သွားပြီး ကျန် ၂ စီး နောက်ကြောင်း ပြန်လှည့်သွားခဲ့ပါတယ်။ ဒါ့အပြင် ဗန်းမော်ဘက်ကနေ ပြန်စုန်ဆင်းလာတဲ့ သင်္ဘော ၇ စီးကိုလည်း စင်းခန်းတံတားနဲ့ ဇင်းဘုံအနီးမှာ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ သင်္ဘော ၄ စီး ထပ်မံ နစ်မြုပ်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်ကလည်း ဗန်းမော်က စုန်ဆင်းလာတဲ့ စစ်သင်္ဘော ၁ စီးကို ဒရုန်းနဲ့ တိုက်ခိုက်နစ်မြုပ်ခဲ့သလို စက်တင်ဘာလ ၁၃ ရက်ကလည်း ရွှေကူနဲ့ ဗန်းမော်ကြားမှာ သင်္ဘော ၄ စီးကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

KIA နဲ့ PDF ပူးပေါင်းတပ်တွေဟာ ၂၀၂၄ ခုနှစ် မတ်လကစလို့ မြို့သိမ်းတိုက်ပွဲတွေ ပြုလုပ်လာပြီး လွယ်ဂျယ်၊ မိုးမောက်၊ ချီဖွေ၊ ဆော့လော်၊ ပန်ဝါ၊ ဖီမော်၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မံစီ၊ ဆွမ်ပရာဘွမ်၊ အင်ဂျင်းယန်၊ ဆဒုံး၊ မဘိန်း မြို့တွေကို သိမ်းယူထားပါတယ်။

ရွေးတုအစိုးရတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ ရွှေကူမြို့နယ်ထဲ တိုက်ပွဲတွေ ပြင်းထန်နေချိန် နေပြည်တော်က ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်စာပို့ ကမ်းလှမ်းလိုက်တယ်လို့လည်း သိရပါတယ်။

Related posts

အာရက္ခနိုင်ငံတော် ထူထောင်ခြင်း

ပုဏ္ဏားကျွန်းထိုးစစ် ဆုံးရှုံးမှုများလို့ ရှုံးမဲ မဲတဲ့အနေနဲ့ လေကြောင်းတိုက်ခိုက်မှု ပိုလုပ်လာ

ရက္ခိုင်သည် အာရီယန်မဟုတ်