ဥတုရာသီ အပြောင်းအလဲနှင့်အညီ သီးနှံများ ပြောင်းလဲစိုက်ပျိုးလာရသည့် အာရှတောင်သူများ

တောင်အာရှဒေသအချို့တွင် ပြောင်းလဲလာသော ရာသီဥတုပုံစံများကြောင့် သီးနှံထွက်ချိန်ကို ခန့်မှန်းရန် ပိုမိုခက်ခဲလာနေသည်။ ဤသက်ရောက်မှုများသည် သီးနှံများ၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများနှင့် စားနပ်ရိက္ခာဖူလုံရေး တို့အပေါ်တွင်လည်း ဖိအားများဖြစ်စေလျက်ရှိသည်။

အချို့သော တောင်သူများကတော့ ပြောင်းလဲလာသော အခြေအနေများနှင့် လိုက်လျောညီထွေဖြစ်အောင် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်းနေကြသည်။

အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် သရက်သီးစိုက်ပျိုးသူများသည် ပြင်းထန်သော ရာသီဥတုဆိုးရွားမှုက ၎င်းတို့၏ သီးနှံများကို ခြိမ်းခြောက်လာနေချိန်တွင် ဥယျာဉ်ကို စီမံခန့်ခွဲပုံများကို ပြောင်းလဲလာကြသည်။ အိမ်နီးချင်း ပါကစ္စတန်နိုင်ငံတွင်မူ တောင်သူများသည် ပူပြင်းခြောက်သွေ့သော ရာသီဥတုတွင် ကောင်းစွာရှင်သန်နိုင်သည့် သံလွင်သီးစိုက်ပျိုးရေးဘက်သို့ ဦးလှည့်လာကြသည်။

အိန္ဒိယ၏ သစ်သီးဘုရင်ကို ကာကွယ်ခြင်း

ကမ္ဘာ့သရက်သီးထုတ်လုပ်မှု၏ ထက်ဝက်နီးပါးသည် အိန္ဒိယနိုင်ငံက ထုတ်လုပ်ခြင်း ဖြစ်သည်။ ထိုအထဲမှ  အများစုကိုလည်း ပြည်တွင်း၌သာ စားသုံးကြသည်။ ၁ ရာခိုင်နှုန်းခန့်သာ ပြည်ပသို့ တင်ပို့ရောင်းချကြသဖြင့် ပြည်ပဈေးကွက်သို့ ရောက်ရှိလာသော သရက်သီးများသည် အထူးတလည် တောင်းဆိုမှု မြင့်မားနေသည်။

ဤမျှတန်ဖိုးရှိသော သီးနှံမှာ ယခုအခါ ပြင်းထန်သော ရာသီဥတုဆိုးရွားမှု၏ ခြိမ်းခြောက်မှုကို ခံနေရပြီ ဖြစ်သည်။

မြောက်ပိုင်းပြည်နယ်ဖြစ်သည့် ဥတ္တရာပရာဒေ့ရှ်သည် အိန္ဒိယနိုင်ငံ၏ သရက်သီးထုတ်လုပ်မှု၏ ၂၀ ရာခိုင်နှုန်းကျော်ကို ထုတ်လုပ်ပေးသည်။ သရက်ကင်း ပန်းပွင့်ချိန်သည် အများအားဖြင့် နှစ်၏ ပထမသုံးလပတ်တွင် စတင်လေ့ရှိပြီး ၎င်းမှာ သီးနှံထွက်နှုန်းပမာဏကို ဆုံးဖြတ်ပေးသည့် အရေးကြီးဆုံးအဆင့် ဖြစ်သည်။

ဤကာလအတွင်း အပူချိန် ၁၄ ဒီဂရီဆဲလ်စီးယပ်စ်နှင့် ၂၈ ဒီဂရီဆဲလ်စီးယပ်စ်ကြား ရှိနေခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း သရက်သီးစိုက်တောင်သူ အာရှော့ကူမားက ပြောသည်။

“တကယ်လို့ အပူချိန် ဒီပမာဏအတွင်းမှာ တည်ငြိမ်နေမယ်ဆိုရင် ပန်းပွင့်တွေအတွက် အလွယ်တကူ ဝတ်မှုန်ကူးဖို့ အချိန် ၄၀ နာရီ ရရှိပါတယ်” ဟု သူကပြောဆိုသည်။

ယခုနှစ်အစောပိုင်းတွင်မူ ကပြောင်းကပြန် ရာသီဥတုဆိုးရွားမှုများ ထိုဒေသကို ဝင်ရောက်ခဲ့သည့်အတွက် တောင်သူများသည် သီးနှံရိတ်သိမ်းချိန်တွင် သက်ရောက်မှုများ ကြုံခဲ့ရသည်။

သရက်သီးစိုက်တောင်သူ ဒီပါကူမားသည် ၎င်း၏ဥယျာဉ်တွင် သရက်သီးမျိုးစိတ် လေးမျိုးကို စိုက်ပျိုးထားသည်။ ထိုအထဲတွင် ပြင်းထန်သော ရာသီဥတုဒဏ်ကို ခံနိုင်ရည်အားနည်းသော ဒါရှီဟာရီမျိုးစိတ်လည်း ပါသည်။

“အချိန်မဟုတ်ဘဲ ရွာချတဲ့ မိုးကြောင့် အသီးတချို့က ပုံမှန်ထက် ပိုသေးသွားတယ်။ ဒီအပင်တွေရဲ့ အရွယ်အစားနဲ့ ဆိုရင် ပုံမှန်အားဖြင့် ကီလိုဂရမ် ၂၀၀ ထွက်ရမှာပါ။ အခုတော့ တစ်ပင်ကို ကီလိုဂရမ် ၁၀၀ တောင် အနိုင်နိုင်ပဲ” ဟု သူက ဆိုသည်။

သီးနှံထွက်နှုန်း လျော့နည်းသွားခြင်းနှင့်အတူ သူ၏ဝင်ငွေသည်လည်း ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့လေပြီ။

ပုံပန်းသွင်ပြင်က အရေးပါလာသောအခါ

သီးနှံ၏ အရွယ်အစား၊ အရောင်နှင့် အနံ့တို့သည် ဝယ်ယူသူများအတွက် အရေးပါသလို တောင်သူများ မည်မျှဝင်ငွေရရှိမည်ကို ဆုံးဖြတ်ပေးနိုင်သည့် အချက်များ ဖြစ်ကြသည်။

သရက်သီးများကို ပြင်းထန်သော နေရောင်ခြည်နှင့် ပိုးမွှားများဘေးမှ ကာကွယ်ရန် တောင်သူများသည် သရက်သီးတစ်လုံးချင်းစီကို အညိုရောင်စက္ကူအိတ်များဖြင့် စွပ်ပေးကြသည်။ အဆိုပါအိတ်များသည် သီးနှံ၏ သဘာဝအရောင်ကိုလည်း ထိန်းသိမ်းပေးသည်။ အိတ်စွပ်ထားသော သရက်သီးများသည် စျေးနှုန်း ၅၀ ရာခိုင်နှုန်းထက်မနည်း ပိုရနိုင်ကြောင်း အာရှော့ကူမားက ပြောသည်။

သို့သော် ထိုနည်းလမ်းကလည်း အမြဲတမ်းတော့ အလုပ်မဖြစ်ပေ။

ယခုရာသီတွင် ဒီပါကူမားသည် ၎င်း၏သရက်သီးအချို့တွင် ပုံမှန်မဟုတ်ဘဲ သံချေးရောင်ကဲ့သို့ ဖြစ်နေသည်ကို တွေ့ခဲ့ရသည်။ ကူးမားက ရာသီဥတုဆိုးရွားမှုကို အပြစ်တင်သည်။ အပူချိန်ပိုမြင့်တက်ခြင်းက ပိုးမွှားများကို ပိုမိုများပြားစေနိုင်ပြီး မိုးရေချိန်ပိုများခြင်းကလည်း အင်းဆက်ပိုးမွှားများနှင့် မှိုများကို ဖြစ်ထွန်းစေနိုင်သည်ဟု ၎င်းက ဆိုသည်။

တောင်သူများအတွက် ခန့်မှန်းမရသော ရာသီဥတုသည် ခန့်မှန်းမရသော ဝင်ငွေလည်း ဖြစ်သည်။ ဤသက်ရောက်မှုများသည် တစ်ဦးချင်းစီ၏ ဥယျာဉ်များကို ကျော်လွန်၍ ကျယ်ပြန့်လာသည်။

အိန္ဒိယမြောက်ပိုင်း၏ သရက်သီးစိုက်ပျိုးရာ ဒေသတစ်လျှောက်တွင် ဤသီးနှံသည် ရွာလုံးကျွတ်အတွက် အသက်မွေးဝမ်းကျောင်းမှုကို ဖန်တီးပေးသည်။ လယ်ယာလုပ်သားအများစုမှာ မျိုးဆက်ပေါင်းများစွာ သရက်ဥယျာဉ်များကို ပြုစုပျိုးထောင်လာခဲ့ကြသည့် မိသားစုများမှ ဆင်းသက်လာကြသူများ ဖြစ်သည်။ ထွက်ကုန်များ ထိခိုက်ပျက်စီးသည့်အခါ ၎င်း၏ ရိုက်ခတ်မှုများကို လူ့အသိုင်းအဝိုင်းတစ်ခုလုံးက ခံစားကြရသည်။

၂၀၂၅ ခုနှစ် လေ့လာမှုတစ်ရပ်အရ သီးနှံစိုက်ပျိုးသည့် ရာသီဥတုကာလအတွင်း အပူချိန် ၁ ဒီဂရီဆဲလ်စီးယပ်စ် မြင့်တက်လာတိုင်း သရက်သီးထွက်နှုန်းမှာ ၁၁ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်ကြောင်း တွေ့ရှိခဲ့ရသည်။

တောင်သူများက ပိုမိုမတည်မငြိမ် ဖြစ်လာသည့် အပူလှိုင်းများကြောင့် မြေမျက်နှာပြင် အပူချိန်ကို အေးမြစေရန် ဥယျာဉ်များကို ရေပိုမိုလောင်းပေးရပြီး ၎င်းက ကုန်ကျစရိတ်များကို ပိုမိုများပြားစေကာ မြေအောက်ရေများကိုပါ ကုန်ခမ်းစေသည်ဟု ဆိုကြသည်။

သိပ္ပံပညာရှင်များကတော့ ဤအခြေအနေသည် ရေရှည်တွင် ထိခိုက်နိုင်ကြောင်း ပြောဆိုကြသည်။

ဥတ္တရာပရာဒေ့ရှ်ရှိ ဆာဒါးဗာလာဘိုင်ပါတဲ စိုက်ပျိုးရေးနှင့် နည်းပညာတက္ကသိုလ်မှ ဥယျာဉ်ခြံနှင့် သစ်သီးဝလံဌာန အကြီးအကဲ အာဗင့်ကူမားက တောင်သူများသည် ၎င်းတို့ စိုက်ပျိုးရာဒေသ၏ ပတ်ဝန်းကျင်အခြေအနေနှင့် သင့်လျော်သော သီးနှံမျိုးစိတ်များကို စိုက်ပျိုးရန် လိုအပ်ကြောင်း ပြောကြားသည်။

“ဒေသတိုင်းအတွက် သီးသန့်မျိုးစိတ်တစ်ခုစီ ရှိပါတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ရဲ့ သိပ္ပံပညာရှင်တွေဟာ ဒေသတွင်း ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိတဲ့ မျိုးစိတ်တွေကို ဖော်ထုတ်ဖို့ ကြိုးပမ်းနေကြပါတယ်” ဟု ၎င်းက ဆိုသည်။

နေရာကျဉ်းကျဉ်းတွင် သရက်သီးစိုက်ပျိုးခြင်း

သိပ္ပံပညာရှင်များက ရေရှည်ဖြေရှင်းချက်များအတွက် ကြိုးပမ်းနေကြစဉ်တွင် တောင်သူအချို့သည် ၎င်းတို့၏ စိုက်ပျိုးသည့် ပုံစံများကို ပြောင်းလဲလာကြသည်။

နည်းလမ်းတစ်ခုမှာ သရက်ပင်များကို အလွန်နီးကပ်စွာ ထူထူထဲထဲ စိုက်ပျိုးသည့်စနစ် ဖြစ်သည်။

သမားရိုးကျ ဥယျာဉ်များကဲ့သို့ ၉ မီတာ အကွာအဝေးထား စိုက်ပျိုးမည့်အစား ဤပုံစံသစ်တွင် အပင်များကို ၃ မီတာ အကွာအဝေးဖြင့် စိုက်ပျိုးနိုင်သည်။ တူညီသောမြေဧရိယာအတွင်း အပင်အရေအတွက် ပိုမိုများပြားခြင်းက သီးနှံထွက်နှုန်း ပိုမိုမြင့်မားစေနိုင်သည်။ အပူလှိုင်းများနှင့် ရာသီချိန်မဟုတ်ဘဲ ရွာသော မိုးများကြောင့် သီးနှံအချို့ ပျက်စီးနိုင်ဆဲဖြစ်သော်လည်း ဤဥယျာဉ်များသည် သမားရိုးကျ ဥယျာဉ်များထက် လေးဆအထိ ပိုမိုအမြတ်အစွန်း ရရှိနိုင်သည်ဟု တောင်သူများက ဆိုကြသည်။

သရက်သီးစိုက်တောင်သူ အာဗင့်ကူမားဘာတီက ဝယ်လိုအားမြင့်မားသော သီးနှံမျိုးစိတ်များသည် ဤသိပ်သည်းဆမြင့်မားသော စိုက်ပျိုးရေးစနစ်အောက်တွင် ကောင်းမွန်စွာ ဖြစ်ထွန်းတတ်ကြောင်း ပြောကြားသည်။

“ဒီနည်းပညာကို လက်ခံသုံးစွဲမှုက အကျိုးရှိနေပေမဲ့လည်း အကြောင်းပြချက်အမျိုးမျိုးကြောင့် အခုထိတော့ နည်းပါးနေဆဲပါပဲ” ဟု ၎င်းက ပြောဆိုသည်။

တောင်သူများသည် သရက်သီးမျိုးစိတ်အမျိုးမျိုးကို စိုက်ပျိုးနိုင်ကြသည်သာမက သစ်ပင်များ၏ အရိပ်အောက်တွင် အခြားသီးနှံများကိုပါ စိုက်ပျိုးနိုင်ကြသည်။ စီမံခန့်ခွဲရမည့် ဧရိယာသေးငယ်ခြင်းကြောင့် ပိုးမွှားနှိမ်နင်းရေး၊ ဓာတ်မြေသြဇာနှင့် ရေသွင်းခြင်းအတွက် ကုန်ကျစရိတ်များကိုလည်း လျှော့ချပေးနိုင်သည်။ သို့သော် ပြင်းထန်သော ရာသီဥတုဆိုးရွားမှုသည် ပိုမိုကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာရာ လယ်ယာစိုက်ပျိုးရေး တွင်လည်း နည်းလမ်းပြောင်းလဲရုံမျှဖြင့် မလုံလောက်တော့ပေ။

ဆန်စပါးနှင့် ဂျုံကဲ့သို့သော အဓိကစားသုံးသီးနှံများအတွက် သုတေသနပြုလုပ်မှုများနှင့် နှိုင်းယှဉ်ပါက ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသော သရက်သီးမျိုးစိတ်များဆိုင်ရာ သုတေသနပြုလုပ်မှုမှာ နည်းနေသေးကြောင်း ကျွမ်းကျင်သူများက ဆိုကြသည်။

ကမ္ဘာတစ်ဝှမ်းတွင် အိန္ဒိယသရက်သီးကို လိုအပ်ချက် တိုးပွားလာသည်နှင့်အမျှ ဤသစ်သီးဘုရင်၏ ရေရှည်စိုးစံနိုင်မှုသည် နိုင်ငံတွင်းရှိ ဥယျာဉ်များသည် တိုးပွားလာနေသော ရာသီဥတုဖိအားများနှင့် မည်မျှအထိ လိုက်လျောညီထွေ လုပ်ဆောင်နိုင်စွမ်းရှိမရှိ ဆိုသည့်အပေါ်တွင် မူတည်လျက်ရှိသည်။

သံလွင်သီးအပေါ် လောင်းကြေးထပ်သည့် ပါကစ္စတန်ပြည်နယ်

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ခိုက်ဘာပက်တွန်ခွာ ပြည်နယ်တွင် တောင်သူအချို့သည် မြေထဲပင်လယ်ဒေသနှင့် ပိုမိုဆက်စပ်နေသော သီးနှံတစ်မျိုးကို ပြောင်းလဲစိုက်ပျိုးလာကြသည်။ ဤသည်မှာ သံလွင်သီးဖြစ်သည်။

ဆာလာဟွတ်ဒင်ခါတက် ဆိုလျှင် ပက်ရှဝါမှ ကီလိုမီတာ ၆၀ ခန့်ကွာဝေးသော မန်ကီရှာရစ်ဖ်ဒေသတွင် ၂၀၀၂ ခုနှစ်ကတည်းက သံလွင်သီး စိုက်ပျိုးလာခြင်း ဖြစ်သည်။ အပူချိန်မြင့်တက်လာခြင်း၊ မိုးခေါင်ရေရှားကာလ တာရှည်ခြင်းနှင့် ရာသီဥတု မမှန်ကန်ခြင်းတို့က စိုက်ပျိုးရေးကို ပိုမို မသေချာမရေရာဖြစ်စေပြီး အိမ်နီးချင်းတောင်သူများက ရိုးရာသီးနှံများနှင့် ရုန်းကန်နေရချိန်တွင် ၎င်းသည် မိမိ၏ခြံကို ဆက်လက်ချဲ့ထွင်ခဲ့သည်။

ပြည်နယ်အစိုးရ၏ ထောက်ပံ့ကူညီမှုဖြင့် သူသည် သံလွင်မျိုးစိတ်ကို အီတလီနှင့် တူနီးရှားအပါအဝင် နိုင်ငံများမှ တင်သွင်းလာပြီး ပူပြင်းခြောက်သွေ့သော ရာသီဥတုတွင် ကောင်းစွာရှင်သန်နိုင်သော မျိုးစိတ်များကို စိုက်ပျိုးခဲ့သည်။

“ကျွန်တော်တို့ဒေသဟာ ပါကစ္စတန်မှာ သံလွင်စိုက်ပျိုးရေးအတွက် အလွန်ကြီးမားတဲ့ နေရာတစ်ခုလည်း ဖြစ်တာကြောင့် ဒီသီးနှံအပေါ်မှာ အာရုံစိုက်မယ်ဆိုရင် အလွန်အကျိုးရှိနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။

ပါကစ္စတန်နိုင်ငံသည် နှစ်စဉ် စားသုံးဆီ အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံဖိုးခန့် တင်သွင်းနေရသည်။ ပြည်တွင်း၌ သံလွင်သီးကို တိုးချဲ့စိုက်ပျိုးခြင်းက ပြည်ပအပေါ် မှီခိုအားထားမှုကို လျှော့ချရန် ကူညီပေးနိုင်လိမ့်မည်ဟု မျှော်လင့်ချက်များ ရှိသည်။

သံလွင်ပင် အပင် ၁၀၀ သို့မဟုတ် ၂၀၀ ပါရှိသော သေးငယ်သည့်ခြံငယ်လေးတစ်ခုမှပင် ဆီ လီတာရာပေါင်းများစွာ ထုတ်လုပ်နိုင်သည်ဟု ဆာလာဟွတ်ဒင်က ဆိုသည်။

ခံနိုင်ရည်ရှိသော သီးနှံမျိုးစိတ်

ခိုက်ဘာပက်တွန်ခွာ ပြည်နယ်သည် ဥတုရာသီဖိအားများကို အစွန်းနှစ်ဖက်မှ ရင်ဆိုင်နေရသည်။ ပြည်နယ်၏ အချို့နေရာများတွင် မိုးခေါင်ရေရှားမှု တာရှည်ခြင်းနှင့် မိုးရေချိန်နည်းပါးခြင်းတို့ကို ကြုံနေရသည်။ တချိန်တည်း၌ အချို့နေရာများတွင်မူ မိုးသည်းထန်စွာရွာသွန်းကာ ရေကြီးနစ်မြုပ်နိုင်ခြေ မြင့်မားနေသည်။ အချို့ဒေသများတွင် အပူချိန်မှာ ၄၅ ဒီဂရီဆဲလ်စီးယပ်စ် ကျော်လွန်လေ့ရှိသည်။

သံလွင်သီးများသည် ရေအနည်းငယ်သာ လိုအပ်သဖြင့် ရေရှားပါးမှုပြဿနာ ပိုမိုဆိုးရွားလာနေသည့် တောင်ပိုင်း ခိုက်ဘာ ပက်တွန်ခွာကဲ့သို့ ကြမ်းတမ်းသော အခြေအနေများနှင့် အထူးသင့်လျော်ကြောင်း တောင်သူများက ဆိုကြသည်။

ပြည်နယ်အာဏာပိုင်များသည် တောင်သူများကို လယ်ကွင်းပြင်တစ်ခုလုံး ရေလွှမ်းသည့်စနစ်အစား အပင်အမြစ်များဆီသို့ တိုက်ရိုက်ရေပေးပို့သော ပက်ဖြန်းရေသွင်းစနစ်ကို အသုံးပြုရန် အားပေးတိုက်တွန်းလျက်ရှိသည်။

ပါကစ္စတန်တွင် ၂၀၂၄ ခုနှစ်က ရေကြီးရေလျှံမှုများကြောင့် လယ်ယာမြေ ဟက်တာ ၂၄,၀၀၀ နီးပါး ပျက်စီးခဲ့ပြီး တိရစ္ဆာန်ကောင်ရေ ၂,၀၀၀ နီးပါး သေဆုံးခဲ့သည်။ နောက်နှစ်တွင်လည်း နိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် ရေကြီးမှုဒဏ်ကို ထပ်မံပြင်းထန်စွာ ခံခဲ့ရသည်။ အစိုးရ၏ ကနဦးဆန်းစစ်ချက်အရ ဤကဏ္ဍတွင် ထိခိုက်ပျက်စီးမှုတန်ဖိုးမှာ ပါကစ္စတန်ရူပီငွေ ၄၃၀ ဘီလျံ (အမေရိကန်ဒေါ်လာ ၁.၅ ဘီလျံ) ရှိကြောင်း ခန့်မှန်းထားသည်။

တစ်ပိုင်တစ်နိုင်မှသည် ပိုမိုကျယ်ပြန့်သော စိုက်ပျိုးရေးဆီသို့

တာဝန်ရှိသူများသည် ခိုက်ဘာ ပက်တွန်ခွာပြည်နယ်တစ်ဝန်း သံလွင်စိုက်ပျိုးမှုကို တိုးမြှင့်ရန် ရည်ရွယ်သည့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့လျက်ရှိသည်။

ဆဝါဘီခရိုင်ရှိ ဆန်ဘက်တီဒေသတွင် သံလွင်စိုက်ပျိုးရေးကို လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုကျော်က မြေဧရိယာအသေးစားလေးတစ်ခုတွင် စတင်ခဲ့သည်။ ထိုစဉ်က ပတ်ဝန်းကျင်မြေဧရိယာအများစုကို ဝါဂွမ်း၊ ပြောင်းနှင့် ဂျုံကဲ့သို့သော သီးနှံများ စိုက်ပျိုးရန် အသုံးပြုခဲ့ကြသည်။ ယနေ့အချိန်တွင်မူ သံလွင်ပင်များသည် ဘောလုံးကွင်း ၁၃၀ စာခန့်ရှိသော မြေဧရိယာကို ဖုံးလွှမ်းထားပြီ ဖြစ်သည်။

ပြည်နယ်တစ်ဝန်းတွင် မစိုက်ပျိုးမီ သံလွင်ပင်များကို ရှေးဦးစွာ ခိုက်ဘာပက်တွန်ခွာ စိုက်ပျိုးရေးသိပ္ပံတွင် ပြုစုပျိုးထောင်ပေးသည်။ ထိုနေရာတွင် သံလွင်ပင်ငယ်များကို ဥတုရာသီထိန်းချုပ်ထားသော ဖန်လုံအိမ်များတွင် စိုက်ပျိုးပြီးမှသာ ဥယျာဉ်များအတွင်းသို့ ပြောင်းရွှေ့စိုက်ပျိုးကြသည်။ အဆိုပါ သိပ္ပံကျောင်းသည် အသီးမသီးသော တောသံလွင်ပင်များကို အသီးထွက်ကောင်းသော သံလွင်မျိုးစိတ်များဖြင့် ကိုင်းကူးဆက်ကာ သီးနှံအသစ်ပြန်လည်စိုက်ပျိုးစရာမလိုဘဲ အသီးထွက်ရှိလာအောင် ပြုလုပ်ပေးလျက်ရှိသည်။

စီးပွားရေးမူဝါဒဆိုင်ရာ ထောက်ခံအားပေးရေး အဖွဲ့တစ်ခုဖြစ်သည့် ပါကစ္စတန် စီးပွားရေးကောင်စီကတော့ နိုင်ငံတွင်းတွင် ကမ္ဘာ့အကြီးဆုံး သံလွင်ဆီထုတ်လုပ်သည့် နိုင်ငံတစ်နိုင်ငံဖြစ်သော စပိန်နိုင်ငံထက် သံလွင်စိုက်ပျိုးရန် ပိုမိုသင့်လျော်သော မြေယာများ ရှိနေသည်ဟု ဆိုသည်။

သံလွင်စိုက်ပျိုးရေးကို ချဲ့ထွင်ခြင်းက ကျေးလက်ဒေသ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို အားကောင်းစေနိုင်ပြီး ပြည်တွင်းစားသုံးဆီ ထုတ်လုပ်မှုကို တိုးပွားစေကာ ပြောင်းလဲလာသော ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်အောင် တောင်သူများကို ကူညီပေးနိုင်မည်ဟု တာဝန်ရှိသူများက ယုံကြည်ကြသည်။

အလွန်အကျွံ မှီခိုအားထားမှုကြောင့် ဖြစ်လာနိုင်သည့် အန္တရာယ်

သို့သော် လယ်ယာစိုက်ပျိုးရေးကို ရာသီဥတုဒဏ် ခံနိုင်ရည်ရှိအောင် လုပ်ဆောင်ရာတွင် တစ်ခုတည်းသော ဖြေရှင်းချက်ဟူ၍ မရှိကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။

အစ္စလာမာဘတ်အခြေစိုက် မူဝါဒသုတေသနအဖွဲ့အစည်းဖြစ်သည့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒသိပ္ပံမှ တွဲဖက်သုတေသီ ဇိုင်နပ် နာအင်းက သီးနှံတစ်မျိုးတည်းအပေါ် အလွန်အကျွံ မှီခိုအားထားခြင်းမပြုရန် သတိပေးသည်။

ပါကစ္စတန်နိုင်ငံ၏ သဲကန္တာရများ၊ တောင်တန်းများနှင့် သစ်တောများ ပါဝင်သော ပုံစံစုံ မြေမျက်နှာသွင်ပြင်အရ ဥတုရာသီနှင့် လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ရာတွင် မတူကွဲပြားသော ချဉ်းကပ်မှုပုံစံများ လိုအပ်ကြောင်း သူက ဆိုသည်။

“ဒီနေရာမှာ အရေးကြီးတာက ကျွန်မတို့အနေနဲ့ သီးနှံတစ်မျိုးတည်း စိုက်ပျိုးတဲ့စနစ်ကို ကျင့်သုံးလို့ မဖြစ်ဘူးဆိုတာပါပဲ” ဟု သူက ပြောသည်။

အခြားသီးနှံများကို စိုက်ပျိုးနေသူများအတွက်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းသည် ရေရှည်လုပ်ကိုင်နိုင်ဆဲ ဖြစ်နေရန် လိုအပ်ကြောင်း နာအင်းကဆိုသည်။

သို့သော် ပါကစ္စတန်အနေဖြင့် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသည့် လယ်ယာစိုက်ပျိုးရေးကဏ္ဍတစ်ခုကို အမှန်တကယ် တည်ဆောက်နိုင်မည်လား ဆိုသည်မှာ ဆန်းသစ်တီထွင်မှုများ၊ ပိုမိုကောင်းမွန်သော ရေအရင်းအမြစ် စီမံခန့်ခွဲမှုနှင့် ဥတုရာသီနှင့်အညီ ဖြတ်ထိုးဉာဏ်ကောင်းသော လယ်ယာစိုက်ပျိုးရေး စနစ်များသည် နိုင်ငံတစ်ဝှမ်းရှိ လယ်ကွင်းများသို့ မည်မျှမြန်မြန်ဆန်ဆန် ရောက်ရှိနိုင်မည် ဆိုသည့်အပေါ်တွင် မူတည်နေမည် ဖြစ်သည်။

ရဲမွန်လှ

CNA ဝဘ်ဆိုက်တွင် ဖော်ပြထားသော As the climate changes, South Asia’s farmers rethink how – and what – they grow ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။ မူရင်းဓာတ်ပုံ – Shutterstock

Related posts

ရက္ခိုင်ကို တင်ပို့မယ့် ဘိလပ်မြေ တန် ၄၀ နဲ့ လူ ၄ ဦးကို ဘင်္ဂလားဒေ့ချ် ကမ်းခြေစောင့်တပ်ဖွဲ့ ဖမ်းဆီး

ULA/AA နဲ့ မီဇိုရမ်ယာဉ်ပိုင်ရှင်အသင်း နယ်စပ်ကုန်သွယ်ရေး MoU လက်မှတ်ရေးထိုး

စစ်မီးကြား စိမ်းလန်းရေးနဲ့ အာရက္ခလူငယ်များ