ကျောက်တော်မှာ ဘုန်းကြီးကျောင်းကို ဗုံးကြဲလို့ ဆရာတော်ဒဏ်ရာရ၊ ကျောင်းဆောင်ပြိုကျ

အာရက္ခတိုင်းမ်စ် (၃ နိုဝင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ဦးစွန်းတောင် (အောက်) ကျေးရွာက ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီက ဒီကနေ့ မိုးလင်းဝ ၂ နာရီခန့်မှာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျောင်းထိုင်ဆရာတော် ဒဏ်ရာရခဲ့ပြီး ကျောင်းဆောင်တစ်ခြမ်း ပြိုကျပျက်စီးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ပြည်သူတွေ အိပ်မောကျနေချိန်မှာ ဗုံးကြဲခံရတာဖြစ်ပြီး အသက် ၅၀ အရွယ် ကျောင်းထိုင်ဆရာတော် ဦးပညာဗလရဲ့ လက်မောင်းနဲ့ နှာခေါင်းမှာ ဗုံးစထိမှန်ပြီး ဒဏ်ရာရခဲ့ပါတယ်။

လက်ရှိမှာတော့ မစိုးရိမ်ရပေမယ့် ဆေးကုသမှု ခံယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက နိုဝင်ဘာလ ၁ ရက် ညသန်းခေါင်ယံမှာလည်း ကျောက်တော်မြို့နယ်၊ ကန်စောက်တောင်အနီးဝန်းကျင်နဲ့ စစ်ကောင်စီရဲ့ တပ်စခန်းဟောင်း ခမရ (၅၃၉)၊ အမတ (၃၇၇) နေရာ ၂ ခုကို ဗုံး ၃၀ အထိ ကြဲချခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားပါတယ်။

AA က နိုဝင်ဘာလ ၁ ရက် ညနေပိုင်းမှာလည်း ကျောက်တော်မြို့နယ်က ဝါးတောင်နဲ့ ပန်းဖဲချောင်းကျေးရွာကို ဆက်သွယ်ထားတဲ့ တံတားကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲလို့ ၇ ဦးအထိ သေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ကျောက်တော်မြို့နယ်ကို နိုဝင်ဘာလ ၁ ရက်ကနေ ၃ ရက်အထိ ၃ ရက်ဆက်တိုက် လေကြောင်းက ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Related posts

ရက္ခိုင်ကို တင်ပို့မယ့် ဘိလပ်မြေ တန် ၄၀ နဲ့ လူ ၄ ဦးကို ဘင်္ဂလားဒေ့ချ် ကမ်းခြေစောင့်တပ်ဖွဲ့ ဖမ်းဆီး

၂၀၃၀ မှာ ငြိမ်းချမ်းရေးနဲ့ အပစ်ရပ်ရေးအတွက် အမေရိကန်က ‌ထောက်ပံ့မယ်

မြန်မာနိုင်ငံမှာ စစ်ဘေးရှောင် ၄ သန်းကျော်ရှိ၊ ရက္ခိုင်ပြည်က ဒုတိယအများဆုံး