MOD လက်အောက်ခံ တပ်ရင်းအချို့ AA ထံ ကူးပြောင်း

အာရက္ခတိုင်းမ်စ် (၂၆ နိုဝင်ဘာ ၂၀၂၄)

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံ တပ်ရင်းအချို့ အာရက္ခတပ်တော် (AA) ထံ ကူးပြောင်းသွားကြောင်း သိရပါတယ်။

အညာဒေသက တပ်ရင်းဖြစ်ပြီး MOD ထံက လက်နက်အထောက်အပံ့ မရ၍ ကူးပြောင်းသွားခြင်း ဖြစ်ကြောင်း သိရပါတယ်။

“ကျနော်တို့ဖက်က ရင်း ၂ ရင်းတောင် AA ဆီ ပြောင်းသွားတယ်၊ MOD လက်အောက်ခံတွေ ကြားရတာတော့ MOD က လက်နက်မထောက်ပံ့ဘူးလို့ ပြောတယ်” လို အညာဒေသက MOD လက်အောက်ခံ မဟုတ်တဲ့ အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

AA ထံ ကူးပြောင်းသွားတဲ့ တပ်ရင်းတွေက လက်ရှိ အာရက္ခတပ်တော်နဲ့ ပူးပေါင်းပြီး စစ်ဆင်ရေးတွေမှာ ပါဝင်ဆင်နွှဲနေတယ်လို့ သိရပါတယ်။

“လက်နက်ခဲယမ်းတပ်ဆင်မှု အဆင်မပြေဖြစ်လာတဲ့အခါ MOD တပ်ရင်းအချို့ကနေ ထွက်ပြီး AA ထဲ ရောက်သွားတယ်။ ရက္ခိုင်ပြည်ကိုပါ။ ပြန်လာရင် တပ်တော်တစ်ခုအနေနဲ့ ပြန်လာကြမှာ MOD လက်အောက်ခံ မဟုတ်တော့ဘူးလို့ ကြားတယ်” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခတပ်တော်ထံ ကူးပြောင်းသွားတဲ့ တပ်ရင်းအချို့က AA နဲ့ ပူးပေါင်းပြီး ရက္ခိုင်ပြည်မှာ ၉ လအကြာ တာဝန်ထမ်းဆောင်ရမှာဖြစ်ကြောင်း၊ ထို့နောက် တိုက်ပွဲတွေအတွင်း စစ်ကောင်စီထံက သိမ်းဆည်းရမိတဲ့ စစ်လက်နက်ပစ္စည်းတွေ တပ်ဆင်ကာ အညာဒေသကို ပြန်ကြရမယ်လို့ သိရပါတယ်။

လက်ရှိမှာလည်း ရက္ခိုင်ပြည်မှာ မကွေးတိုင်းအတွင်းက PDF တပ်ဖွဲ့အချို့၊ စစ်ကိုင်းတိုင်းအတွင်းက PDF တပ်ဖွဲ့အချို့၊ ချင်းပြည်နယ်အတွင်းက PDF တပ်ဖွဲ့အချို့ အာရက္ခတပ်တော် နဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိတယ်လို့ သိရပါတယ်။

Related posts

ဂွမြို့ နောက်ဆုံးတပ်အတွင်းထိ AA ဝင်ရောက်တိုက်ခိုက်နေ

စစ်တွေမြို့အနီးကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲပြီး လက်နက်ကြီးနဲ့ ပစ်နေ

မင်းတပ်မြို့သိမ်းတိုက်ပွဲကို AA ကူညီခဲ့ကြောင်း ချင်းညီနောင် ထုတ်ပြန်