စစ်တွေမှာ စက်သုံးဆီ ဈေးပြန်ကျ

အာရက္ခတိုင်းမ်စ် (၃ ဇန်နဝါရီ ၂၀၂၅)

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရက္ခိုင်ပြည်ရဲ့  မြို့တော် စစ်တွေမြို့မှာ စက်သုံးဆီဈေးနှုန်းတွေ အခုရက်ပိုင်းမှာ ဈေးနှုန်းကျနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်ကျော်က အောက်တိန်း ၉၂ တစ်လီတာကို ၂၈၀၀၀ ကျပ် ရှိခဲ့ပေမယ့် လက်ရှိမှာ စစ်တွေမြို့ကို စက်သုံးဆီ တင်လာတဲ့သင်္ဘော ဆိုက်ရောက်လာတာကြောင့် အောက်တိန်း ၉၂ တစ်လီတာကို ၁၈၀၀၀ ကျပ်ထိ ကျသွားတယ်လို့ စစ်တွေဒေသခံက ပြောပါတယ်။

ပြီးတော့ စက်သုံးဆီကို အရင်ကလို တန်းစီစနစ်နဲ့ လိုင်စင်ရှိတဲ့ ကား၊ ဆိုင်ကယ်တွေကို ပြန်ပြီး ရောင်းချပေးမယ်ဆိုပြီး စစ်တွေဒေသခံတစ်ယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ လက်ရှိအချိန်မှာ စက်သုံးဆီ ၉၂၊ မမျှော်လင့်ဘဲ သင်္ဘောတစ်စီး ဝင်လာတယ်။ အကုန်လုံး ၉၂ တွေချည်းပဲတဲ့။ ဘယ်သူ့ဟာတွေလဲတော့ မသိဘူး။ အကုန် ၉၂ နဲ့ ဒီဇယ်ပဲဆိုတော့ အခု ၉၂ က ဈေးကျသွားပြီ။ ၁၈၀၀၀ ပဲရှိတယ်။ ပထမ ၂၈၀၀၀ လောက် ဈေးတက်သွားတယ်။ အရင်တုန်းက ငါးသောင်း (၅၀၀၀၀) နီးပါး၊ ငါးသောင်း (၅၀၀၀၀) ကနေ သုံးသောင်း (၃၀၀၀၀) ကျော်၊ သုံးသောင်း (၃၀၀၀၀) ကျော်ကနေ ၂၈၀၀၀၊ ၂၈၀၀၀ ကနေပြီးတော့ ၂၁၀၀၀၊ ၂၁၀၀၀ ဆိုတာ တော်တော်ကြာသွားပြီ။ တစ်ပတ်လောက် ရှိသွားပြီ။ အဲဒီ ၂၁၀၀၀ ကနေပြီးတော့ အခု ၁၈၀၀၀ ဖြစ်သွားပြီ။ နောက်ပြီးတော့ လိုင်စင်ရှိတဲ့ ကားတို့၊ ဆိုင်ကယ်တို့ကို အရင်လို တန်းစီစနစ်နဲ့ ပြန်ပေးမယ်ပေါ့” လို့ ပြောပါတယ်။

စစ်တွေမြို့ကို စက်သုံးဆီတင်တဲ့သင်္ဘောက ၁ လတစ်ခါ လာလေ့ရှိပေမယ့် တစ်ခါတလေ ၃ လမှ တစ်ခါ လာတာလည်း ရှိပါတယ်။

အဲဒီလို ၃ လကြာမှ လာတဲ့အခါကျလို့ရှိရင် စက်သုံးဆီဈေးနှုန်းတွေက အဆမတန် မြင့်တက်သွားလေ့ ရှိပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းမှာဆိုရင် သင်္ဘောမလာတဲ့အတွက် စက်သုံးဆီက ၁ လီတာကို ငါးသောင်း (၅၀၀၀၀) ကျပ်အထိ ရောက်သွားတယ်လို့ သိရပါတယ်။

အဲဒီကနေ စက်သုံးဆီက ဈေးပြန်ကျလာပြီး အခုလက်ရှိမှာတော့ တစ်လီတာကို ၁၈၀၀၀ ကျပ် ဖြစ်သွားတာပါ။

စစ်တွေမြို့ကို ဝင်တဲ့ ကားလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ တံတားတွေ ဖျက်ဆီးခံထားရတာနဲ့ ရက္ခိုင်ပြည်ကို ကုန်စည်စီးဆင်းတာကို စစ်ကောင်စီက ဖြတ်တောက်ထားတာကြောင့် စစ်တွေမြို့မှာရှိတဲ့ စက်သုံးဆီဆိုင်အကြီးတွေက ပိတ်ထားရပါတယ်။

အခုက သင်္ဘောမှာ စက်သုံးဆီတွေ ပါလာတဲ့ခွဲတမ်း တော်တော်လေးများတဲ့အတွက်ကြောင့် ဈေးနှုန်းကျသွားတာ ဖြစ်နိုင်တယ်လို့ စစ်တွေဒေသခံတစ်ယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ တစ်နေ့ကို တစ်သောင်း (၁၀၀၀၀)၊ တစ်သောင်း (၁၀၀၀၀) ကျသွားတာက ၂၁၀၀၀ ကနေ ကျသွားတာဆိုတော့ ငါးရက်၊ တစ်ပတ်လောက်တော့ ရှိသွားပြီပေါ့။ ပန့်ဆိုင် မရှိဘူး၊ လမ်းဘေးရောင်းတဲ့ဆိုင်ပဲ ရောင်းတာ။ ဆိုင်ကြီးတွေက ဆီမရှိဘူး။ သူတို့အတွက် ဆီမပါဘူးလို့ ပြောတာပဲ။ တစ်လတစ်ခါ လာတာလည်း ရှိတယ်။ သုံးလမှတစ်ခါ လာတာလည်း ရှိတယ်။ လာတာကြာသွားလို့ရှိရင် ဈေးက တက်သွားတယ်။ ဆီဈေးတက်တာတော့ လုပ်ငန်းရှင်တွေ ဈေးကစားတာပေါ့။ တော်တော်ချပေးတယ်ဆိုတာက ဝင်လာတဲ့သင်္ဘောမှာ တော်တော်ပါလာတယ်လို့ ပြောတယ်” လို့ ပြောပါတယ်။

စစ်တွေအပါအဝင် ရက္ခိုင်တပြည်လုံးမှာ တိုက်ပွဲမဖြစ်ခင် အရင်က စက်သုံးဆီ တစ်လီတာကို ၂၂၀၀ ကျပ်ရှိပေမယ့် စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်တို့ရဲ့ တကျော့ပြန်တိုက်ပွဲ တစ်နှစ်ကျော်ကာလအတွင်းမှာ တစ်လီတာကို ငါးသောင်း (၅၀၀၀၀) ကျပ်အထိ ရက္ခိုင်ပြည်သူတွေက ပေးဝယ်ခဲ့ကြရပါတယ်။

Related posts

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ

1 Comment

WilliamTRURB ဖေ‌ဖော်ဝါရီ 4, 2026 - 5:38 ညနေ

дизайн гостиной в доме дизайн загородных коттеджей

Add Comment