အာရက္ခတိုင်းမ်စ် (၂၃ ဇန်နဝါရီ ၂၀၂၅)
စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရက္ခိုင်ပြည်ရဲ့ မြို့တော် စစ်တွေမြို့မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ပိုက်ဆံပေးပြီး လူမိုက်တွေ ငှားနေတယ်လို့ စစ်တွေဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စစ်တွေဒေသခံတွေကို ရွေးကောက်ပွဲမဲဆွယ်ရာမှာ လုံခြုံရေးယူပေးဖို့ နဲ့ အင်အားပြတဲ့အနေနဲ့ လစာပေးပြီး ခိုင်းတယ်ဆိုပေမယ့် ပါတီဝင်အဖြစ် ဝင်ရမယ်ဆိုပြီးတော့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။
စစ်တွေဒေသခံတွေဟာ စားဝတ်နေရေးအတွက် ကြံ့ခိုင်ရေးပါတီမှာ လုံခြုံရေး လုပ်ချင်ပေမယ့်လည်း ပါတီထဲကို ဝင်ရမယ်ဆိုတာကြောင့် မလုပ်ကြဘူးလို့ စစ်တွေဒေသခံတစ်ယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“စစ်တွေက ကြံ့ခိုင်ရေးရုံးမှာ လူမိုက်ငှားတယ်တဲ့။ ယောကျာ်းလေးတွေပေါ့နော်။ လစာတော့ သိပ်မပေးပါဘူး။ အစိုးရဝန်ထမ်းတွေလောက် တစ်သိန်းကျော်လောက်ပဲ ရတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ ဖြစ်တဲ့အချိန်မှာ အဲဒီယောကျာ်းတွေက အင်အားပြရမှာပေါ့။ လုံခြုံရေး ယူတာပေါ့။ ပြည်သူ့စစ်လိုမျိုး ယောကျာ်းတွေ ငှားပြီးတော့ ဗလကောင်းတဲ့သူတို့၊ အဲဒီလိုလူမျိုးတွေကို ငှားပါရော။ အဲဒီလိုမျိုး လစာနဲ့ငှား။ အဲဒါကလည်း သူတို့ပါတီ ဝင်ရမယ်တဲ့။ ဆိုတော့ ပါတီဝင်ရတယ်ဆိုတာနဲ့ပဲ မလုပ်ကြတော့ဘူး။ အဲဒါကြောင့် မလုပ်ဘူးလေ” လို့ ပြောပါတယ်။
စစ်တွေမြို့မှာရှိတဲ့ အစိုးရဝန်ထမ်းတချို့ကလည်း ကြားပေါက်ဝင်ငွေ ရဖို့အတွက် ကြံ့ခိုင်ရေးပါတီမှာ လစာနဲ့ လုံခြုံရေးလုပ်ပြီး ပါတီထဲကို ဝင်တာတွေလည်း ရှိပေမယ့် တချို့ကတော့ ပါတီထဲကို ဝင်ရမှာဖြစ်တာကြောင့် မလုပ်ကြတာတွေလည်း ရှိပါတယ်။
လက်ရှိမှာ စစ်တွေမြို့က လျှပ်စစ်မီး မရတာကြောင့် လျှပ်စစ်ဝန်ထမ်းတွေက တခြားအလုပ်တွေကို ရှာပြီး လုပ်တာ များတယ်လို့လည်း သိရပါတယ်။
ကြံ့ခိုင်ရေးရုံးမှာ လုံခြုံရေးလျှောက်ပေမယ့် ပါတီထဲကို ဝင်ရတာကြောင့် မလျှောက်ဘဲ ပြန်လာကြတယ်လို့ စစ်တွေဒေသခံတစ်ယောက်က ပြောပါတယ်။
“အခု ဝန်ထမ်းတွေ ရှိတယ်လေ။ အန်တီတို့ EPC ဝန်ထမ်းတွေ ရှိတယ်။ ရုံးမှာ လုပ်နေတာ။ သူတို့က မီးမလာပေမယ့် အန်တီတို့မှာ မီးမရဘူးမလား၊ မီးကြိုးတွေလည်း မရှိဘူးဆိုတော့ သူတို့အလုပ်က မရှိဘူး။ ဒါပေမယ့် သူတို့ လစာနဲ့ ရတယ်ပေါ့နော်။ ဆိုတော့ ဝန်ထမ်းတစ်ယောက်က အဲဒီလစာနဲ့ ဘယ်သူမှ ထမင်းစားနေတာ မဟုတ်ဘူးလေ။ အဓိကက အောက်ဆိုက်နဲ့ပဲ စားနေကြတာ။ ဆိုတော့ ဒီအလုပ်မရှိတော့ လွတ်လွတ်လပ်လပ် လုပ်လို့ရမယ့်အလုပ်ကို လိုက်ရှာတာပေါ့လေ။ လိုက်ရှာတော့ အဲဒီလိုမျိုး တွေ့ရတယ်။ ဒါပေမယ့် ဒီအလုပ်က ပါတီနိုင်ငံရေး ဝင်ရမယ်ဆိုတော့ မလုပ်ကြဘူး။ မလျှောက်ကြဘူး။ ပြန်လာကြတယ်” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စစ်ကောင်စီက ကျင်းပဖို့ ပြင်နေတဲ့ လာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ရက္ခိုင်ပြည်အတွင်းက ပါတီတွေ ငြိမ်နေပေမယ့်လည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက စစ်တွေမြို့မှာ ပါတီဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးတာတွေ ပြုလုပ်ပြီး ပါတီအင်အားကို ဖြည့်နေတယ်လို့ သိရပါတယ်။