စကစ က ငပြီကျွန်းကို ကမ်းတက်တိုက်ခိုက်နေချိန်တွင် AA က စစ်တွေမြို့နယ်ကို တန်ပြန်ထိုးစစ်ဆင်

အာရက္ခတိုင်းမ်စ် (၂၁ အောက်တိုဘာ ၂၀၂၆)

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) နဲ့ ဒကစ-စစ်တွေတို့ တည်ရှိရာ စစ်တွေမြို့နယ်ကို အာရက္ခတပ်တော်က နေရာ ၃ ခုကနေ ချဉ်းကပ်ကာ တန်ပြန် ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က ပေါက်တောမြို့နယ်၊ ငပြီကျွန်းဘက်ကို အင်အားအလုံးအရင်းနဲ့ ကမ်းတက်တိုက်ပွဲ ဆင်နွှဲနေချိန်မှာ အာရက္ခတပ်တော်က အခုလို စစ်တွေမြို့ဘက်ကို တန်ပြန် ထိုးစစ်ဆင်လာခြင်း ဖြစ်ပါတယ်။

လက်ရှိတွင် ဒကစ-စစ်တွေ လက်အောက်ခံတပ်များရှိရာ ပါဒလိတ်ကျေးရွာအနီး၊ ကျားမသောက်နဲ့ တောကန်ရွာပတ်ဝန်းကျင်အပြင် ရွှေမင်းဂံရေတပ်အနီးတို့တွင် အောက်တိုဘာလ ၂၁ ရက် မနက်ပိုင်းအထိ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လေကြောင်း၊ လက်နက်ကြီးများနဲ့ ရေတပ်ပစ်ကူများကို အဓိကသုံးကာ ခုခံနေရကြောင်း သိရပါတယ်။

အဆိုပါ တိုက်ပွဲတွေဟာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်နဲ့ ၄ မိုင်ဝန်းကျင် အကွာအဝေးအထိ ရောက်ရှိလာပြီဖြစ်ပြီး စစ်ကောင်စီက ပြည်သူ့စစ်များနဲ့ အင်အားဖြည့်တင်းကာ ခုခံနေသလို၊ ငပြီကျွန်းဘက်တွင်လည်း ကမ်းတက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောတစ်စင်း AA က လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်လို့ မီးလောင် ပျက်စီးခဲ့ရပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်တွေနဲ့ ငပြီကျွန်းဘက်တွေကို မြေပြင်သာမက ဂျက်ဖိုက်တာ၊ Y-12 လေယာဉ်များကို အသုံးပြုပြီး နေ့ရောညပါ ဗုံးကြဲ တိုက်ခိုက်လျက်ရှိလို့ ဒေသခံပြည်သူများ ထိခိုက်သေဆုံးမှုများ ရှိနေတာလည်း ဖြစ်ပါတယ်။

Related posts

ထိခိုက်သေဆုံးမှု များနေလို့ ပုသိမ် နတခကို စစ်ကောင်စီ အင်အားထပ်ဖြည့်

ဂျပန် SV လိဂ်အဖွင့်မှာ ရက္ခိုင်သူ မရည်မွန်မြတ် MVP ဆုရ

မင်းအောင်လှိုင်ရဲ့ ၅ နှစ်သက်တမ်းအတွင်း ငြိမ်းချမ်းရေး မရနိုင်ဘူးလို့ ဒေါက်တာလှကျော်ဇော သုံးသပ်