ထိခိုက်သေဆုံးမှု များနေလို့ ပုသိမ် နတခကို စစ်ကောင်စီ အင်အားထပ်ဖြည့်

အာရက္ခတိုင်းမ်စ် (၂၁ အောက်တိုဘာ ၂၀၂၆)

ရက္ခိုင်နဲ့ ဧရာဝတီအစပ် ဒေသတွေမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု များပြီး အထိနာနေတဲ့အတွက် ပုသိမ်မြို့က အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) ကို ရန်ကုန်အခြေစိုက် တပ်ရင်းတွေက အင်အားအလုံးအရင်းနဲ့ ထပ်ဖြည့်တင်းနေကြောင်း သိရပါတယ်။

အောက်တိုဘာလ ၁၇ ရက်က ရန်ကုန်အခြေစိုက် တပ်ရင်းတွေရဲ့ အင်အားကို တင်လာတဲ့ စစ်ယာဉ်တန်း အစီး ၂၀ ဝန်းကျင်က ဗိုလ်မြတ်ထွန်းတံတားကို ဖြတ်ပြီး ပုသိမ်က နတခ တိုင်းဌာနချုပ်ထဲ ဝင်သွားခဲ့ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က အတည်ပြု ပြောပါတယ်။

ဒီလို အင်အားဖြည့်တင်းတာက နတခထဲမှာ အခြေစိုက်ဖို့နဲ့ သာပေါင်း၊ ရေကြည်ဘက်ကို အင်အားတွေ ဆက်ဖြန့်ခွဲဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အောက်တိုဘာလ ၁၅ ရက်ကနေ ၁၇ ရက်အထိ သာပေါင်း၊ သဲဖြူဘက်မှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ခဲ့ပြီး ၁၉ ရက်အထိ ပစ်ခတ်သံတွေ ဆက်ကြားနေရဆဲ ဖြစ်တယ်လို့လည်း ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို အတည်ပြုထားပါတယ်။

မြေပြင်စစ်မျက်နှာမှာ အခြေအနေ ပြင်းထန်နေလို့ စစ်ကောင်စီဘက်က ဒုတိုင်းမှူးကိုယ်တိုင် သဲဖြူကျေးရွာအထိ ဆင်းပြီး စစ်ဆင်ရေးကို တိုက်ရိုက်ကွပ်ကဲနေရတဲ့ အနေအထားမှာ ရှိနေတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ဂွမြို့နယ်ဘက်ကို ဦးတည်တိုက်ခိုက်ဖို့ တပ်မ (၆၆) လက်အောက်ခံတပ်တွေက မကျည်းဇင်ရွာကနေ စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေပါတယ်။

ရက္ခိုင်တောင်ပိုင်းဒေသတွေကိုလည်း စစ်ကောင်စီက လေကြောင်းနဲ့ မြေပြင်နှစ်ဖက်ကနေ ဖိအားပေး တိုက်ခိုက်မှုတွေ တိုးမြှင့်လာနေကြောင်းလည်း သိရပါတယ်။

Related posts

စကစ က ငပြီကျွန်းကို ကမ်းတက်တိုက်ခိုက်နေချိန်တွင် AA က စစ်တွေမြို့နယ်ကို တန်ပြန်ထိုးစစ်ဆင်

ဂျပန် SV လိဂ်အဖွင့်မှာ ရက္ခိုင်သူ မရည်မွန်မြတ် MVP ဆုရ

မင်းအောင်လှိုင်ရဲ့ ၅ နှစ်သက်တမ်းအတွင်း ငြိမ်းချမ်းရေး မရနိုင်ဘူးလို့ ဒေါက်တာလှကျော်ဇော သုံးသပ်