စစ်ကောင်စီရဲ့ ရုရှားခရီးစဉ်ဟာ လက်နက်သွားဝယ်တာဖြစ်နိုင်

အာရက္ခတိုင်းမ်စ် (၃ မတ် ၂၀၂၅)

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်ဟာ စစ်လက်နက်ပစ္စည်းတွေ သွားဝယ်တာ ဖြစ်နိုင်တယ်လို့ တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ နေပြည်တော်လေဆိပ်ကနေတစ်ဆင့် ရုရှားနိုင်ငံကို မတ်လ ၃ ရက် မနက်ပိုင်းမှာ စတင်ထွက်ခွာသွားပြီဖြစ်ပါတယ်။

ဒီခရီးစဉ်ဟာ စစ်လက်နက်ကိစ္စတွေ ဆွေးနွေးဖို့ပဲ ဖြစ်ဖို့များတယ်လို့ တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။

မင်းအောင်လှိုင်က လက်နက်တွေ သွားဝယ်တာနဲ့ တူတယ်။ အခုက ရုရှားတို့ကလည်း ယူကရိန်းစစ်ပွဲမှာ သုံးတဲ့ ဒရုန်းတွေက တော်တော် အဆင့်မြင့်တာကို။ အဲဒီဟာတွေထဲက တချို့လက်နက်တွေများ ရမလားလို့ သွားဝယ်တာထင်တယ် ကျမကြည့်တာ။ အဲဒီကိစ္စပဲ ဖြစ်ဖို့များတယ်။ ပြီးတော့ စစ်လက်နက် ပစ္စည်းတွေတင်မက သူတို့ကို သင်ကြားပေးဖို့တို့၊ တောက်လျှောက်လည်း အဲဒီဘက်မှာ စစ်ပညာသင်နေတဲ့ စစ်ဗိုလ်တွေ စစ်သားတွေ ရှိတာပဲ။ အဲဒီကိစ္စတွေပဲ ဖြစ်မယ် ထင်တယ်။ အဓိကကတော့ မင်းအောင်လှိုင်အတွက်က နိုင်ငံတကာမှာလည်း သွားနိုင် လာနိုင် ဝင်ဆံ့နိုင်တယ်ဆိုတာ တိုင်းပြည်ကို ပြချင်ပုံရတယ်။ ဆွေးနွေးမှာကတော့ အဲဒီလက်နက်ကိစ္စပဲ ဖြစ်ဖို့များပါတယ်။ စစ်ရေးကတော့ ပိုကျယ်ပြန့်လာမှာပဲ ၂၀၂၅ မှာ။ အဲဒါကို အသာစီးရဖို့အတွက် လက်နက်တွေ သွားဝယ်တာနဲ့ တူပါတယ်” လို့ သူက ပြောပါတယ်။

ဒီခရီးစဉ်မှာ ရုရှားသမ္မတ ဗလာတီမာပူတင်၊ ဒူးမားလွှတ်တော် ဥက္ကဋ္ဌနဲ့ တခြားအစိုးရ ထိပ်ပိုင်းအရာရှိတွေနဲ့ တွေ့ဆုံမှာဖြစ်ပြီး လုံခြုံရေး၊ စီးပွားရေးနဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ ဆွေးနွေးမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဒီခရီးစဉ်မတိုင်ခင် ရက်ပိုင်းအလိုမှာ ထားဝယ် အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံဖို့ ရုရှားနဲ့ စစ်ကောင်စီတို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီးနောက် ရုရှားနိုင်ငံဘက်က စစ်ခေါင်းဆောင်ကို အခုလို ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။

ဒီခရီးစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင် ရုရှားနိုင်ငံကို လေးကြိမ်မြောက် သွားရောက်တဲ့ ခရီးစဉ်ပဲ ဖြစ်ပါတယ်။

၂၀၂၂ စက်တင်ဘာလ ရုရှားခရီးစဉ်မှာတော့ ရုရှားသမ္မတ ဗလာတီမာပူတင်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြပြီး အခုခရီးစဉ်ကတော့ ဒုတိယအကြိမ် တွေ့ဆုံမှု ဖြစ်သွားမှာပါ။

Related posts

AA က ရွေးတုတပ်ရဲ့ ကာကင်းနဲ့ ခြေကုတ်စခန်းတွေကို ဆက်တိုက် သိမ်းပိုက်နေ

ပြည်ပရောက်ညီနောင်ပရဟိတအသင်းများရဲ့ ၇ ကြိမ်မြောက် အလှူငွေကို HDCO ကတဆင့် လှူဒါန်း

သံတွဲကို ရွေးတုတပ် ဂျက်ဖိုက်တာ ၃ စီးနဲ့ ဗုံးကြဲ၊ ပြည်သူတစ်ဦး ဒဏ်ရာရ