အာရက္ခတိုင်းမ်စ် (၂၂ မတ် ၂၀၂၅)
ရက္ခိုင်ပြည် သံတွဲမြို့နယ်အတွင်းတွင် ကျန်ရှိနေသူအချို့မှာ မြို့သိမ်းတိုက်ပွဲမဖြစ်ပွားခင်က ပေါင်နှံထားတဲ့ ရွှေတွေရဲ့ အတိုးဒဏ်ကြောင့် အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
ရက္ခိုင်ပြည် သံတွဲမြို့ကို အာရက္ခတပ်တော်က ၂၀၂၄ခုနှစ် ဧပြီလ ၁၃ ရက်မှာ သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းနေရာကနေ စတင်ကာ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့တာပဲ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလကစပြီး စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းကို ပိတ်ဆို့ထားတာကြောင့် စီးပွားရေးကြပ်တည်းလာတဲ့ သံတွဲဒေသခံအချို့မှာ စုဆောင်းထားတဲ့ ရွှေတိုရွှေစတွေကို ရွှေဆိုင်တွေမှာ ပေါင်နှံခဲ့ပါတယ်။
သံတွဲမြို့က ရွှေဆိုင်ပိုင်ရှင်အများစုဟာ စစ်ဘေးရှောင်ရန်အတွက် ရက္ခိုင်ပြင်ပကို ထွက်ခွာသွားကြပြီး တိမ်းရှောင်နေကြပါတယ်။ တိမ်းရှောင်သွားကြတာ တစ်နှစ်ခန့်ကြာမြင့်လာခဲ့ပေမယ့် ပေါင်နှံထားတဲ့ရွှေတွေကို အတိုးရပ်ထားခြင်းမရှိဘဲ အတိုးတွေဆက်ပေါင်းကာ မှတ်ထားပြီး တောင်းနေတာကြောင့် သံတွဲမှာကျန်ခဲ့တဲ့ ပြည်သူတွေအနေနဲ့ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ ဒီမှာက သိတဲ့အတိုင်း အလုပ်အကိုင်လည်းမရှိ၊ အလှူရှင်ရှိရင်စား မရှိရင်မစားနဲ့ အခြေအနေဖြစ်လာတော့ ကျမတို့ ပေါင်ထားတဲ့ ရွှေဆိုင်ကို ဖုန်းဆက်တယ်။ အဲရွှေကို ရောင်းချင်တယ်။ ကျသင့်တာကို နှုတ်ပြီး ကျမတို့ကို လွှဲပေးပါဆိုတော့ သူတို့က တောက်လျောက် အတိုးတွေတွက်ပြီး ယူတယ်။ ကျေနပ်လား၊ ကျေနပ်ရင် ကျန်ငွေ လွှဲပေးမယ်တဲ့။ ကျမမှာလည်း ရန်ကုန်ကော သွားလို့ရတာလည်း မဟုတ်၊ ဒီမှာလည်း ငတ်နေတော့ လက်ခံလိုက်ရတာပေါ့” လို့ သံတွဲမြို့ဒေသခံတစ်ဦးက ပြောပါတယ်။
သံတွဲမြို့ကနေ ဖုန်းပြောရန် မိုင်ရာချီခရီးသွားရပြီး ဖုန်းဆက်ခ တစ်မိနစ်ကို တစ်ထောင်ကျပ်ပေးရတာကြောင့် မကျေနပ်သော်လည်းဘဲ ငြိမ်ခံလာခဲ့ရတယ်လို့လည်း သိရပါတယ်။
အလားတူ နောက်ထပ် သံတွဲမြို့ဒေသခံတစ်ဦးကလည်း “ သူတို့ကတော့ အတိုးယူရမှာပဲ၊ မလျော့ပေးနိုင်ဘူးလို့ ပြောတော့ စိတ်တော်တော်မကောင်း ဖြစ်သွားတယ်။ ဒီလောက် သံတွဲမှာ ကျန်ခဲ့တဲ့သူတွေဟာ အဆင်မပြေကြမှန်းလည်း သိကြတယ်။ ကိုယ့်တစ်မြို့တည်းသား အချင်းချင်းကို လုပ်ရက်တယ်။ ဒီမှာကလည်း တအားခက်ခဲနေတာရယ် ကိုယ့်ပစ္စည်းကလည်း သူတို့ဆီမှာလေ၊ အဲတော့ ရသလောက်နဲ့ပဲ ကျေနပ်ရတာပေါ့” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အဆိုပါ ကိစ္စနဲ့ ပတ်သက်လို့ အာရက္ခတိုင်းမ်စ်က ရန်ကုန်မြို့တွင် ပြောင်းရွှေ့ဖွင့်လှစ်ထားတဲ့ သံတွဲမြို့က ရွှေဆိုင်ကို ဆက်သွယ်ရာ သူတို့အနေနဲ့ ရွှေကို ရောင်းသာရောင်းပြီး အပေါင်လက်မခံဘူးလို့ ဆိုပါတယ်။