အာရက္ခတိုင်းမ်စ် (၂၂ မတ် ၂၀၂၄)
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်နေတဲ့ ဘင်္ဂလီ (ရိုဟင်ဂျာ) ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးနဲ့ ရက္ခိုင်ပြည်မှာ ရှိနေတဲ့ ဘင်္ဂလီ (ရိုဟင်ဂျာ) ကိစ္စတွေနဲ့ ပတ်သက်ပြီး အာရက္ခတပ်တော်နဲ့ ဆွေးနွေးဖို့လိုတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ တိုက်တွန်းချက်က လက်တွေ့ကျတဲ့ ဖြေရှင်းနည်း ဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အာရက္ခတပ်တော်က သီးခြားဆန်တဲ့ အဖွဲ့အစည်းတခုဖြစ်တာကြောင့် ဘင်္ဂလီ (ရိုဟင်ဂျာ) အရေး ဖြေရှင်းနိုင်ဖို့ဆိုရင် AA နဲ့ စကားပြောရလိမ့်မယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က မတ်လ ၁၅ ရက် ဒါကာမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောကြားလိုက်တာပဲ ဖြစ်ပါတယ်။
ဘင်္ဂလီ (ရိုဟင်ဂျာ) တွေရှိတဲ့ ရက္ခိုင်ပြည် ဘူးသီးတောင်၊ မောင်တောနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသတွေကို အာရက္ခတပ်တော်က သိမ်းပိုက်ထားတာကြောင့် ဘင်္ဂလီ (ရိုဟင်ဂျာ) အရေးကို စစ်ကောင်စီနဲ့ ဆွေးနွေးလည်း အဆင်ပြေမှာ မဟုတ်တာကြောင့် အာရက္ခတပ်တော်နဲ့ ဆွေးနွေးဖို့ တိုက်တွန်းလိုက်တာ ဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“အတွင်းရေးမှူးချုပ် မစ္စတာ ဂူတာရက်စ်က လက်တွေ့ကျတဲ့ ဖြေရှင်းနည်းကို ပြောတာပါ။ အခု ဘူးသီးတောင်၊ မောင်တောဒေသ၊ နယ်စပ်ဒေသတစ်ခုလုံးက AA သိမ်းပိုက်ထားတဲ့ အောက်မှာ။ မင်းအောင်လှိုင်ရဲ့ စကစ စစ်ကောင်စီနဲ့ စကားပြောနေလို့လည်း ဘာမှ ထူးမှာ မဟုတ်ဘူးဆိုတာ သူတို့ သဘောပေါက်ပါတယ်။ နောက် ဘင်္ဂလားဒေ့ရှ်အနေနဲ့ကလည်း AA က အစိုးရတရပ် မဟုတ်တဲ့အတွက် သူတို့အနေနဲ့ ဆွေးနွေးဖို့ကလည်း တုံ့ဆိုင်းနေပုံရတယ်။ ဒါကို လက်တွေ့ကျကျနဲ့ မစ္စတာ ဂူတာရက်စ်က တိုက်တွန်းလိုက်တာ။ ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ ရိုဟင်ဂျာပြဿနာကို ဖြေရှင်းဖို့အတွက် AA နဲ့ ဆွေးနွေးဖြေရှင်းသင့်တယ်ဆိုတဲ့ ကိစ္စကို သူတိုက်တွန်းတာဟာ လက်တွေ့ကျတဲ့ ဖြေရှင်းနည်းကို ပေးလိုက်တာလို့ ယူဆတဲ့အတွက် ထောက်ခံကြိုဆိုပါတယ်” လို့ ပြောပါတယ်။
ဘင်္ဂလီ (ရိုဟင်ဂျာ) အရေးကို အနောက်နိုင်ငံတွေနဲ့ မွတ်ဆလင်နိုင်ငံတွေက အရေးကြီးကိစ္စလို့ သတ်မှတ်ထားကြတာကြောင့် အာရက္ခတပ်တော်အနေနဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ဘင်္ဂလီ (ရိုဟင်ဂျာ) အရေးကို ဆွေးနွေးတဲ့အခါမှာ အထူးသတိထားဖို့ လိုအပ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးကြီးမြင့်က ထောက်ပြပါတယ်။
“ရိုဟင်ဂျာက အနောက်နိုင်ငံတွေနဲ့ မွတ်ဆလင်နိုင်ငံတွေရဲ့ အရေးကြီးပြဿနာလို့ ယူဆတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုတောင်မှပဲ ICC မှာ ဖမ်းဝရမ်းထုတ်ဖို့ ဝန်လေးတာ မဟုတ်ဘူးလေ။ သူတို့တွေက ဆိုတဲ့အခါကျတော့ AA အနေနဲ့ ဒါကို သတိပြုထားရမယ်ပေါ့။ မဟုတ်လို့ရှိရင် သူ့အတွက် မကောင်းဘူးပေါ့။ သံတမန်ဆက်ဆံရေးမှာ မကောင်းဘူးပေါ့” လို့ ပြောပါတယ်။
၂၀၁၇ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကနေစပြီးတော့ လက်ရှိ ရက္ခိုင်တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတဲ့ ဘင်္ဂလီ (ရိုဟင်ဂျာ) ဒုက္ခသည် ၁ ဒသမ ၂ သန်းခန့် ရှိတယ်လို့ သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘင်္ဂလီ (ရိုဟင်ဂျာ) ဒုက္ခသည်တွေကို လာမယ့်နှစ် ၂၀၂၆ ခုနှစ်အတွင်းမှာ ရက္ခိုင်ပြည်ကို ပြန်လည်ပို့ဆောင်သွားမှာဖြစ်ပြီး အဲဒီအတွက်ကို ကုလသမဂ္ဂနဲ့ ပူးပေါင်းသွားမယ်ဆိုပြီးတော့ ဘင်္ဂလားဒေ့ရှ် အကြီးအကဲ မိုဟာမက် ယူနွတ်စ်က ပြောခဲ့ပါတယ်။