စစ်ပညာသင်ပေးခြင်း၊ အကူညီပေးဖြင်းအတွက် အထူးကျေးဇူးတင်ကြောင်း AA ကို BPLA ပြော

အာရက္ခတိုင်းမ်စ် (၁၁ ဧပြီ ၂၀၂၅)

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်ကို အာရက္ခတပ်တော်က စစ်ပညာသင်ပေးခြင်း၊ လိုအပ်တဲ့ အကူအညီတွေ ပေးအပ်ခြင်းအတွက် အထူးကျေးဇူးတင်ပါတယ်လို့ အာရက္ခတပ်တော်နေ့ ၁၆ နှစ်ပြည့် သဝဏ်လွှာတွင် ဖော်ပြပါရှိပါတယ်။

“ အာရက္ခတပ်တော်အနေနဲ့ အခြားမဟာမိတ်အဖွဲ့များနည်းတူ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်ကို စစ်ပညာသင်ပေးခြင်း၊ လိုအပ်တဲ့ အကူအညီများပေးအပ်ခြင်း နဲ့ လက်ရှိတိုက်ပွဲတွေမှာလည်း အတူတကွ ပါဝင်ခွင့်ပေးခြင်းတို့အတွက် ကျေးဇူးအထူးတင်ပါတယ်” လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က ဆိုပါတယ်။

BPLA အနေနဲ့ AA အပါအဝင် မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းများနဲ့ ဟန်ချက်ညီစွာလက်တွဲပြီး အာဏာရှင်စနစ်နဲ့ လူမျိုးကြီးဝါဒကျဆုံးရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ တန်းတူညီမျှမှုတို့ကို အပြည့်အဝအာမခံပေးနိုင်မယ့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် အဆုံးထိ တိုက်ပွဲသွားမယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က ဆိုပါတယ်။

အာရက္ခတပ်တော်အနေနဲ့ မြို့နယ် ၁၄ မြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး အာရက္ခတပြည်လုံးလွတ်မြောက်ရေးကနေ နိုင်ငံတဝှမ်းလုံးတွင် စစ်အာဏာရှင်အမြစ်ဖြတ်ရေးကို ဆက်လက်ကြိုးပမ်းနေတာကို တွေ့နေရတယ်လို့ BPLA က ဆိုပါတယ်။

အဆိုပါကဲ့သို့ ကြီးမားတဲ့အောင်မြင်မှုများ တရစပ်ရခဲ့ခြင်းမှာ ရှေ့နှစ်များစွာ ကျားကုတ်ကျားခဲကြိုးစားခဲ့ခြင်း၊ တော်လှန်ရေးလောကဓံများကို စည်းလုံးညီညွတ်စွာ ကြံ့ကြံ့ခံကျော်ဖြတ်နိုင်ခဲ့ခြင်း၊ ခိုင်မာတဲ့ရည်မှန်းချက်ဆီ တိကျပြတ်သားတဲ့ ခေါင်းဆောင်မှုနဲ့ ဦးလည်မသုန် ချီတက်တိုင်ခြင်းတို့ကြောင့်ဖြစ်ပြီး ထိုအားသာချက်တွေကို BPLA အနေနဲ့ လေးစားအားကျမှုနဲ့ လေ့သာသင်ယူနေတယ်လို့လည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

အာရက္ခတပ်တော်အနေနဲ့ ပြည်သူအများ တောင့်တလိုလားနေကြတဲ့ အာရက္ခအိမ်မက်ကို မကြာမီ ပြည့်ဝစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မယ်လို့ အလေးအနက် ယုံကြည်ကြောင်း ပြောကြားရင်း ဒီသဝဏ်လွှာကို လေးစားစွာ ဂုဏ်ပြုပေးပို့ပါတယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က ဆိုပါတယ်။

Related posts

ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်ပွဲ တောင်ကုတ်တွင် ကျင်းပ

စစ်တွေထောင်ထဲတွင် ဆရာကြီး ဦးဦးသာထွန်း ကျဆုံးခြင်း (ဒုတိယပိုင်း)

တရားမဝင် အရက်များကို မောင်တောတွင် DLEPS  ဖမ်းဆီး