AA နဲ့ မဟာမိတ်ဆက်ဆံရေး ပိုမိုခိုင်မာစေရန် SAF လိုလား

အာရက္ခတိုင်းမ်စ် (၁၁ ဧပြီ ၂၀၂၅)

အာရက္ခတပ်တော်နဲ့ ရှိရင်းစွဲ မဟာမိတ်ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန် လိုလားတယ်လို့ ကျောင်းသားလက်ရုံးတပ်တော် (Student Armed Force – SAF) က အာရက္ခတပ်တော်နေ့ ၁၆ နှစ်ပြည့်မြောက် သဝဏ်လွှာတွင် ထည့်သွင်းဖော်ပြခဲ့ပါတယ်။

“ ကျောင်းသားလက်ရုံးတပ်တော်အနေနဲ့လည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်နဲ့ ရှိရင်းစွဲ မဟာမိတ်ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန် ရည်သန်ပြီး လူထုလွတ်မြောက်ရေးနဲ့ နိုင်ငံတော်သစ်တရပ် ထူထောင်နိုင်သည်အထိ ဆက်လက်ချီတက် တိုက်ပွဲဝင်သွားမယ်” လို့ ကျောင်းသားလက်ရုံးတပ်တော်က ဆိုပါတယ်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ရဲ့ မဆုတ်မနစ် ကြိုးပမ်းတိုက်ပွဲဝင်နိုင်ခြင်း၊ မဟာဗျူဟာမြောက် တိုက်ပွဲဖော်ဆောင်နိုင်ခြင်း၊ ခိုင်မာသော နိုင်ငံရေးလမ်းစဉ် တိကျစွာရှိခြင်း၊ စည်းရုံးရေး တက်ကြွကောင်းမွန်ခြင်း နဲ့ နိုင်ငံရေးတစုံလုံးကို သိရှိနားလည်ခြင်းတို့ကြောင့် ရည်မှန်းချက်များ အောင်မြင်ခြင်းဖြစ်တယ်လို့ ယုံကြည်ပါတယ်လို့ ကျောင်းသားလက်ရုံးတပ်တော်က ဆိုပါတယ်။

ရက္ခိုင့်တော်လှန်ရေးအဆက်ဆက်နဲ့ အာရက္ခတပ်တော်ရဲ့ ၁၆ နှစ်တာ ခရီးရှည်အတွင်း အသက်၊ ခန္ဓာစွန့်လွှတ်ခဲ့ကြတဲ့ ရက္ခိုင်အာဇာနည်အပေါင်းကို လေးနက်တည်ကြည်စွာ အလေးပြုပြီး အဆိုပါကဲ့သို့ ပေးဆပ်စွန့်လွှတ်ခဲ့ကြတဲ့ အာဇာနည်အပေါင်းရဲ့ ကြွေးကြော်ယုံကြည်ချက်တွေကြောင့် မကြာမီနေ့ရက်တွေမှာ ထွန်းလင်းတောက်ပလာတော့မှာကို ယုံကြည်တယ်လို့ ကျောင်းသားလက်ရုံးတပ်တော်က ဆိုပါတယ်။

ထပ်မံပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်ရဲ့ ရက္ခိတလမ်းစဉ်ဟာ အာရက္ခပြည်ရှိ အဖိနှိပ်ခံလူထု၊ လူတန်းစားအားလုံးကို ကာကွယ်စောင့်ရှောက်မှုပြုကာ သမမျှတတဲ့ လူ့အဖွဲ့အစည်းတရပ် ဖော်ဆောင်နိုင်ရေးကို ဦးတည်တဲ့ လူသားအခြေပြုမူဝါဒအဖြစ် နိုင်ငံတကာအပါအဝင် လူထုလူတန်းစား အသီးသီးက လေးစားအားကျ အတုယူရတဲ့ လမ်းစဉ်တရပ် ဖြစ်သည်အထိ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါစေလို့ ကျောင်းသားလက်ရုံးတပ်တော်အနေနဲ့ ဆုမွန်ကောင်းတောင်းပါတယ်လို့လည်း ဆိုပါတယ်။

Related posts

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ