ဇူလိုင်လကုန် အပြောင်းအလဲက စစ်ကောင်စီအတွက် အဓိကကျ

အာရက္ခတိုင်းမ်စ် (၁၄ ဇွန် ၂၀၂၅)

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး နစကရဲ့ အရေးပေါ်ကာလ ၆ လသက်တမ်းကုန်မယ့် ဇူလိုင်လကုန် အပြောင်းအလဲက အဓိကကျတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ လုံခြုံရေးကောင်စီက ကာလုံပြန်လွှဲပြီး ကာလုံကနေတဆင့် ဖွဲ့စည်းတဲ့ အဖွဲ့အစည်းကနေမှ ၆ လအတွင်း ရွေးကောက်ပွဲကို ကျင်းပပေးရမှာလည်း ဖြစ်ပါတယ်။

ကာလုံမ​ခေါ်ဘဲ အရေးပေါ်ကာလကို ၆ လသက်တမ်းပြန်တိုးမယ်ဆိုရင် ရွေးကောက်ပွဲက ၂၀၀၈ အခြေခံဥပဒေနဲ့ မညီတော့တာကြောင့် ရွေးကောက်ပွဲက လုပ်လို့မရတော့ပါဘူး။

ဒါကြောင့် ရွေးကောက်ပွဲဖြစ်မဖြစ်က လာမယ့် အရေးပေါ်ကာလ ၆ လ သက်တမ်းကုန်တဲ့အချိန် အပြောင်းအလဲကို စောင့်ကြည့်ဖို့ လိုတယ်လို့ ဦးခွန်ဥက္ကာက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ ရွေးကောက်ပွဲပြီးမှ ပြောင်းတာထက်ကို ၆ လ သက်တမ်းကုန်တဲ့အချိန်မှာ ဂျူလိုင် ၃၁ ပေါ့လေ၊ ဩဂုတ်လ ၁ ရက် အဲဒီမှာ ပြောင်းတဲ့ဟာက ပိုပြီး အဓိကကျတယ်။ အဲဒီအပြောင်းကို ကြည့်ပြီးတော့ ရွေးကောက်ပွဲ ဖြစ်မဖြစ်နဲ့ ရွေးကောက်ပွဲပြီး ပြောင်းမယ့် အလားအလာက ဂျူလိုင်လကုန် ပြောင်းတဲ့အခြေအနေကို ကြည့်ဖို့လိုအပ်ပါတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သုံးသပ်ချက်တွေနဲ့ ပြင်ဆင်တာတွေ လုပ်ဆောင်နေကြပြီဖြစ်တာကြောင့် လာမယ့် ၆ လသက်တမ်းအကုန်မှာ သက်တမ်းပြန်တိုးတာထက်ကို ရွေးကောက်ပွဲအတွက် အဓိကကျတဲ့ အစိုးရပိုင်းဆိုင်ရာ အပြောင်းအလဲတစ်ရပ် ဖြစ်လာနိုင်တယ်လို့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ အဲဒါကတော့ ကျနော်တို့ ရွေးကောက်ပွဲ သွားမယ့် လမ်းကြောင်းနဲ့ ကြည့်ရင်တော့ လာမယ့်ဒီဇင်ဘာအတွင်းမှာ လုပ်မယ်ဆို ဒီ ၆ လ သက်တမ်းကို ကြည့်တဲ့အခါကျရင် နစကရဲ့ လုံခြုံရေးကောင်စီက ကာလုံပြန်လွှဲမယ်၊ ကာလုံကတဆင့် ဖွဲ့စည်းမယ်ဆိုရင် ဒါက အဲဒီအချိန်မှာ အပြောင်းအလဲတစ်ခု လုပ်မယ်ဆိုရင် ဒါက လုံးဝ ရွေးကောက်ပွဲကို သွားတဲ့လမ်းကြောင်းပေါ့။ အဲဒီအချိန်မှာ သက်တမ်းတိုးမယ်ဆိုရင်တော့ သက်တမ်းတိုးပြီးသွားလို့ရှိရင် မရဘူး။ အဲဒီတော့ ကျနော်တို့ ရွေးကောက်ပွဲလုပ်မယ်ဆိုရင်တော့ ကာလုံကို ပြန်ပေးရမယ်။ ကာလုံကိုယ်တိုင်ကဖြစ်စေ၊ ကာလုံက လွှဲအပ်သော အဖွဲ့အစည်းကဖြစ်စေ ရွေးကောက်ပွဲကို လုပ်ရမှာဆိုတော့ အဲဒီအချိန်ကျရင် အပြောင်းအလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အဲဒါကတော့ ရွေးကောက်ပွဲလုပ်မယ့် အသံတွေက တော်တော်များများ ထွက်လာနေပြီ၊ နောက် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြင်ဆင်နေကြပြီဆိုတော့ အဲဒီအချိန်ကျရင် သက်တမ်းတိုးဖို့ထက် ရွေးကောက်ပွဲအတွက် ပြင်ဆင်ဖို့စပြီး အဓိကကျတဲ့ အစိုးရပိုင်းဆိုင်ရာ အပြောင်းအလဲ ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကို မြို့နယ် ၂၆၇ မြို့နယ်မှာ ကျင်းပသွားမှာဖြစ်ပြီး လာမယ့် ဒီဇင်ဘာလ ဒါမှမဟုတ် ၂၀၂၆ ဇန်နဝါရီလမှာ ကျင်းပသွားမယ်လို့ စစ်ကောင်စီက ပြောထားပါတယ်။

Related posts

ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်ပွဲ တောင်ကုတ်တွင် ကျင်းပ

စစ်တွေထောင်ထဲတွင် ဆရာကြီး ဦးဦးသာထွန်း ကျဆုံးခြင်း (ဒုတိယပိုင်း)

တရားမဝင် အရက်များကို မောင်တောတွင် DLEPS  ဖမ်းဆီး