အာရက္ခတိုင်းမ်စ် (၁၈ ဇွန် ၂၀၂၅)
ရက္ခိုင်ပြည်မှာ နေရာကွက်ကျား ဆက်လက် မိုးကြီးနိုင်ပြီး လှိုင်းအမြင့်မှာ ရက္ခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၁၂ ပေခန့်အထိ ရှိနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒီကနေ့ မနက် ၇ နာရီမှာ ထုတ်ပြန်ခဲ့ပါတယ်။
“ရက္ခိုင်ပြည်တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းနေပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း နဲ့ မိုးသီးကြွေခြင်းစတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်လို့ ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုပါတယ်” လို့ ဖော်ပြထားပါတယ်။
အလားတူ ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးကာ မိုးသက်လေပြင်းကျရောက်စဥ်အတွင်း ရေပြင်/မြေပြင်လေဟာ တစ်နာရီကို ၃၅ မိုင်အထိ တိုက်ခတ်နိုင်တဲ့အပြင် လှိုင်းအမြင့်မှာလည်း ရက္ခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၁၀ ပေကနေ ၁၂ ပေခန့်အထိ ရှိနိုင်တယ်လို့လည်း ဆိုပါတယ်။
ဆက်လက်ပြီး ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့ အရှေ့အလယ်ပိုင်းတို့မှာ မုတ်သုံလေ အားကောင်းရာကနေ အားအလွန်ကောင်းနေပြီး ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းနေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဆက်လက် ဖော်ပြထားပါတယ်။
မိုးသန်းထန်စွာ ရွာသွန်းမှုကြောင့် ရက္ခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ရှောင်စခန်းအချို့ ရေနစ်မြှုပ်နေတာကြောင့် စစ်ရှောင်အိမ်ထောင်စု ၂၀၀ ကျော် အရေးပေါ် အကူအညီ လိုအပ်နေတယ်လို့လည်း သိရပါတယ်။