AA အပါ မြောက်ပိုင်း ၃ ဖွဲ့ ပြန်စဉ်းစားရမယ့် အနေအထားရှိ

အာရက္ခတိုင်းမ်စ် (၂၁ ဩဂုတ် ၂၀၂၅)

‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ဟာ လက်နက်နဲ့ ငွေကြေး မထောက်ပံ့ပေးတော့တဲ့အတွက် အာရက္ခ တပ်တော်အပါအဝင် မြောက်ပိုင်း ၃ ဖွဲ့ဟာ စစ်‌ရေးနဲ့ နိုင်ငံရေးလှုပ်ရှားမှုကို ပြန်စဉ်းစားရမယ့် အနေအထား ရှိကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဟာ ‘ဝ’ တပ်ဖွဲ့ရဲ့ ဘယ်အဖွဲ့အစည်းကိုမှ လက်နက်နဲ့ ငွေကြေးမထောက်ပံ့ပေးတော့ကြောင်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ၊ ကိုးကန့် တပ် MNDAA ၊ ရှမ်းပြည်တိုးတက်ရေးပါတီ-ရှမ်းပြည်တပ်မတော် (SSPP/ SSA) တပ်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီးနောက်  ဩဂုတ် ၂၀ ရက်မှာ အခုလို ထုတ်ပြန်ကြေညာခဲ့တာပါ။

‘ဝ’ တပ်ဖွဲ့ရဲ့ ဘယ်အဖွဲ့အစည်းကိုမှ လက်နက်နဲ့ ငွေကြေး မထောက်ပံ့ပေးမှုဟာ အာရက္ခတပ်တော်အပါအဝင် မြောက်ပိုင်းသုံးဖွဲ့အပေါ် အဓိက သက်ရောက်မှုရှိပြီး ကိုယ်ထူကိုယ်ထ စနစ်နဲ့ လက်နက်တွေကို ရှာနိုင်ပါက ဆက်တိုက်ကြမှာ ဖြစ်တယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ဒီဥစ္စာကတော့ အကုန်ခြုံပြီး ပြောလို့ရတယ်။ ဒီ သုံးဖွဲ့လုံးကတော့ သူတို့ ကိုယ်ထူကိုယ်ထ စနစ်နဲ့ သူတို့ ရှာနိုင်ရင်လည်း ဆက်တိုက်မှာပေါ့နော်။ တကယ်လို့ ကိုယ်ထူကိုယ်ထစနစ်နဲ့ လုပ်လို့မရဘူး။ ‘ဝ’ ဘက်လည်း အားကိုးလည်း မရဘူး။ တရုတ်ဘက်လည်း လုံးဝ အားကိုးလို့ မရဘူးဆိုရင်တော့ သူလည်း သူ့ရဲ့ စစ်ရေးလှုပ်ရှားမှုရော၊ နိုင်ငံ‌ရေးလှုပ်ရှားမှုရော ပြန်စဉ်းစားရမှာပေါ့။ စစ်ရေးချိုပြီးတော့မှ နိုင်ငံရေးပိုလာမလား အဲဒါပါပဲ” လို့ သူက ပြောပါတယ်။

UWSA ဒုဥက္ကဋ္ဌ က” ဝ” ပြည်နယ်သည် မည်သည့် လက်နက် နှင့် ကိရိယာကိုမျှ ပံ့ပိုးပေးတော့မည် မဟုတ်ကြောင်း၊ စစ်ရေးအရ လွယ်ကူချောမွေ့စေရေး၊ သို့မဟုတ် မည်သည့် အဖွဲ့အစည်းကို မည်သည့် အကြောင်းပြချက်၊ အချိန်မရွေး၊ မည်သည့် နေရာ၌ဖြစ်စေ ငွေကြေး အကူအညီ ပေးမည် မဟုတ်ကြောင်း ပြောဆိုခဲ့တာပါ။

ဒါ့အပြင် အခုဆုံးဖြတ်ချက်ကိုလည်း အများပြည်သူသို့ တရားဝင် ကြေညာမည်ဖြစ်ပြီး အဖွဲ့အစည်းများ အနေ ဖြင့် လက်နက်နှင့် စက်ကိရိယာများ၊ ငွေကြေး အကူအညီများ သို့မဟုတ် အခြား ထိုကဲ့သို့သော ကိစ္စရပ်များကို တောင်းဆိုခြင်းဖြင့် “ ဝ” ပြည်နယ်ကို ထပ်မံနှောင့်ယှက်ခြင်းမှ ရှောင်ကြဉ်ရန် အဖွဲ့အစည်းများအား တိုက်တွန်း အပ်ပါသည်လို့ ပြောထားပါတယ်။

ဒါပေမယ့် AA အပေါ် ဘယ်လောက် သက်ရောက်မှုရှိလဲဆိုတာ ခန့်မှန်းရခက်ပြီး AA ဟာ KIA ဆီကနေ လက်နက်တွေ ရနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်

“အများကြီး သက်ရောက်တာပေါ့။ အထူးသဖြင့်‌တော့ TNLA လည်း အများကြီး သက်ရောက်တယ်။ ကယားဘက်မှာရှိတဲ့ ကယား PDF တွေဘက်ကို အများကြီး သက်ရောက်တယ်။ နောက်တစ်ခုက AA ကို ဘယ်လောက်သက်ရောက်တယ်ဆိုတာ ခန့်မှန်းရခက်တယ်။ AA ကတော့ သူ့ရဲ့ ခေါင်းကိုင် ဖခင်ဖြစ်တဲ့ KIA ဆီက ရနိုင်တယ်။ အဲဒီတော့ များသောအားဖြင့်ကတော့ အထူးသဖြင့်က local မှာရှိနေတဲ့ PDF တွေ အများကြီး အခက်အခဲဖြစ်သွားမှာပေါ့။ အဓိကက ကျည်ဆံပဲ။ ကျည်ဆံမရှိဘူးဆိုရင် ကိုင်ထားတဲ့ သေနတ်တွေက အကျိုးမှ မဝင်တော့တာ။ အဲဒီတော့ ဘာမှအဓိပ္ပါယ်မရှိတော့ဘူး။ အရမ်းကို အကျိုးသက်‌ရာက်မှု ပြင်းထန်တာပေါ့။ သူတို့ နလန်ထူဖို့ မလွယ်တော့ဘူး” လို့ သူက ပြောပါတယ်။

ရှမ်းမြောက်က မြို့အများအပြားကို သိမ်းပိုက်နိုင်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးအပြီးမှာ ‘ဝ’ အနေနဲ့ ကိုးကန့်နယ်မြေဘက်ကို ကုန်စည်တွေမရောက်အောင် တင်းကျပ်ဖို့ တရုတ်က စပြီး ဖိအားပေးခဲ့တာပါ။ 

ဩဂုတ်လ အစောပိုင်းမှာလည်း စစ်ကောင်စီခန့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ‘ဝ’ ဒေသကို သွားခဲ့ပြီးနောက်ပိုင်း ရွေးကောက်ပွဲကျင်းပမယ့် မဲဆန္ဒနယ်စာရင်းမှာ ‘ဝ’ ဒေသက မြို့တွေကို ထည့်သွင်းကြေညာထားပါတယ်။ 

အဲဒီမြို့တွေမှာ ၂၀၁၀၊ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေတုန်းက ရွေးကောက်ပွဲ မကျင်းပခဲ့ပါဘူး။ 

Related posts

လေကြောင်းလိုင်းအားလုံး ပြည်တွင်း ခရီးစဉ်တွေရပ်နား

ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်ပွဲ တောင်ကုတ်တွင် ကျင်းပ

စစ်တွေထောင်ထဲတွင် ဆရာကြီး ဦးဦးသာထွန်း ကျဆုံးခြင်း (ဒုတိယပိုင်း)