AA ထိန်းချုပ်ထားတဲ့ မြို့ ၄ မြို့ ရွေးကောက်ပွဲ မကျင်းပတဲ့အထဲ မပါတာ ဘာကြောင့်လဲ

အာရက္ခတိုင်းမ်စ် (၁၇ စက်တင်ဘာ ၂၀၂၅)

စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ မကျင်းပဖြစ်တဲ့ မြို့နယ်တွေ ထုတ်ပြန်ကြေညာမှုမှာ လက်ရှိ အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ နယ်မြေတွေဖြစ်တဲ့ ပလက်ဝ အပါအဝင် ၁၅ မြို့နယ်ရှိတဲ့အထဲ ၁၁ မြို့နယ်သာ ပါဝင်ပြီး ကျန် ၄ မြို့နယ် မပါဝင်တာက ဘာကြောင့် ဖြစ်နိုင်လဲဆိုတဲ့အပေါ် သုံးသပ်မှုတွေ ရှိနေကြပါတယ်။

ရက္ခိုင်ပြည်ထဲ ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ မြို့နယ်တွေကတော့ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦးမြို့နယ်တို့အပြင် ပလက်၀မြို့နယ်တို့ ဖြစ်ကြပြီး အမ်း၊ တောင်ကုတ်၊ သံတွဲနဲ့ ဂွမြို့တို့ မပါဝင်ပါဘူး။

အာရက္ခတပ်တော် သိမ်းပိုက်ထားတဲ့ မြို့နယ် ၁၁ ခုမှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့ ကြေညာတာဖြစ်တဲ့အတွက် ကျန်မြို့နယ် (၄) ခုမှာ ကျင်းပမယ်ဆိုတဲ့ သဘောမျိုး ဖြစ်နေပါတယ်။

စစ်ကော်မရှင်ရဲ့ အုပ်ချုပ်ရေးပိုင်ဆိုင်ထားတဲ့ နယ်မြေမဟုတ်ဘဲ အာရက္ခတပ်တော် သိမ်းပိုက်ထိန်းချုုပ်ထားတဲ့ အဲဒီ ၄ မြို့နယ်မှာ စစ်ကော်မရှင်က ရွေးကောက်ပွဲ ကျင်းပမယ့်သဘောဟာ အချင်းချင်း စိတ်ဝမ်းကွဲစရာ၊ ရန်တိုက်ပေးတဲ့ သဘောမျိုးဖြစ်နေတယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ကိုယ့်နယ်မြေထဲမှာ ကိုယ်လည်း ထိန်းသိမ်းထားတဲ့ဟာ မဟုတ်ဘူး။ ကိုယ့်အုပ်ချုပ်ရေးလည်း အဲဒီနေရာမှာ မရှိဘဲနဲ့ သူများနယ်မြေထဲ သူများခြံထဲမှာ သွားပြီးတော့ ငါတို့ ဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုတဲ့ဟာကတော့ လက်တွေ့မဆန်ဘူးလို့ ပြောရမှာပေါ့။ ဘယ်သူက ယုံကြည်ပြီး ဒီထဲမှာ သွားပြီးတော့ ရွေးကောက်ပွဲ ဝင်မလဲ။ ရွေးကောက်ပွဲ ဘယ်သူက ကော်မရှင် သွားလုပ်မလဲ။ ဘယ်သူကနေပြီး အဲဒီမှာ မဲပုံးထောင်နေမလဲ။ ဘယ်ပါတီကရော အဲဒီမှာ ကိုယ်စားလှယ်လောင်း ရွေးလို့ရမလဲ။ ဒါကတော့ လက်တွေ့ဘဝနဲ့ အရမ်းကြီးကွာနေတယ် ဆိုတာမျိုးပေါ့။ အချင်းချင်း စိတ်ဝမ်းကွဲစရာ၊ ရန်တိုက်ပေးတယ်ဆိုတဲ့ဟာမျိုး ပြောရမလား။ ဒါဘယ်လိုမှ လက်တွေ့အနေနဲ့  ဘယ်လိုမှ မသင့်တော်တဲ့ မဖြစ်နိုင်တဲ့ဟာမျိုးလို့ပဲ ကျနော်ကတော့ ပြောချင်တယ်” လို့ သူက ပြောပါတယ်။

လက်ရှိ ရက္ခိုင်ပြည်မှာ စစ်ကော်မရှင် ဆက်လက် ထိန်းချုပ်ထားတဲ့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင် တို့မှာ ရွေးကောက်ပွဲပြုလုပ်သွားမှာဖြစ်တယ်လို့ ကြေညာထားပြီး ပြင်ဆင်ထားမှုတွေလည်း ပြုလုပ်နေပြီ ဖြစ်ပါတယ်။

စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ ကော်မရှင်က တိုင်းနဲ့ပြည်နယ် ၈ ခုက မြို့နယ် ၅၆ နေရာမှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့ စက်တင်ဘာ ၁၄ ရက်နေ့က ကြေညာခဲ့တာပါ။

အဲဒီနေရာတွေထဲမှာ စစ်အုပ်ချုပ်‌ရေး မကြေညာထားတဲ့ မြို့နယ်တချို့လည်း ပါဝင်လာတာ တွေ့ရပါတယ်။

ဒါ့အပြင် မြို့နယ် အများစုကတော့ စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတော့ဘဲ စစ်ရေး ပဋိပက္ခတွေ ပြင်းထန်နေတဲ့ နေရာတွေ ဖြစ်ပါတယ်။

အခုလို စစ်ကော်မရှင်ရဲ့ လက်ထဲမှာ ရှိမနေတဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲ ကျင်းပမယ့်ပုံစံ ထည့်သွင်းတာဟာ အာဏာရူးဖက်ဆစ်စစ်တပ်ရဲ့ အာဏာရူးတာကို မြင်ရတယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“သူတို့ အဲဒီနေရာကို သိမ်းပိုက်ထားလို့ သူတို့ နိုင်နိုင်နင်းနင်း ထိန်းထားတယ်။ သူတို့ အုပ်ချုပ်ရေးအာဏာ သက်ရောက်နေတယ်ဆိုရင်တော့ ရွေးကောက်ပွဲ လုပ်လို့ ရမှာပေါ့။ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင်တော့ သူတို့ အဲဒီလိုဟာမျိုးတွေ လုပ်မှပဲ ဖြစ်မယ်။ ဒါပေမယ့် အခုအခြေအနေမျိုးမှာ ကိုယ့်လက်ထဲမှာ မရှိတဲ့ဟာကို ခြိမ်းခြောက်သလိုနဲ့ ထည့်တဲ့ဟာကတော့ တော်တော် တကယ့် အာဏာရူးဖက်ဆစ်စစ်တပ်ရဲ့ အာဏာရူးတာကို မြင်ရတယ်ပေါ့” လို့ သူက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကော်မရှင်ဟာ ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဖြစ်တဲ့ ဒေါက်တာအေးမောင်ကို ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ အတွက် လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပါတယ်။

စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ အပိုင်း (၁) ဟာ မြို့နယ် ၁၀၂ ခုမှာ ပြုလုပ်မှာဖြစ်ပြီး ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်တဲ့အလျောက် အချို့ဒေသတွေမှာလည်း ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပြင်းထန်လျက် ရှိနေပါတယ်။

Related posts

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ