အာရက္ခတိုင်းမ်စ် (၇ နိုဝင်ဘာ ၂၀၂၆)
ရက္ခိုင်ပြည် မြောက်ဦးမြို့နယ်၊ နန်းကျားရွာကို စစ်ကောင်စီက နိုဝင်ဘာလ ၅ ရက် ည ၁၁ နာရီ ၂၈ မိနစ်ခန့်မှာ ဂျက်တိုက်လေယာဉ်တစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အာရက္ခတပ်တော် (AA) ရဲ့ သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
AA ရဲ့ ထုတ်ပြန်ချက်အရ ဒီတိုက်ခိုက်မှုမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၈ ဦး၊ စုစုပေါင်း ၁၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
နေအိမ်အဆောက်အအုံ ၄ လုံး၊ ကား ၁ စီး၊ ဆိုင်ကယ် ၁ စီး၊ အပ်ချုပ်စက် ၂ လုံးနဲ့ လူသုံးပစ္စည်းအချို့ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
AA က နိုဝင်ဘာလ ၃ ရက် နံနက် ၁ နာရီ ၅၇ မိနစ်ခန့်မှာလည်း ကျောက်တော်မြို့နယ်၊ မျှာလီကန်ကျေးရွာအနီးတဝိုက်ကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ ဗုံးကြဲခဲ့လို့ မျှာလီကန်ကျေးရွာ ဘုန်းကြီးကျောင်းအတွင်း ပေါင် ၅၀၀ ဗုံးတစ်လုံး ကျရောက်ပေါက်ကွဲပြီး ကျောင်းထိုင်ဆရာတော် ဗုံးစထိမှန်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဘုန်းကြီးကျောင်းဆောင်နဲ့ ကျောင်းခြံစည်းရိုးတွေ ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။