အာရက္ခတိုင်းမ်စ် (၂၉ စက်တင်ဘာ ၂၀၂၅)
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ထိန်းချုပ်ထားတဲ့ ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့နယ်က မိုးစဲကျွန်းကို စစ်တွေမြို့ရှိ စစ်ကော်မရှင်တပ်က လက်နက်ကြီးတွေနဲ့ ပစ်တဲ့အတွက် ကလေးငယ်တဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
မိုးစဲကျွန်းရှိ ကြက်ရိုးဆိပ်ကျေးရွာကို ယနေ့ နေ့လယ်တွင် စစ်ကော်မရှင်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အခုလို ဒဏ်ရာ ရရှိသွားတာလို့ ကြက်ရိုးဆိပ်ကျေးရွာသားတစ်ဦးက ဆိုပါတယ်။
“ တယောက်ကိုတော့ ဆေးရုံယူသွားတယ်လို့ ပြောတယ်။ လက်နက်ကြီးကတော့ တောက်လျောက်ပစ်နေတယ်။ တလုံးက ရွာထဲကို ကျတယ်။ နောက်တလုံးက တာဝါတိုင်နားကို ကျတယ်။ နောက်တလုံးကတော့ သင်္ချိုင်းနားကို ကျတယ်” လို့ အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။
ရက္ခိုင်ပြည်တွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ပြတ်တောက်နေတဲ့အတွက် သတင်းအတိအကျကို စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ဒါ့အပြင် ပလက်ဝမြို့ကိုလည်း ယနေ့ နေ့လယ်တွင် စစ်ကော်မရှင်လေတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသမီးနှစ်ဦးသေဆုံးပြီး (၁၉ )ဦး ဒဏ်ရာ ရရှိသွားပါတယ်။