စကမရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁၄ နှစ်အရွယ် ပရဟိတ လူငယ်တစ်ဦး သေဆုံး

အာရက္ခတိုင်းမ်စ် (၂၆ အောက်တိုဘာ ၂၀၂၅)

စစ်ကော်မရှင်က အာရက္ခပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကွန်းတောင် ကျေးရွာကို ဒီကနေ့ အောက်တိုဘာလ ၂၆ ရက်က လက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အသက် (၁၄) နှစ်အရွယ် ပရဟိတ လူငယ်တစ်ဦး သေဆုံးသွား တယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ ပရဟိတ လူငယ်က ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းမှာ အဖွဲ့ဝင် အဖြစ် လူမှုကူညီရေး အလုပ်တွေကို လုပ်ဆောင်နေတဲ့ အသက် (၁၄) နှစ်အရွယ် မောင်ဌေးအောင်ဟိန်း (ခ) ကိုလတ် ဖြစ်ပါတယ်။

မောင်ဌေးအောင်ဟိန်းက အောက်တိုဘာလ ၂၆ ရက်တွင် ပုဏ္ဏားကျွန်းမြိုနယ်၊ ကွန်းတောင်ကျေးရွာမှာ အရေးပေါ်လူနာ သွားယူဆောင်စဉ် စစ်ကော်မရှင်ရဲ့ လက်နက်ကြီးနဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ရက္ခိုင်က လူမှုရေးလုပ်ငန်းတွေ ကူညီဆောင်ရွက်ပေးနေတဲ့ စာရေးဆရာ ကိုဝေဟင်အောင်က “ ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ရွာသို့ လူနာသွားယူနေစဉ် အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ကြောင့် ကြွေလွင်သွားခဲ့ရသည်ဟု သိရှိရတဲ့အတွက် မိသားစုနဲ့ ထပ်တူ အထူးစိတ်မ ကောင်းဖြစ်ရပါတယ်” လို့ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

မောင်ဌေးအောင်ဟိန်းက အသက်ငယ်စဉ်ကတည်းပဲ ပရဟိတလုပ်ငန်းတွေ၊ လူမှုကူညီရေးအလုပ်တွေကို လုပ်ကိုင်နေသူတစ်ဦး ဖြစ်ပါတယ်။

စစ်ကော်မရှင်က ပုဏ္ဏားကျွန်းမြိုနယ်၊ ကွမ်းတောင် ကျေးရွာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး ဒရုန်းတွေနဲ့ပါ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားထိခိုက် ဒဏ်ရာ ရရှိမှုတွေလည်း ရှိပါတယ်။

Related posts

လေကြောင်းလိုင်းအားလုံး ပြည်တွင်း ခရီးစဉ်တွေရပ်နား

ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်ပွဲ တောင်ကုတ်တွင် ကျင်းပ

စစ်တွေထောင်ထဲတွင် ဆရာကြီး ဦးဦးသာထွန်း ကျဆုံးခြင်း (ဒုတိယပိုင်း)