အာရက္ခတိုင်းမ်စ် (၃၁ အောက်တိုဘာ ၂၀၂၅)
စစ်ရှုံးနေတဲ့ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် တရက်အတွင်း ရက္ခိုင်ပြည် မြို့နယ် ၅ မြို့နယ်က ပြည်သူ ၈ ဦးကို သေဆုံးစေပြီး ၂၂ ဦး ဒဏ်ရာရရှိစေခဲ့တဲ့ စစ်ကော်မရှင်ရဲ့ သူရဲဘောကြောင်တဲ့ လုပ်ရပ်ကို ရှုတ်ချတယ်လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်လာပါတယ်။
မနေ့က အောက်တိုဘာ ၃၀ ရက်နေ့ တရက်တည်းမှာပဲ ရက္ခိုင်ပြည်က စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ ကျောက်ဖြူမြို့နယ်တွေက အရပ်သားပြည်သူလူထုတွေရှိတဲ့ နေရာတွေကို ရေကြောင်း၊ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ သူရဲဘောကြောင် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ အရပ်သားပြည်သူလူထု ၈ ဦးသေဆုံးပြီး ၂၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တာ ဖြစ်ပါတယ်။
အဲဒါအပြင် ဒီကနေ့ အောက်တိုဘာ ၃၁ ရက်နေ့မှာလည်း ပုဏ္ဏားကျွန်းမြို့နယ် ပန်းနီလာရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၄ ဦး သေဆုံးပြီး ၁၀ ဦးမှာ ပြင်းထန်ဒဏ်ရာတွေနဲ့ စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေပါတယ်။
ရှမ်းမြောက်ဒေသမှာ ထိုးစစ်ဆင်နေတဲ့ စစ်ကော်မရှင်ဟာ တအာင်းတပ်နဲ့ အပစ်ခတ်ရပ်စဲမှု ပြုလုပ်ပြီးနောက်မှာ စစ်ဆင်ရေးနယ်မြေ ကျုံ့သွားတာကို အခွင့်ကောင်းယူပြီး အာရက္ခတပ်တော် AA ရဲ့ တပ်ဖွဲ့ဝင်တွေ ရှိတဲ့နေရာတွေအပြင် အာရက္ခပြည်သူတွေကို အဓိက ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေကို အရှိန်မြှင့် လုပ်ဆောင်လာနေတာ ဖြစ်ပါတယ်။
စစ်ရှုံးနေတဲ့ အကြမ်းဖက်စစ်ကော်မရှင်ဟာ ရှမ်းမြောက်အပါအဝင် မြန်မာနိုင်ငံ အနှံ့အပြားမှာ ကျင့်သုံးခဲ့တဲ့ ပြည်သူနဲ့ မြို့ရွာ၊ စာသင်ကျောင်း၊ ဈေး၊ ဆေးရုံ၊ ဆေးခန်းနဲ့ ဘုန်းတော်ကြီးကျောင်း၊ လူနေအဆောက်အအုံကြီးတွေကို သူရဲဘောကြောင်စွာ နေ့စဥ်ရက်ဆက် ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ နည်းလမ်းတွေနဲ့ အာရက္ခဒေသမှာ ကျင့်သုံးလာနိုင်တယ်လို့ အာရက္ခတပ်တော် AA က သတိပေးထားပါတယ်။
ဒါကြောင့် အာရက္ခပြည်သူတွေအနေနဲ့ အကြမ်းဖက် စစ်ကော်မရှင်ရဲ့ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေကို အရင်နေ့တွေထက် ပိုပြီး သတိထားကြဖို့နဲ့ စစ်ရေးသတိ အပြည့်အဝ နေ့ည အချိန်မရွေး ရှိကြဖို့ကိုလည်း အာရက္ခတပ်တော် AA က အထူးအလေးပေး တိုက်တွန်းထားပါတယ်။