အာရက္ခတိုင်းမ်စ် (၂၂ စက်တင်ဘာ ၂၀၂၆)
ရက္ခိုင်ပြည်မှာ ဘုရားပုထိုးတွေ ဘယ်လောက်ကြီးကြီး အားလုံးဟာ တောင်းဖူးဘုရားကြီးအောက်ကလို့ ဆိုရိုးစကား တင်စားလေ့ရှိကြတဲ့ သမိုင်းဝင် တောင်းဖူးဘုရားကြီးဟာ မနေ့က စက်တင်ဘာလ ၂၁ ရက်မှာ စစ်ကောင်စီလေတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကို ခံခဲ့ရပါတယ်။
စစ်ကောင်စီလေတပ်ဟာ စက်တင်ဘာလ ၂၁ ရက်၊ ညသန်းခေါင်ယံ ၁၂ နာရီခွဲမှာ တစ်ကြိမ်၊ မနက် အာရုံတက် ၅ နာရီ ၄၅ မိနစ်မှာ တစ်ကြိမ် ဗုံး ၂ လုံး ကြဲချခဲ့တာ ဖြစ်ပါတယ်။
ဝီရဌာနီ (ပေါက်တော) မြို့နယ်၊ တောင်းဖူးကျေးရွာမှာရှိတဲ့ ဒီဘုရားကြီး အနီးဝန်းကျင်ကို ဗုံးကြဲခဲ့တာကြောင့် အသက် ၃၄ နှစ်အရွယ် မဝင်းမြတ်အေးဟာ ဗုံးစထိမှန်ပြီး အခင်းဖြစ်တဲ့နေရာမှာပဲ သေဆုံးခဲ့ရသလို အသက် ၄၂ နှစ်အရွယ် ဒေါ်အေးခင်သိန်းလည်း ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် တောင်းဖူးကျေးရွာအနီးရှိ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ သမိုင်းဝင် တောင်းဖူးဘုရားကြီး အနီးတစ်ဝိုက်မှာ ဗုံးသီးတွေ ကျရောက်ပေါက်ကွဲခဲ့ပြီး တစ်ချိန်တည်းမှာပဲ စစ်တွေနဲ့ ဝီရဌာနီမြို့အစပ် ဒေသတွေမှာလည်း လက်နက်ကြီးပစ်ခတ်သံတွေအပြင် လေကြောင်း၊ ရေကြောင်း တိုက်ခိုက်မှုတွေ ရှိနေပါတယ်။
အလားတူ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်ကလည်း ဝီရဌာနီမြို့၊ ဆင်တက်မော်ရွာက မူဆလင်ရေလုပ်သားတွေဟာ စက်လှေ ၂ စီးနဲ့ စစ်တွေအနီး ပင်လယ်ပြင်ထဲမှာ ငါးဖမ်းနေတုန်း စစ်ကောင်စီ ရေတပ် (နေဗီ) က လက်နက်ကြီး/ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် စက်လှေတွေ မီးလောင်ပျက်စီးခဲ့ရပြီး ရေလုပ်သား ၈ ဦး ဖမ်းဆီးခံခဲ့ရသလို ကျန် ၈ ဦးကတော့ လွတ်မြောက်လာခဲ့ကြောင်း သိရပါတယ်။